ဒီရက်ပိုင်းမှာ ကျောင်းဒကာ၊ ဒကာမတွေ စုပေါင်းပြီး ကျောင်းသန့်ရှင်းရေးတွေပြုလုပ်ကြပါတယ်၊ ဒကာတွေက ကျောင်းဆောင်အမိုးဆေးကြောပြီး ဆေးသုတ်ဖို့ရန် ဆောင်ရွက်ကြသလို၊ ဒကာမများက လည်း မြက်ပင်များ၊ ပန်းပင်များ၊ အမှိုက်များ စသည်တို့ကို ပြုပြင်ကြ၊ သန့်ရှင်းကြပါတယ်။ တက်တက်ကြွကြွ လည်း ပါဝင်ဆောင်ရွက်ကြပါတယ်။ ကျောင်းဆောင်အမိုးများ ရေညှိများတက်နေတဲ့အတွက် သန့်ရှင်းရေး  လုပ်ပြီး ပြန်လည်ဆေးသုတ်ကြမှာပါ၊ ကျောင်းစတင်တည်ထောင်တဲ့ ၂၀၀၇ - ခုနှစ်ကပဲ ကျောင်းအမိုးများကို ဆေးကြော သန့်ရှင်း ဆေးသုတ်ခဲ့ပြီး၊ အခုမှ သန့်ရှင်းရေး ပြန်လုပ်ကြတာ ဖြစ်ပါတယ်။ သူတို့တွေ သန့်ရှင်း ရေးတွေလုပ်ကြ၊ ကျောင်းဝေယျာဝစ္စများ လုပ်ကိုင် ဆောင်ရွက်နေကြတာကို ကြည့်ရင်း ငယ်စဉ်က ကျောင်းနဲ့ပတ်သက်တဲ့ ဝေယျာဝစ္စများ ဆောင်ရွက်ခဲ့ကြရပုံ၊ ဥပဇ္ဈာယ်ဆရာတော်ကြီး၏ သြ၀ါဒ ချီးမြှင့်ခဲ့ပုံ တွေကို အမှတ်ရခဲ့ပါတယ်။
          ကလေးဘ၀ ကျောင်းနေစဉ်ကစ၍ နေ့စဉ် ကျောင်းမတက်ခင် ကျောင်းသား ကျောင်းသူများ အားလုံး စုပေါင်းပြီး အမှိုက်လှည်းခြင်း၊ သောက်ရေအိုးများ ရေဖြည့်ခြင်း၊ ဘုရားပန်းအိုးများ ပန်းလဲခြင်း၊ ဘုရားဝတ်တက်ခြင်းတို့ကို ပြုလုပ်ခဲ့ကြရပါတယ်။ စည်းကမ်းတစ်ရပ်၊ တာဝန်တစ်ရပ်အနေနဲ့ သတ်မှတ် ထားပြီး ပြုလုပ်ကြရတာလည်းဖြစ်ပါတယ်။ အတန်းကျောင်းများမှာသာ ပြုလုပ်ကြရသည်မဟုတ် ဘုန်းတော် ကြီးကျောင်းများတွင်လည်း နေ့စဉ် နံနက် ဆွမ်းခံပြန်လာပြီးတိုင်း ကျောင်းရဲ့ သေနာသန၀တ်တို့ကို ပြုလုပ် ကြရပါတယ်။ သန့်ရှင်းသပ်ရပ်မှုဟာ မြင်ရသူတို့ရဲ့ စိတ်နှလုံးကို အေးချမ်းစေတယ်၊ ကြည်လင်စေပါတယ်။ ကျန်းမာရေးရှုထောင့်ကနေကြည့်မယ် ဆိုရင်လည်း ကျန်းမာရေးကို များစွာအထောက်အကူပြုပါတယ်။
          စာရေးသူဟာ ဘုန်းတော်ကြီးကျောင်းနဲ့ နီးစပ်မှုရှိလေတော့ ဆရာဘုန်းကြီးတွေရဲ့ ဆုံးမသြ၀ါဒကို မကြာခဏ နာယူခွင့်ရခဲ့ပါတယ်။ ဆရာဘုန်းကြီးက သေနာသန၀တ်လို့ဆိုရတဲ့ ကျောင်းနဲ့ပတ်သက်တဲ့ လုပ်ငန်းဆောင်တာများကို ဆောင်ရွက်တဲ့အခါ စေတနာပါပါနဲ့ ဆောင်ရွက်သင့်ကြောင်း၊ ဥာဏ်ပညာကို ထက်မြက်စေကြောင်း၊ ဘုရားသာသနာနဲ့ ကြုံတွေ့ခွင့်ရပြီး ပြုခွင့်ရတဲ့ ကောင်းမှုတွေဟာ တန်ဖိုးမဖြတ်နိုင် ကြောင်း ငါတို့ချည်းပဲ ဆောင်ရွက်နေရတယ်လို့ မမှတ်ယူဘဲ၊ လယ်တီဆရာတော်တို့ရဲ့ ထုံးကို နှလုံးမူပြီး ဆောင်ရွက်သင့်ကြောင်း ဤကဲ့သို့ မိန့်ကြားတော်မူခဲ့ပါတယ်။
          ပရိယတ်၊ ပဋိပတ်အရာမှာ လိမ္မာကျွမ်းကျင်တော်မူတဲ့ လယ်တီဆရာတော်ကြီးဟာ နေ့စဉ် အမှိုက်လှဲခြင်း၊ သောက်ရေ သုံးရေတည်ထားခြင်း၊ ကုဋီရေများ ဖြည့်ထားခြင်းတို့ကို ပြုလုပ်လေ့ရှိပါတယ်။ ၀တ်ထားပြီး နံနက်စောစောထ၍ ပြုလုပ်လေ့ရှိပါတယ်။ တပည့် ကြီးငယ်တို့က နေ့စဉ်နေ့တိုင်း အမှိုက်များ သန့်ရှင်းနေခြင်း၊ သောက်ရေအိုးများ ပြည့်နေခြင်း စသည်တို့ကို တွေ့မြင်ရတဲ့အတွက် ဘယ်သူများ နေ့စဉ်ပြုလုပ်နေလဲဆိုတာ သိချင်တာနဲ့ စုံစမ်းတဲ့အခါ လယ်တီဆရာတော်ဘုရားကြီး ကိုယ်တော်တိုင် ဆောင်ရွက်နေတယ်ဆိုတာကို သိခဲ့ရပါတယ်။ ဆရာတော်ကြီးကို ဤအမှုများ မပြုလုပ်ရန်နဲ့ တပည့်များ ပြုလုပ်ပါမည့်အကြောင်း လျှောက်ထားကြပါတယ်။ ဆရာတော်ကြီးက သူ့ရဲ့ လက်တွေ ခြေတွေဟာ တစ်သံသရာလုံး သားကျွန် မယားကျွန်တွေပဲ ဖြစ်ခဲ့ရတာပါ၊ အခုမှ ဘုရားရှင်ရဲ့ သာသနာတော်နဲ့ ကြုံတွေ့ခွင့်ရလို့ သာသနာရဲ့ကျွန် ဖြစ်ခွင့်ရတာ၊ သာသနာတော်နဲ့ စပ်တဲ့ ကောင်းမှုပြုခွင့်ရတာကို မတားကြ ပါနဲ့လို့ တပည့်များကို မိန့်ကြားခဲ့ပါတယ်။
          လေးစားလိုက်နာပြုမူ မှတ်သားသင့်တဲ့ သြ၀ါဒပါပဲ၊ မှန်ပါတယ်၊ ဘုရားရှင်ရဲ့ သာသနာတော်နဲ့ တွေ့ကြုံဖို့ဆိုတာ တော်ရုံတန်ရုံ ကောင်းမှုနဲ့တွေ့ကြုံဖို့ဆိုတာ မလွယ်လှပါ၊ မလွယ်လှလို့လည်း မြတ်စွာ ဘုရားက ဗုဒ္ဓုပ္ပါဒေါ ဒုလ္လဘော = ဘုရားဖြစ်ဖို့ရန်၊ ဘုရားရှင်ရဲ့ သာသနာတော်နဲ့တွေ့ကြုံဖို့ရန် ခဲယဉ်းတယ်လို့ မိန့်တော်မူခဲ့တာပါ။ အကယ်၍ တွေ့ကြုံခဲ့ရင်လည်း မိမိက ဗုဒ္ဓဘာသာ အဖြစ်ကို ရရှိနေမှပါ၊ ဘာသာခြားဖြစ် နေခဲ့မယ်ဆိုရင်လည်း သာသနာတော်နဲ့ ဆက်စပ်တဲ့ ကောင်းမှုတွေ ပြုနိုင်ဖို့ မလွယ်ကူလှပါဘူး၊ တစ်နည်းအားဖြင့် သားကျွန် မယားကျွန်အဖြစ်သာခံယူနေကြရမှာဖြစ်ပြီး သာသနာ့ကျွန် အဖြစ် ခံယူနိုင်ဖို့ ခဲယဉ်းမှာ ဖြစ်ပါတယ်။ သားကျွန် မယားကျွန်ဆိုတာ လယ်တီဆရာတော်ဘုရားကြီး မိန့်တော်မူခဲ့သလို တစ်သံသရာလုံးတွေ့ကြုံခဲ့ပြီး၊ တွေ့ကြုံနေဆဲ ဖြစ်တဲ့အတွက် ဘုရား သာသနာတော်နဲ့ တွေ့ကြုံဆဲ အခိုက် အတန့်လေးမှာ သားကျွန် မယားကျွန်အဖြစ်သာမကဘဲ သာသနာ့ကျွန်လို့ခေါ်ဆိုရတဲ့ သာသနာတော်နဲ့ ဆက်စပ်တဲ့ ကောင်းမှုတွေကို ကြိုးစားပြုမူရင်း အသိဥာဏ်ရင့်သန် မြင့်မြတ်တဲ့ သူတော်ကောင်းများဖြစ် အောင် ကြိုးစားသင့်လှပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ။

0 comments:

Post a Comment