၂၀၁၁ - ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့ညဟာ ပျော်ရွှင်ဖွယ်ကောင်းတဲ့ ညတစ်ညအဖြစ် သတ်မှတ် ထားကြပါတယ်၊ ပျော်ပျော်ရွှင်ရွှင်နဲ့ နှစ်သစ်ကို ကြိုဆိုခဲ့ကြလို့ပါပဲ၊ စာရေးသူတို့ နေတဲ့ မြို့မှာတော့ ည ၇ နာရီလောက်ကတည်းက မြစ်ကမ်းစပ်မှာ လူအများစုဝေးရောက်ရှိနေကြပါတယ်၊ တချို့ဆိုရင်လည်း တံတားတွေ ပေါ်မှာ စုဝေးနေကြပါတယ်၊ လက်တွေထဲမှာလည်း မီးရှူး မီးပန်းထုပ်များကို ကိုင်ဆောင်ထားကြပါတယ်။ ည ၁၂ ကျော်လို့၂၀၁၂ - ခုနှစ်ရဲ့ နှစ်သစ်ကို ကြိုဆိုကြဖို့ပါပဲ၊
စာရေးသူကိုလည်း ရင်းနှီးခင်မင်ကြသူများက သူတို့နဲ့ အတူ လိုက်ကြည့်ကြဖို့ လာခေါ်ကြတာနဲ့ လိုက်ကြည့်ဖြစ်ခဲ့ပါတယ်။ လမ်းပေါ်တွေ တံတားပေါ်တွေမှာ လူတွေပြည့်နေကြတယ်၊ ပြီးတော့လည်း မီးရှူး မီးပန်းများကို ပစ်လွှတ်ကြပါတယ်။ ရာသီဥတုကလည်း အလွန်အေးလှတဲ့အတွက် ဆီးနှင်းတွေကလည်း အုံ့ဆိုင်းလို့ နေပါတယ်။ ဆီးနှင်းတွေနဲ့အတူ မီးရှူး မီးပန်းများရဲ့ ရမ်းငွေ့တွေလည်း ဝေဟင်မှာ ပျံ့နှံ့လို့နေပါတယ်။ တစ်စုံတစ်ရာ ပြဿနာအခက်အခဲ မဖြစ်အောင်လည်း လုံခြုံရေးများလည်း ချထားပေးပါတယ်။ ညလုံးပေါက်နီးပါး မီးရှူး မီးပန်းများ ပစ်လွှတ်နေကြပါတယ်။

စာရေးသူတို့ရဲ့ မြန်မာဗုဒ္ဓဘာသာများကလည်း နှစ်သစ်ကို ဗုဒ္ဓဘာသာ ဓလေ့ထုံးစံနဲ့အညီ ကြိုဆိုခဲ့ကြပါတယ်။ ဗုဒ္ဓသာသနရံသီ အသင်းတိုက်မှာပဲ ကုသိုလ်ကောင်းမှုများလုပ်၍ နှစ်သစ်ကို ကြိုဆိုခဲ့ကြပါတယ်။ နှစ်ကူးရဲ့ နှစ်ဦးမင်္ဂလာလို့ပဲ ပြောရမှာပါပဲ။ နှစ်သစ်မရောက်ခင်ကတည်းက အလှူရှင် အလှူအမများက နှစ်သစ်ကူးမှာ ဧည့်ပရိသတ်များအား အုန်းနို့ခေါက်ဆွဲ လှူဒါန်းမယ်လို့ လျှောက်ထားခဲ့သဖြင့် ဧည့်ပရိသတ်များကို ဖိတ်မံပြီး အလှူအတန်းလည်းပြုလုပ်ရင်း ပဌာန်းပစ္စယနိဒ္ဒေသကို ရွတ်ဆိုပူဇော်ကြမယ်၊ ပြီးတော့ မင်းကွန်းတိပိဋကဓရ ဆရာတော်ကြီးရဲ့ မေတ္တာပို့နဲ့ အတူ ဆုတောင်း အမျှဝေကြမယ်လို့ စီစဉ်ခဲ့ကြပါတယ်။ စီစဉ်ခဲ့တဲ့အတိုင်း အလှူရှင် အလှူအမများကလည်း အုန်းနို့ခေါက်ဆွဲဖြင့် တည့်ခင်းဧည့်ခံလှူဒါန်းကြပါတယ်။ ပဌာန်းဒေသနာတော်နှင့် မေတ္တာပို့ ဆုတောင်းအမျှဝေခြင်းတို့ကိုလည်း ပြုလုပ်နိုင်ခဲ့ကြတဲ့အတွက် နှစ်သစ်ကူးရဲ့ နှစ်သစ်ဦး မင်္ဂလာကို ၀မ်းမြောက်ဝမ်းသာ ရယူနိုင်ခဲ့ကြပါတယ်။
ဘာသာရေးဆွေးနွေးပွဲ တက်ရောက်ဖို့ရှိတယ်လို့ အသင်းအမှုဆောင်များမှ ပြောပြဖူးပါတယ်။ သာမန်အစည်း အဝေးပွဲ လောက်ပဲထင်ထားမိတယ်၊ ပြီးတော့ ဘယ်မှာဆွေးနွေးမယ်ဆိုတာလဲ အတိအကျ မသိခဲ့သလို မေးလည်းမမေးဖြစ်ခဲ့ပါဘူး။ အစည်းအဝေးပွဲနီးတော့မှ သွားရမယ့်မြို့က မြူးချန်းမြို့၊ နိုင်ငံပေါင်းမြောက်မြားစွာမှ ဘာသာရေးခေါင်းဆောင် ၁၀၀၀ ကျော်တို့ တက်ရောက်ကြမယ်ဆိုတာ သိခဲ့ရတယ်။

တိုက်တိုက်ဆိုင်ဆိုင် အစည်းအဝေး စတင်ကျင်းပတဲ့ရက်ဟာ စက်တင်ဘာ ၁၁ ရက်၊ ဝေါထရိတ်စင်တာ ဖြိုချ ဖျက်ဆီးခံခဲ့ရတဲ့ နှစ်ပတ်လည်နေ့လည်း ဖြစ်နေခဲ့ပါတယ်။ ဒီအစည်းအဝေးပွဲကို အင်္ဂလန်နိုင်ငံမှ ဆရာတော် နှစ်ပါးနဲ့ စာရေးသူရယ်၊ ပြီးတော့ အသင်းအမှုဆောင် ကော်မတီ သုံးဦးရယ် အားလုံး (၆) ဦးတက်ရောက်ရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် အကြောင်းအမျိုးမျိုးကြောင့် အင်္ဂလန်နိုင်ငံမှ ဆရာတော် တစ်ပါးနဲ့ အသင်းအမှုဆောင် ဒကာ တစ်ဦးတို့ မတက်ရောက်နိုင်ခဲ့ပါဘူး။

စာရေးသူတို့နေထိုင်တဲ့ ဖရန့်ဖို့မြို့ကနေ မြူးချမ်းမြို့ကို ရထားနဲ့ သွားခဲ့ကြပါတယ်။ နေ့လည် တစ်နာရီခွဲ ရထားနဲ့ ထွက်ခွါခဲ့ကြပါတယ်။ မြူးချမ်းမြို့ကို ညနေ ၇း ၁၀ နာရီမှာ မြူးချမ်းမြို့ ဘူတာကြီးကို ရောက်ရှိခဲ့ပါတယ်။ ဘူတာကြီးမှာ စာရေးသူတို့အား အီတလီလူမျိုးတစ်ဦးမှ စောင့်ကြိုနေပါတယ်။ အဲဒီနောက် သူ့ရဲ့အစီအစဉ်နဲ့ တည်းခိုမည့် ဟိုတယ်ကို သွားခဲ့ကြပါတယ်။ ဟိုတယ်က ဧဒင်ဟိုတယ်ပါ၊ ဘူတာကြီးနဲ့ မျက်နှာချင်းဆိုမှာပဲ တည်ရှိပါတယ်။ အဲဒီဟိုတယ်မှာ စာရေးသူတို့အဖွဲ့ တည်းခိုဖို့ရန် ကြိုတင်စီစဉ်ထားပြီးလည်း ဖြစ်ပါတယ်။ွ

မြူးချမ်းမြို့ဟာ ဂျာမဏီနိုင်ငံရဲ့ ဒုတိယမြို့တော်ဖြစ်ပါတယ်။ လေ့လာလည်ပတ်စရာတွေ တော်တော်များများရှိတဲ့ မြို့ကြီးတစ်မြို့ပါ။ ရှေးဟောင်းသမိုင်းဝင် ခရစ်ယာန်ဘုရားရှိခိုးကျောင်း များစွာတည်ရှိတဲ့ မြို့လည်းဖြစ်ပါတယ်။ ဘာသာပေါင်းစုံ တွေ့ဆုံဆွေးနွေးပွဲကို ဥရောပနိုင်ငံတွေမှာ တစ်နှစ်ကို တစ်နိုင်ငံလှည့်ပြီး ကျင်းပပြုလုပ်လေ့ရှိပါ တယ်။ လာမယ့်နှစ်ကိုတော့ ဆာရေယေဗိုမြို့မှာ ကျင်းပပြုလုပ်မယ်လို့ အခမ်းအနားပိတ်သိမ်းတဲ့နေ့မှာ ကြေညာသွားခဲ့ပါတယ်။ ဘာသာပေါင်းစုံ ဆွေးနွေးပွဲကို ခရစ်ဘာသာရေးခေါင်းဆောင်များက ဦးစီးပြီး အကုန်အကျခံကာ ကျင်းပပြုလုပ်ပေးကြတာ ဖြစ်ပါတယ်။
ဗုဒ္ဓ သာသန ရံသီ အသင်း မိသားစုများ စုပေါင်း၍ ၀ါဆို သင်္ကန်း ဆက်ကပ်ပွဲကို ဂျာမဏီနိုင်ငံ၊ ဖရန့်ဖို့မြို့ Bornheim Saalbau ခန်းမမှာ ၂၄. ၀၇. ၂၀၁၁ ရက်နေ့တွင် ကျင်းပ ပြုလုပ် ခဲ့ကြပါတယ်။ အခမ်းအနားတွင် အင်္ဂလန်မှ သာသနရံသီ ဆရာတော်၊ ဖင်လန်မှ ဗုဒ္ဓ ဓမ္မရံသီ ဆရာတော် တို့လည်း ကြွရောက် ချီးမြှင့် ပေးခဲ့ ကြပါတယ်။ အခမ်းအနားမှာ စာရေးသူမှ အနု မောဒနာ တရား ဟောကြား ချီးမြှင့် ပေးခဲ့ရပါတယ်။ မြန်မာ ပြည်မှာ ကျင်းပပြုလုပ်သကဲ့သို့ ကျင်းပပြုလုပ်ကြတာကို တွေ့မြင်ရလို့ ၀မ်းသာကြည် နူးမှု ဖြစ်ခဲ့ရပါ သေးတယ်။ အခမ်းအနား ပြီးဆုံးတဲ့ အခါ ပရိသတ်များမှ ဘာသာရေးနှင့် ပတ်သက်၍ သိရှိ ချင်တာများကို မေးမြန်း လျှောက်ထားခဲ့ ကြပါတယ်။

မေးမြန်းကြတဲ့ မေးခွန်းများထဲမှ စာရေးသူအား မေးမြန်းတဲ့ မေးခွန်းက အရှင်ဘုရား ဘာဖြစ်လို့ ငယ်ငယ် ရွယ်ရွယ်နဲ့ သင်္ကန်း ၀တ်တာပါလဲ၊ အခြားသူများ ပျော်ရွှင်ကြသလို မပျော်ရွှင်ချင် ကြဘူးလားဆိုတဲ့ မေးခွန်း ပါပဲ။ အဲဒါကို ဖြေပေးပါတဲ့၊ သူသိချင် ပါတယ်လို့ လျှောက်ထား မေးမြန်းပါတယ်။ ဒီမေးခွန်း အမေးခံရတော့ မဇ္ဈိမ ပဏ္ဏာသ ပါဠိတော် (မ၊ ၂၊ ၂၄၅ - ၆) မှာ လာတဲ့ ရဋ္ဌပါလသတိုးသား အကြောင်း သတိရမိခဲ့တယ်။ ရဋ္ဌပါလ သတိုးသားလည်း ငယ်ငယ်ရွယ်ရွယ်နဲ့ သာသနာ့ဘောင် ၀င်ပြီး ရှင်၊ ရဟန်းပြုခဲ့ပါတယ်။ နောက်ပိုင်း တိုင်းပြည် အုပ်ချုပ် မင်းလုပ်တဲ့ ဘုရင် ကောရဗျနဲ့ တွေ့တဲ့အခါ ဘုရင် ကောရဗျကလည်း အခုလိုပဲ ငယ်ငယ်ရွယ်ရွယ်နဲ့ ဘာဖြစ်လို့ ရှင်၊ ရဟန်း ပြုရတာလဲဆိုတဲ့ အမေးကို ရှင်ရဋ္ဌပါလအား မေးမြန်းခဲ့ဖူးပါတယ်။ မေးမြန်းခဲ့ပုံချင်း တူပေမယ့် ဖြေပုံချင်းကတော့ မတူခဲ့ပါဘူး။

ငယ်ငယ်ရွယ်ရွယ် သင်္ကန်းဝတ်တာနဲ့ ပတ်သက်လို့ မေးတယ် ဆိုတာကလည်း အခမ်းအနားတွင် အသင်း အမှုဆောင် ဒကာတစ်ဦးမှ စာရေးသူရဲ့ အတ္ထုပ္ပတ္တိ အကျဉ်းကို ဖတ်သွားတဲ့ အတွက်ကြောင့် ကလေး ဘ၀ထဲက သင်္ကန်း ၀တ်ခဲ့တယ် ဆိုတာကို သိလို့ မေးတာ ဖြစ်မယ်လို့ ထင်ပါတယ်။ ပြီးတော့လည်း မေးမြန်းတဲ့သူက ငယ်ရွယ်သူ မိန်းကလေး တစ်ဦးပါ၊ သူကလည်း ငယ်ရွယ်စဉ်ထဲက ဂျာမဏီနိုင်ငံကို ရောက်နေတာဆိုတော့ သူ့ရဲ့ အတွေးအခေါ်တွေမှာ တော်တော်များများ အနောက်တိုင်း အတွေးအခေါ်တွေပဲ ပါဝင်နေတာကို သိရှိခဲ့ရပါတယ်။ ဥရောပဘက်မှာက ၁၈ နှစ်ကျော်ရင် ကိုယ်ပိုင် လွတ်လပ်ခွင့် အပြည့်ရှိနေပြီလေ၊ မိဘအုပ်ထိန်းမှု အောက်က လွတ်မြောက် သွားပြီ။ သူ့ကိုယ်ပိုင် ဆုံးဖြတ်ခွင့် ရှိနေပြီ၊ တားပိုင်ခွင့် မိဘတွေမှာ မရှိတော့ဘူး။ ဒါကြောင့်လည်း ဒီဘက်နဲ့ နှိုင်းယှဉ်ပြီး မေးမြန်းတာ ဖြစ်မယ်လို့လည်း ယူဆမိပါတယ်။

စာရေးသူ ငယ်စဉ် ကလေး ဘ၀ထဲက သင်္ကန်း ၀တ်ခဲ့တာဟာ မိဘများက ရှင်ပြုပေးခဲ့တဲ့ အတွက်ကြောင့်ပါ။ ဗုဒ္ဓဘာသာ ဓလေ့ထုံးတမ်း အစဉ်အလာ အရ ယောက်ျားလေး မှန်သမျှ ကလေးဘ၀မှာ မိဘများ ကိုးကွယ် ဆည်းကပ်ကြတဲ့ ဘုန်းကြီးကျောင်းမှာ ရှင်သာ မဏေ ပြုပေးလေ့ ရှိကြပါတယ်။ မိဘများကလည်း သူတို့ရဲ့ သားယောက်ျား ကလေးတွေကို ရှင်သာမဏေ ပြုပေးရမယ် ဆိုတဲ့ ဆန္ဒ သူတို့ရဲ့ ရင်ထဲမှာ အမြဲကိန်းဝပ်လျက် ရှိခဲ့ကြ ပါတယ်။ ရှင်သာမဏေ ပြုပေးလိုက်ရမှ သူတို့အတွက် တာဝန် ကျေတယ်လို့လည်း ယူဆထား ကြပါတယ်။ အဲဒါကြောင့် စာရေးသူလည်း ငယ်ငယ် ရွယ်ရွယ် ကလေးဘ၀မှာ သင်္ကန်းဝတ် ခဲ့ရခြင်း ဖြစ်ပါတယ်၊ သင်္ကန်းဝတ်ပြီးတဲ့ အခါမှာလည်း အနည်းဆုံး ခုနစ်ရက်ခန့် ၀တ်ကြရပါတယ်။ မပျော်လို့ လူဝတ်လဲလိုပါက လဲနိုင်ပြီး၊ ပျော်ရင်လည်း ပျော်သလောက် ဆက်ဝတ်လေ့ ရှိကြပါတယ်။ သင်္ကန်းဝတ် ရခြင်းနဲ့ ပတ်သက်လို့ သိနားလည်၍ ၀တ်ခဲ့ခြင်း မဟုတ်ပါ၊ သင်္ကန်းဝတ်စဉ် အခါမှာလည်း ဆရာဘုန်းကြီးရဲ့ တိုင်ပေးတာကို နောက်က လိုက်ဆိုပြီး ၀တ်ခဲ့တာပါပဲ။ ဘာကြောင့်ပဲ ၀တ်ခဲ့ရ ၀တ်ခဲ့ရ အဲဒီလို အလှူအတန်းပြုလုပ်ပြီး ၀တ်ပေးလိုက် ရတာကိုပဲ ရှင်သာမဏေရော၊ မိဘများ ဆွေမျိုးများပါ ပျော်ရွှင်ဝမ်းမြောက် နေကြတာကို တွေ့မြင် သိရှိခဲ့ရ ပါတယ်။ အဲဒီနောက် ဆရာဘုန်းကြီးမှ ဘာသာရေး အခြေခံ စာပေတွေကို တစ်စတစ်စ သင်ကြား ပေးခဲ့ပါတယ်။

အခြေခံစာပေများ အတန်အသင့် ရှိလာတဲ့အခါ သင့်ရာအပ်ပို့ ဆရာတို့ ဆိုတဲ့ ဆရာတို့ရဲ့ ၀တ္တရား အတိုင်း သင့်တော်မည့် နေရာကို ဆက်လက် ပို့ဆောင်ပေးပြီး ပညာရည်နို့ သောက်စို့ စေခဲ့ပါတယ်။ အဲဒီလိုနဲ့ အဆင့်ဆင့် စာပေ ကျမ်းဂန် ပညာရပ်များကို အတိုင်းအတာ တစ်ခုထိ သင်ယူခဲ့ပါတယ်။ သင်ယူပြီးတဲ့ အခါ ပျော်ရွှင်ချင်တဲ့ စိတ်ကို ဦးစားမပေးဘဲ သင်ယူ တတ်မြောက်ထားတဲ့ ပညာရပ်များကို ပြန်လည် ပို့ချပေးချင်၊ ဖြန့်ဖြူးပေးချင်တဲ့ ဆန္ဒတွေ ဖြစ်ပေါ်ခဲ့ပြီး အဲဒီဘက်ကိုပဲ ဦးစားပေးခဲ့ပါတယ်။ တစ်နည်းအားဖြင့် ပြောရမယ်ဆိုရင် ပရဟိတ စိတ်ဓာတ်၊ သာသနဟိတ စိတ်ဓာတ်များ ဖြစ်ပေါ်လာခဲ့ပါတယ်။ ဒါဟာလည်း မိဘ ဆရာ သမားများရဲ့ လမ်းညွှန်မှုရယ် ၊ ပင်ကိုယ် စိတ်ဓာတ်ရယ် တို့ကြောင့်လို့ ထင်မြင်မိပါတယ်။ အဲဒါကြောင့် ဆက်လက်ပြီး သာသနာ့ တာဝန်များကို စွမ်းနိုင်သမျှ ထမ်းဆောင်နေခြင်း ဖြစ်တဲ့အကြောင်း ဖြေကြားခဲ့ရပါတယ်။
ဗုဒ္ဓသာသန ရံသီ အသင်းဟာ ဂျာမဏီ နိုင်ငံ၊ ဖရန့်ဖို့မြို့ရဲ့ စည်ကား သည့် နေရာလို့ သတ်မှတ် လို့ရတဲ့ နေရာတွင် တည်ရှိပါတယ်။ သာယာ အေးချမ်းတဲ့ နေရာလည်း ဖြစ်သလို အပန်းဖြေ အနားယူရန် ကောင်းတဲ့ နေရာလည်း ဖြစ်ပါတယ်။ နံနက် စောစောဖြစ်စေ၊ ညနေပိုင်းဖြစ်စေ အနားယူ အပန်းဖြေ လမ်းလျှောက် ထွက်ရန် အလွန် သင့်လျော် လှပါတယ်။


အသင်း တိုက်ဟာ မြစ်ကမ်း အနီးတွင် တည်ရှိပါတယ်။ မြစ်ကမ်းခြေ တစ်လျှောက် ဂျာမဏီ မြို့သူ၊ မြို့သား အများအပြား နေ့စဉ် အပန်းဖြေကြ၊ အပြေး လေ့ကျင့်ကြ၊
စက်ဘီး စီးကြနဲ့ ကျန်းမာ ရေးနဲ့ အညီ လေ့ကျင့်ခန်း လုပ်လို့ အကောင်းဆုံး နေရာလည်း ဖြစ်ပါတယ်။ အချို့ ဆိုရင် အပျော်တန်းစီး လှေများ ငှားရမ်း ပြီး လှေလှော် ထွက်ကြ တာဟာလည်း ပျော်ရွှင် ကြည်နူးမှုကို ဖြစ်စေ သကဲ့သို့ ကိုယ်လက် လှုပ်ရှားမှုကို ဖြစ်စေပါတယ်။ ဖရန့်ဖို့ ဖြစ်ကမ်းပေါ်တွင် တံတား အစင်းပေါင်း များစွာကိုလည်း တည်ဆောက် ထားပါတယ်။ တံတားပေါင်း များစွာအနက် ဤတံတားဟာ သမိုင်းဝင် တံတား တစ်စင်းဖြစ်ပါတယ်။ ဒုတိယ ကမ္ဘာစစ် ဖြစ်ခဲ့ပြီး နောက်ပိုင်းမှာ ရုရှားအစိုးရမှ တည်ဆောက် ပေးထားတဲ့ တံတားဖြစ်ပါတယ်။ ကျန်တဲ့ တံတားများ အားလုံးဟာ အသစ် တည်ဆောက်ထားတဲ့ တံတားတွေချည်းပါပဲ။

ဖရန့်ဖို့မြို့ရဲ့ မြစ်ဆိုပေမယ့် မြန်မာ ပြည်က မြစ်များလို အကျယ်ကြီး မဟုတ်ပါ၊ မြန်မာပြည်က ချောင်းတွေ လောက်ပဲ ရှိပါတယ်။ သို့သော် သန့်ရှင်းမှု သပ်ရပ်မှုက အလွန်ပဲ ကွာခြားလှပါတယ်။ မြစ်ကမ်း တစ်လျှောက် ကတ္တရာလမ်း ခင်းပေးထားပြီး အနားယူ အပန်းဖြေရန်လည်း ထိုင်ခုံများ စီစဉ် ပေးထားပါတယ်။ ရေပေါ် စားသောက် ဆိုင်များကိုလည်း ဖွင့်လှစ် ရောင်းချ ပေးထားပါတယ်။ ဂျာမန် လူမျိုးတွေဟာ ခွေးကလေးများ ငှက်ကလေးများကို ချစ်ခင်ကြတာကို တွေ့မြင်ရပါတယ်။ မြစ်ကမ်းခြေ တစ်လျှောက်မှာ ခွေးကလေးများနဲ့ လမ်းလျှောက် ထွက်ကြတယ်။ ပြီးတော့ ရေဘဲများကို အစားကျွေး မွေးလေ့လည်း ရှိကြတယ်။ အခုရာသီဟာ နွေရာသီဖြစ်လို့ ရေဘဲငှက်များကို လာရောက်လွှတ်ပေးထားတာ ဖြစ်ပြီး ဆောင်းရာသီရောက်တဲ့အခါမှာ ရေဘဲငှက်များ အားလုံးကို ဖမ်းပြီး နွေးထွေးတဲ့ နေရာတွေ ထားပေးကြတယ်လို့ သိရပါတယ်။ ဒီက နွေရာသီဆိုပေမယ့် မြန်မာပြည်က ဆောင်းရာသီလောက် အေးနေပါ သေးတယ်။

အခုအချိန်မှာ ဂျာမဏီ နိုင်ငံ၊ ဖရန့်ဖို့မြို့ရဲ့ ရာသီဥတုဟာ အကောင်းဆုံး အချိန်လို့ ပြောလို့ရပါတယ်။ အအေး သက်သာတဲ့ အချိန်ဖြစ်လို့ပါပဲ။ နွေရာသီ အချိန်လို့ ဆိုကြပေမယ့် မိုးလည်း မကြာမကြာ ရွာလေ့ရှိပါတယ်။ နေထိုင်လို့ အကောင်းဆုံး အချိန်လည်း ဖြစ်ပါတယ်။ ၁၀ လပိုင်းရောက်ရင် ဆောင်းရာသီကို ရောက်မှာပါ၊ အဲဒီ အချိန်ဆိုရင် အပြင်မထွက်ချင် လောက်အောင် အေးလွန်းတဲ့အတွက် တိုက်ခန်းတွေထဲမှာ အနွေးပေး စက်တွေ အမြဲ ဖွင့်ထား ရတယ်၊ ဆီးနှင်း တွေကလည်း ထူထပ်စွာ ကျလေ့ ရှိတယ်လို့ သိရပါတယ်။ နံနက် စောစော ဒကာတစ်ဦးနှင့် အတူ လမ်းလျှောက်ထွက်ရင်း ဒကာ ပြောပြသမျှ အမှတ်တရ မှတ်တမ်း တင်ထား လိုက်ခြင်းဖြစ်ပါတယ်။


စာရေးသူ အိန္ဒိယ နိုင်ငံမှ မြန်မာ နိုင်ငံသို့ ပြန်ရောက်ပြီးနောက် ဂျာမဏီ နိုင်ငံသို့ ကြွရောက်ရန် ရန်ကုန်မြို့ရှိ ဂျာမဏီ သံရုံးတွင် ဗီဇာ လျှောက်ထား ခဲ့ရပါတယ်။ ဗီဇာရ ပြီး၍ ဂျာမဏီသို့ မကြွ ရောက်ခင် ဇာတိမြို့သို့ ပြန်ခဲ့ ပါတယ်။ စာရေးသူ ငယ်စဉ်က ပညာရည်နို့ သောက်စို့ ခဲ့တဲ့ မိခင် ကျောင်းတိုက်သို့ ပြန်ခဲ့ခြင်း ဖြစ်ပြီး ဆရာတော်နှင့် မိဘတို့အား အသိပေး လျှောက်ထားရန် အတွက် ဖြစ်ပါတယ်။ ဆရာတော်အား ဂျာမဏီနိုင်ငံသို့ စာရေးသူ ကြွရောက်ရမည့် အကြောင်း လျှောက်ထားရင်း ဂျာမဏီမှ ပင့်ဖိတ်သည့် စာကို ပြသခဲ့ပါတယ်။ ဆရာတော်မှ စာရေးသူအား ကြွရောက်ရမည့် ရက်ကို မေးမြန်းခဲ့ပါတယ်။ အဲဒီနောက် စာရေးသူအား ရန်ကုန်မှ ဦးရှုအောင် + ဒေါ်အေးအေးဝင်း မိသားစုတို့ သိက္ခာထပ် ပေးမည့် အကြောင်း မိန့်ကြားပါတယ်။ ဂျာမဏီသို့ မကြွခင် သိက္ခာထပ် အလှူတော် မင်္ဂလာကို ကွမ်းခြံကုန်းမြို့၊ ဓမ္မိကာရုံ ပရိယတ္တိ စာသင်တိုက်တွင် ကျင်းပ ပြုလုပ်ခဲ့ပါတယ်။




မေတ္တာ ဖွံ့ဖြိုးရေး ဖောင်ဒေးရှင်းမှ အလှူရှင် ဦးလွင်သိန်း + ဒေါ်တင်အေး၊ ဒေါ်အေးအေးဝင်း၊ ဒေါ်စန်းစန်းနုတို့ သိက္ခာထပ်ရန် သင်္ကန်း ပရိက္ခရာများ ဆက်ကပ်နေစဉ်









မေတ္တာ ဖွံ့ဖြိုးရေး ဖောင်ဒေးရှင်း ဒကာမကြီး ဒေါ်တင်အေးနှင့် အတူ နေ့ဆွမ်း ဆက်ကပ်နေစဉ်




ဖရန့်ဖို့မြို့၊ ဗုဒ္ဓသာသန ရံသီတွင် သီတင်းသုံးရန် အသင်း အမှုဆောင် များက ပင့်ဖိတ်ခဲ့ကြ သဖြင့် ဂျာမဏီနိုင်ငံ၊ ဖရန့်ဖို့မြို့သို့၊ မလေးရှား အဲယားလိုင်းဖြင့် ထွက်ခွါခဲ့ ပါတယ်။ ဂျာမဏီ နိုင်ငံသို့ ရန်ကုန်မှ မလေးရှားသို့ ဦးစွာ ထွက်ခွါခဲ့ပြီး မလေးရှားမှ တစ်ဆင့် ဖရန့်ဖို့မြို့သို့ ဆက်လက် ထွက်ခွါခဲ့ ရပါတယ်။ မလေးရှား လေဆိပ်တွင် ဖရန့်ဖို့သို့ ပျံသန်းထွက်ခွါမည့် လေယာဉ် စောင့်ဆိုင်း နေစဉ် ဖရန့်ဖို့မြို့တွင် နေထိုင်တဲ့ မြန်မာပြည်မှ ဒကာ တစ်ဦးနဲ့ ဆုံတွေ့ခဲ့ပြီး ဒကာနဲ့ အတူ ဖရန့်ဖို့မြို့သို့ ထွက်ခွါခဲ့ပါတယ်။ ဒကာရဲ့ နာမည်က ဦးတင်ထွန်းပါ။ ဒကာ ဦးတင်ထွန်းရဲ့ အကူအညီဖြင့်လည်း အစစအရာရာ အဆင်ပြေ ချောမွေ့ခဲ့တဲ့ အတွက် အထူးပင် ကျေးဇူးတင် ခဲ့ရပါတယ်။



ဗုဒ္ဓသာသနရံသီ အသင်း အမှုဆောင် ဦးသိန်းယု၊ ဦးတင်ထွန်း တို့နှင့် ဂျာမဏီနိုင်ငံ၊ ဖရန့်မြို့၊ ဖရန့်ဖို့ လေဆိပ်တွင် တွေ့ဆုံခဲ့ ကြစဉ်က အမှတ်တရ





အသင်း အမှုဆောင် ဦးသိန်းယု၊ ကိုအောင်ဇေယျ (ခ) ကိုဖိုးလပြည့်တို့ ဖရန့်ဖို့ လေဆိပ်တွင် ကြိုဆိုခဲ့စဉ်က အမှတ်တရ

ဝိသိဋ္ဌ ဥဘတောဝိဘင်္ဂဓရဘွဲ့၊ သာသနဓဇဓမ္မာစရိယဘွဲ့၊ သာမဏေကျော်ဘွဲ့၊ ၀ိနယ၀ိဒူဘွဲ့၊ ၀ိသိဋ္ဌအင်္ဂုတ္တရ၀ိဒူဘွဲ့များရ အရှင်ပညာဓဇာလင်္ကာရ အား ရေးစပ်ပူဇော်သည့် ရှစ်ဆယ်ပေါ်တေးထပ်

· ပိဋကတ်တော် စာသဘင်ပွဲ

· ဆင်ကာနွှဲဖို့ နေ့ညစဉ်

· ရည်သန်ဇွဲ မြတ်အရှင်မှာ

· အောင်ပွဲဝင် ဂုဏ်ရည်နှင်း

· ဓမ္မိကာရုံတိုက် တပည့်လိမ္မာ

· အသိပညာ ထွန်းတောက်လာခြင်း။

v ခက်ခဲလှ အဆင့်မြင့်ပညာ

v ဖူးပွင့်ဝေဆာ အရှင်သား

v ထူးတင့်ဂုဏ်ဖြာ ပြိုင်ယှဉ်ရှားပါလို့

v ဇာနည်တစ်ပါး အောင်ပွဲဆင်

v ၀ိနည်းဒေသနာ အာဂုံကျက်

v ဥာဏ်စွမ်းထက်သည့် အာဂ … အရှင်……….

Ø ၀ိသိဋ္ဌနှင့် ဂုဏ်ထူးဝင်

Ø ကွမ်းခြံတစ်ခွင် ကျော်ကြား

Ø ပရိယတ်နယ်တွင် ခန့်ငြားပါလို့

Ø ထင်ရှားမည့် ဘွဲ့များပိုင် … ရှင်…….

Ø အရှင်ပညာဓဇာလင်္ကာရ ဂုဏပူဇာ

Ø ကျောင်းတိုက်သာသနာ မော်ကွန်းတင်ဖို့လေး ……..

Ø ဥဘတောဝိဘင်္ဂဓရ အရှင့်ပညာ

Ø နေလပမာ ထွန်းပနိုင်ဖို့လေး……

အရှင်ပညာဝံသ (ကွမ်းခြံကုန်း)

My Photo Album

Labels

article (38) home (2) photo (2) video (1)
Myspace Clocks, Flowers Clocks at WishAFriend.com

Get the Twitter Widget widget and many other great free widgets at Widgetbox! Not seeing a widget? (More info)

Labels