အလှူကောင်းမှု ပြုလုပ်ကြတဲ့အခါ နည်းတာ များတာထက် လွဲမှာ မှားမှာကို သတိပြုရပါမယ်၊ တစ်နည်းအားဖြင့် အနည်းအများထက် အလွဲအမှား မဖြစ်ဖို့ ပိုအရေးကြီးပါတယ်၊ မိမိသူတစ်ပါး နှစ်ဦးသားတို့ရဲ့ အပေါ်မှာ ချမ်းသာသုခပြည့်ဝစေချင်တဲ့ စိတ်ဆန္ဒတွေ၊ ၀ဋ်ဒုက္ခမှ လွတ်မြောက်လိုတဲ့ စိတ်ဆန္ဒတွေ ရှေ့ထားပြီး ပြုလုပ်ကြမယ်၊ ပကာသန မဖက်သော၊ ကြွားဝါလိုမှု မရှိသော ကောင်းမှု အလှူမျိုးဖြစ်အောင်လည်း ကြိုးစားကြမယ်ဆိုရင် မလွဲသော အလှူ၊၊ မမှားသော အလှူဖြစ်လို့ စိုးရိမ်စရာ မလိုတဲ့အလှူလည်း ဖြစ်သွားပါတယ်။
နောက်ပြီး မြတ်ဗုဒ္ဓရဲ့ ဒေသနာတော်အရ ကောင်းမှုအလှူဟာ သံသရာဝဋ်ဆင်းရဲ အတွင်းမှာ ကျင်လည်ရသောအလှူ (၀ဋ္ဋနိဿိတ ဒါန)၊ သံသရာဝဋ်မှ လွတ်မြောက်သောအလှူ (၀ိဝဋ္ဋနိဿိတ ဒါန) ရယ်လို့ နှစ်မျိုးရှိပါတယ်။ တစ်နည်းအားဖြင့် ဒါကိုပဲ လူချမ်းသာ၊ နတ်ချမ်းသာ၊ ဗြဟ္မာချမ်းသာကိုသာ တောင့်တသော အလှူ နဲ့ နိဗ္ဗာန် ချမ်းသာကိုသာ တောင့်တသော အလှူလို့လည်း ဆိုနိုင်ပါတယ်။
သံသရာထဲမှာ ကျင်လည်စဉ်အတွင်း ချမ်းသာချင် ထင်ပေါ်ကျော်ကြားချင်လို့ ကောင်းမှုပြုမယ် ဆိုရင် ကျင်လည်ရတဲ့ ဘ၀တိုင်း၊ ဖြစ်လေရာဘ၀တိုင်းမှာ ချမ်းသာသုခနဲ့ ပြည့်စုံမှု စသည်ကို မလွဲဧကန် အမှန်ပဲ ရရှိကြမှာပါ၊ ဒါပေမယ့် နိဗ္ဗာန်ဆိုတဲ့ နန်းမြို့တော်ကိုတော့ လှူဒါန်းခဲ့တဲ့ အလှူက အကျိုး ဖြစ်စေနိုင်ခဲ့မှာ မဟုတ်ပါဘူး၊ သာမန်အားဖြင့် ကြည့်မယ်ဆိုရင် အလှူ ဒါနဟာ ဖြစ်လေရာ ဘ၀တိုင်း ချမ်းသာသုခကို ပေးစွမ်းနိုင်တာ မှန်သော်လည်း ဥာဏ်မျက်စိနဲ့ ကြည့်တဲ့အခါ မွေး အို နာ သေ ဆိုတဲ့ ဆင်းရဲဒုက္ခက မလွတ်မြောက်သေးတဲ့အတွက် ချမ်းသာစစ် ချမ်းသာမှန်ကို ပေးစွမ်းတယ် ပြောလို့ မရနိုင် သေးပါ။ မိမိပြုခဲ့တဲ့ ဒါနကုသိုလ်ဟာ မဂ်ဖိုလ် နိဗ္ဗာန်ကိုမှ အထောက်အပံ့ မပေးဘူးဆိုရင် အဲဒီအလှူဟာ ဖြစ်လေရာ ဘ၀ဆက်တိုင် မွေး အို နာ သေ ဆိုတဲ့ ဆင်းရဲဒုက္ခကို ခံစားရပါစေလို့ ကောင်းမှုပြုပြီး တောင်းဆုပြုသလို ဖြစ်နေမှာပါပဲ။ မည်သည့် ဒါန ကောင်းမှုမျိုးကိုပဲ ပြုလုပ်သည်ဖြစ်ပါစေ မွေး အို နာ သေဆိုတဲ့ ဘေးဒုက္ခတို့မှ လွတ်ကင်းရာမှန် မြတ်နိဗ္ဗာန်ရဲ့ အထောက်အပံ့ ဖြစ်ပါစေလို့ စိတ်မှာညွတ်ပြီး ပေးလှူရပါမယ်၊ ဒါဆိုရင် မြတ်သောအလှူလည်း ဖြစ်သလို ၀ိဝဋ္ဋနိဿိတ ဒါန (သံသရာဝဋ်မှ လွတ်မြောက်သော အလှူ) မျိုးလည်း ဖြစ်သွားပါတယ်၊ ဒီလိုအလှူမျိုးဟာ နည်းပေမယ့် မလွဲသောအလှူ၊ များပေမယ့် မမှားသော အလှူမျိုးပါပဲ၊ ဒါကြောင့်လည်း ကောင်းမှုကုသိုလ်ပြုလုပ်တိုင်း ဣဒံ မေ ပုညံ နိဗ္ဗာနဿ ပစ္စယော ဟောတု လို့ ဆရာတော် သံဃာတော်များက မိန့်ဆိုပေးခဲ့ကြတာ ဖြစ်ပါတယ်။
ဗုဒ္ဓဘာသာဝင် သူတော်စင်များ ကြားဖူးနားဝရှိနေတဲ့ ဥမ္မာဒန္တီ အမျိုးသမီးဟာ အတိတ်ဘ၀က ပစ္စေကဗုဒ္ဓါ အရှင်မြတ်ကို အ၀တ်လှူဒါန်းခဲ့ပြီး ဖြစ်လေရာဘ၀တိုင်း ရုပ်ရည်လှပပါစေ၊ မြင်သမျှ အမျိုးသားတိုင်း ရူးသွပ်ပါစေလို့ ကောင်းမှုပြုရင်း တောင်းဆုပြုခဲ့ပါတယ်၊ အဲဒီကောင်းမှု တောင်းဆုတွေ ကြောင့် ရုပ်ရည်လှပပြီး၊ မြင်သမျှ အမျိုးသားများလည်း ရူးသွပ်စေခဲ့ရပါတယ်၊ ဘယ်လောက်ပဲ ရုပ်ရည်လှပပါစေ အဲဒီအလှက အိုမှု နာမှု သေမှုဘေး ဒုက္ခကိုတော့ မကာကွယ်နိုင်ခဲ့သလို လှူဒါန်းခဲ့တဲ့ ကောင်းမှုဟာလည်း မဂ်ဖိုလ် နိဗ္ဗာန်ရဲ့ အထောက်အပံ့လည်း မဖြစ်စေခဲ့ပါဘူး၊ ဒီအလှဟာလည်း ထာဝရအလှမဟုတ်ဘဲ တဒင်္ဂအလှမျှသာ ဖြစ်ပါတယ်၊ အကယ်၍သာ အဲဒီဘ၀က သစ္စာလေးပါးကို သိပါရစေလို့သာ ကောင်းမှုတွေ ပြုရင်း တောင်းဆုတွေပါချွေခဲ့မယ်ဆိုရင် လှလည်းလှ သစ္စာတရားကိုလည်း ထိုးထွင်းသိမြင်ရလို့ အလှနဲ့ ဆန္ဒ တစ်ထပ်တည်းကျခဲ့မှာပါ။ နောက် စူဠသုဘဒ္ဒါလည်း ပစ္စေကဗုဒ္ဓါ အရှင်မြတ်အား ကြာပန်းများလှူပြီး သစ္စာဓမ္မကို သိပါရစေလို့ တောင်းဆုမချွေဘဲ အမုန်းမာန်ရဲ့ လှည့်စားမှုကြောင့် ဆဒ္ဒန်ဆင်မင်းရဲ့ အစွယ်ကို နားတောင်းပန်ပါရစေလို့ ကောင်းမှုပြုရင်း မှားယွင်းစွာနဲ့ တောင်းဆုချွေခဲ့ဖူးပါတယ်၊ အဲဒီကောင်းမှုရဲ့ တောင်းဆုကြောင့် ဆဒ္ဒန်ဆင်းမင်းကို သတ်ခိုင်းပြီး ဆင်စွယ်ကို ရတဲ့အခါမှာ သောက ပရိဒေ၀ ဒုက္ခတွေ ခံစားရကာ သေပွဲဝင်ခဲ့ရရှာပါတယ်၊ ဒါတွေဟာ ကောင်းမှုနည်းလို့ များလို့ မဟုတ်ဘဲ တောင်းဆုလွဲလို့ မှားလို့ ဆိုးကျိုးခံစားရတဲ့ သာဓကတွေပါပဲ၊ အဲဒါကြောင့် ကောင်းမှုပြုတဲ့ အခါတိုင်း နည်းတာ များတာထက် လွဲမှာ မှားမှာကို စိုးရတယ်လို့ ဆိုရတာပါ။
မြတ်ဗုဒ္ဓလက်ထက်ကပဲ ပုဏ္ဏာဆိုတဲ့ အမျိုးသမီး တစ်ဦး ပင်ပင်ပန်းပန်း လုပ်ကိုင်ရင်း ရရှိလာတဲ့ မုန့်အနည်းငယ်ကို မြတ်ဗုဒ္ဓ အား ဆက်ကပ်လှူဒါန်း ကောင်းမှုပြုရင်း အရှင်ဘုရားတို့ သိတော်မူ ရတော်မူ ဆိုက်တော်မူတဲ့ သစ္စာလေးပါး တရားတော်ကို သိမြင်ပါရစေဘုရားလို့ တောင်းဆုပြုခဲ့ပါတယ်၊ အဲဒီနောက် မြတ်ဗုဒ္ဓရဲ့ တရားဒေသနာကို ကြားနာရတဲ့အခါ သောတာပန်အဖြစ်ကို ဆိုက်ရောက်သွားခဲ့ပါတယ်၊ ကောင်းမှုနည်းပေမယ့် တောင်းဆုမလွဲခဲ့တဲ့အတွက် ကောင်းမှုရဲ့အကျိုး အစစ်အမှန်ကို ရရှိခဲ့တဲ့ သာဓက ဖြစ်ရပ်ပါ။
ဒါကြောင့် မည်သည့်ကောင်းမှုမျိုးကို ပြုလုပ်သည်ဖြစ်ပါစေ ကောင်းမှုအနည်း အများထက် တောင်းဆု အလွဲအမှား မဖြစ်ဖို့ရန် အထူးအရေးကြီးလှကြောင်းနဲ့ နည်းတာ များတာထက် လွဲမှာ မှားမှာ စိုးရတယ်မျိုး မဖြစ်ရလေအောင် ကောင်းမှုကံပြုတိုင်း တောင်းဆုမှန်ကန်ဖို့ရန် အသိသတိယှဉ်သင့်ပါ ကြောင်း တင်ပြလိုက်ရပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ။

0 comments:

Post a Comment

My Photo Album

Labels

article (38) home (2) photo (2) video (1)
Myspace Clocks, Flowers Clocks at WishAFriend.com

Get the Twitter Widget widget and many other great free widgets at Widgetbox! Not seeing a widget? (More info)

Labels