၁၅. ၈. ၂၀၁၅ ရက်နေ့မှာ Skjeng မြို့တွင် နေထိုင်ကြတဲ့ ကိုသက်လွင်ဦး + မနုလှိုင်ထွေး ဇနီးမောင်နှံတို့ နေအိမ်မှာ ဗုဒ္ဓါဘိသေက ဘုရားအနေကဇာတင်ပွဲနှင့် ၀ါဆိုသင်္ကန်းကပ်လှူပွဲ ကျင်းပပြုလုပ် ခဲ့ပါတယ်။ အဲဒီ Skjeng မြို့သို့ ဗုဒ္ဓရံသီအသင်း မိသားစုအချို့နဲ့ အတူ ကြွသွားခဲ့ပါတယ်၊ ရောက်တယ်ဆိုရင်ပဲ သီဟာသနပလ္လင်မြတ်ပေါ်မှာ သပ္ပါယ်စွာသီတင်းသုံး စမ္ပာယ်တော်မူနေတဲ့ ဗုဒ္ဓဆင်းတုတော်မြတ်ကို ဗုဒ္ဓါဘိသေက ဘုရားအနေကဇာတင်ခြင်း ကောင်းမှုမင်္ဂလာ ပြုလုပ်ပါတယ်၊ အဲဒီနောက် မြတ်စွာဘုရား အမှူးထား၍ ဆွမ်းခဲဖွယ်များ ဆက်ကပ်လှူဒါန်းခြင်း၊ ဧည့်ပရိသတ်များ အားလည်း ကျွေးမွေးဧည့်ခံခြင်း၊ ရှစ်ပါးသီလဆောက်တည်၍ ၀ါဆိုသင်္ကန်းနှင့်တကွ လှူဒါန်းဖွယ်ဒါတဗ္ဗ ၀တ္ထုအစုစုတို့ကို ဆက်ကပ်လှူဒါန်းခြင်း၊ ပရိတ်တရားတော်များ၊ အနုမောဒနာ တရားတော်များကို နာယူခြင်း ကုသိုလ်ကောင်းမှုများကိုပြုကြ၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှအတန်းများ ပေးဝေခဲ့ ကြပါတယ်။
ပရိတ်တရားတော်များကို နာယူပြီးသောအခါ အလှူရှင်မိသားစုများနှင့် တရားနာပရိသတ်များအား အနုမောဒနာ တရားစကားအနေဖြင့် ဘုရားရှင်အားနေ့စဉ် ရှိခိုးပူဇော်ကြဖို့ရန်နှင့် အပါယ်မကြောက် ခုနစ်ယောက်ဆိုတဲ့ တရား ချီးမြှင့်ခဲ့ပါတယ်။ ဘုရားရှင်ဂုဏ်တော်တွေကို နေ့စဉ်ပူဇော်သင့်ပုံတွေကို မစိုးရိမ် ဆရာတော်ဘုရားကြီးရဲ့ လင်္ကာဆောင်ပုဒ် (၆) ခုကို မှီငြမ်းပြုပြီး ရှင်းပြခဲ့ပါတယ်။
၁။ နေ့စဉ်နေ့တိုင်း နံနက်အိပ်ရာမှနိုးတဲ့အခါမှာပဲဖြစ်စေ၊ ညအိပ်ရာဝင်တဲ့အခါမှာပဲဖြစ်စေ ဘုရားရှင်ရဲ့ ဂုဏ်တော်တွေကို ရွတ်ဖတ်ပူဇော်ဖို့ရန်နှင့် အနန္တောအနန္တငါးပါးတို့ကို အမြဲတမ်းရှိခိုး ပူဇော်ကြဖို့ရန် လိုအပ်လှတဲ့အတွက် ပထမစာပိုဒ်အနေနဲ့ ဆရာတော်ဘုရားကြီးက (နေထွက်နေ၀င် ကိုးဂုဏ်ရှင် နေ့စဉ်ရှိခိုးမယ်၊ အနန္တငါး ဂုဏ်တော်များ ညွတ်တွားကန်တော့မယ်) လို့ စပ်ဆိုခဲ့ပါတယ်။
၂။ နေ့စဉ်အိပ်ရာမှ နိုးတဲ့အခါ မျက်နှာမသစ်ခင် မိမိမျက်နှာသစ်မယ့်ရေဟာ ကြည်လင်အေးမြ သလို မိမိနှင့်တကွ အားလုံးသောသတ္တ၀ါတွေလည်း ကြည်လင်အေးမြကြပါစေဆိုတဲ့ မေတ္တာဘာဝနာ ကမ္မဋ္ဌာန်း ပွားများကြရပါမယ်၊ မျက်နှာသစ်နေရင်းနဲ့လည်း မိမိခန္ဓာကိုယ်ဟာ တစ်နေ့ထက် တစ်နေ့၊ တစ်လ ထက် တစ်လ၊ တစ်နှစ်ထက်တစ်နှစ် အိုမင်းရင့်ရော်လာပုံတွေကို သတိထားဆင်ခြင်ဖို့ လိုအပ်ကြောင်းတို့ကို ဒုတိယစာပိုဒ်အနေနဲ့ (မျက်နှစ်သစ်လျှင် ရေကိုမြင် မြင်စဉ်မေတ္တာပွားပါ့မယ်၊ သစ်ရင်းသစ်ရင်း လျော့ယိုယွင်း ရုပ်ဆင်းသတိထားပါ့မယ်) လို့ စပ်ဆိုခဲ့ပြန်ပါတယ်။
၃။ မိမိနဲ့ အလုပ်အကိုင် စီးပွားဥစ္စာ ရာထူးဌာနန္တရ စသည်တူကြတဲ့သူတွေနဲ့ တွေ့ကြဆုံကြတဲ့ အခါ ပြိုင်ဆိုင်ချင်တဲ့စိတ်တွေ ပုထုဇဉ်တို့ အလျောက် ဖြစ်ပေါ်လာတတ်ပါတယ်၊ အဲဒီလိုဖြစ်ပေါ်လာတဲ့ အခါမှာ မေတ္တာစိတ်လေးဖြစ်အောင် မိမိစိတ်ကို မွေးမြူတတ်ဖို့အရေးကြီးပါတယ်၊ အကယ်၍ မေတ္တာစိတ် တွေ မမွေးနိုင်ဘူးဆိုရင် ပြိုင်ဆိုင်ချင်တဲ့ စိတ်တွေ ဖြစ်ပေါ်လာတတ်တဲ့အတွက် တတိယစာပိုဒ်အနေနဲ့ ( တန်းတူတွေ့လျှင် မေတ္တာဝင် မ၀င်နိုင်က ပြိုင်တတ်တယ် ပြိုင်မယ့်အစား မေတ္တာပွား စိတ်ထားပြုပြင် ပြောင်းပါ့မယ်) လို့ စပ်ဆိုခဲ့ပြန်ပါတယ်။
၎။ ကိုယ့်ထက် စီးပွားရေး၊ ကြီးပွားရေး၊ ပညာရေး ရာထူးဌာနန္တရ စသည်နိမ့်ကျတဲ့သူတွေနဲ့ တွေ့တဲ့အခါမှာ ကရုဏာထားပြီး ကြင်နာစွာပြုမူဆက်ဆံတတ်ဖို့ ကူညီနိုင်တဲ့အနေအထားရှိရင် အကူအညီတွေပေးဖို့ အရေးကြီးပါတယ်၊ အကယ်၍ ကရုဏာမှ မထားနိုင်ဘူးဆိုရင် မာန်တတ်မဲတတ် အနိုင်ကျင့်တတ်တဲ့အတွက် စတုတ္ထစာပိုဒ်အနေနဲ့ (ကိုယ့်အောက်နိမ့် လျှင် ကရုဏာဝင် မ၀င်နိုင်က နိုင်တတ်တယ် နိုင်မယ့်အစား ကရုဏာပွား စိတ်ထားပြုပြင်ပြောင်းပါ့မယ်) လို့ စပ်ဆိုခဲ့ပါတယ်။
၅။ ကိုယ့်ထက် အစစအရာရာ ကြီးပွားတိုးတက်နေတဲ့သူတွေ တွေ့မြင်ရတဲ့အခါ ၀မ်းမြောက် ၀မ်းသာဖြစ်ကြဖို့ အရေးကြီးပါတယ်၊ အကယ်၍ ၀မ်းမြောက်ဝမ်းသာဆိုတဲ့ မုဒိတာမှ မဖြစ်ဘူးဆိုရင် မနာလိုမှု ဣဿာတရားတွေ ၀င်လာတတ်တဲ့အတွက် ပဉ္စမစာပိုဒ်အနေနဲ့ ( ကိုယ့်ထက်သာလျှင် မုဒိတာဝင် မ၀င်ဣဿာ ယိုင်တတ်တယ် ယိုင်မယ့်အစား မုဒိတာပွား စိတ်ထားပြုပြင် ပြောင်းပါ့မယ်) လို့ စပ်ဆိုခဲ့ပြန်ပါတယ်။
၆။ များသောအားဖြင့် လူတွေဟာ ရုပ်ပိုင်းလှပဖို့ကိုပဲ ငွေကုန်ကြေးကျတွေ အကုန်ခံကာ ပြင်ဆင်နေကြပြီး မိမိတို့ရဲ့ စိတ်ဓာတ်လေးတွေကိုတော့ ပိုပြီးတော့လှအောင် ပိုပြီးတော့ ယဉ်ကျေးအောင် ဆိုပြီး ပြင်ဆင်တဲ့သူက အလွန်ပဲနည်းပါးလှပါတယ်၊ သူတော်ကောင်းတို့ရဲ့အမြင် ပညာရှင်များရဲ့ အမြင်က ရုပ်ကိုလည်း လှပအောင် နေ့စဉ်ပြင်ဆင် ချယ်သပြုပြင်နေကြသလို စိတ်ကိုလည်း တစ်နေ့ထက်တစ်နေ့ ယဉ်ကျေးအောင် လိမ္မာလာအောင် ပြင်ဆင်ကြဖို့လိုအပ်တယ်လို့ ရှုမြင်ကြပါတယ်။ အဲဒီလိုပြင်ဆင်ကြမှ သာလျှင် နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ကြမှာလည်း ဖြစ်ကြောင်းကိုလည်း ဆဋ္ဌမစာပိုဒ်အနေနဲ့ (ရုပ်ကိုလည်းပြင် စိတ်လည်းပြင် ပြင်ဆင်တိုင်းလှ ပြုတိုင်းရ သုခနိဗ္ဗာန်တိုင်လိမ့်မယ်) လို့ စပ်ဆိုခဲ့ပါတယ်။ အဲဒီနောက် ၀ါဆိုသင်္ကန်းနဲ့ ပတ်သက်ပြီး …..
တိသရဏ ငါးပဉ္စ မဲချစာရေးတံ၊
ပိဏ္ဍပတ်ဆွမ်း၊ ၀ါသင်္ကန်း၊ လှူဒါန်းသောက်ရေကန်၊
ကျောင်းလှူတစ်ဝ၊ နိဗဒ္ဓ ပုညရှိသူမှန်၊
သောတာလိုပဲ ဂတိမြဲ သူလည်းပါယ်မပြန် ဆိုတဲ့အတိုင်း သရဏဂုံသုံးပါး ဆောက်တည်ထားကြတဲ့သူ၊ ငါးပါးသီလ လုံခြုံအောင်စောင့်ထိန်းကြတဲ့သူ၊ စာရေးတံမယ် လှူဒါန်းတဲ့သူ၊ လဆန်း လဆုတ်ဆွမ်းခဲဖွယ်စသည် လှူဒါန်းကြတဲ့သူ၊ ၀ါဆိုသင်္ကန်းလှူဒါန်းကြတဲ့သူ၊ ရေတွင်းရေကန် လှူဒါန်းထားကြတဲ့သူ၊ ကျောင်းအလှူအတွက် လှူဒါန်းကြတဲ့သူတွေဟာ သောတာပန်နဲ့ အလားတူတဲ့ သူတွေ အပါယ်ဘေးမှ ကင်းဝေးစေနိုင်သူတွေဖြစ်တဲ့အတွက် အပါယ်မကြောက် ခုနစ်ယောက် စာရင်းထဲဝင်တဲ့သူတွေပါပဲ။ အဲဒါကြောင့် အလှူရှင် အလှူအမ မိသားစုများနှင့်တကွ တရားနာပရိသတ်များအားလုံး အပါယ်ဘေးမှ ကင်းဝေနိုင်ကြပြီး မဂ်ဖိုလိနိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ကြတဲ့ သူတော်ကောင်း သူမြတ်လောင်းများ ဖြစ်ကြပါစေလို့ ဆုတောင်းပတ္ထနာ ပြုခဲ့ပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ။

0 comments:

Post a Comment

My Photo Album

Labels

article (38) home (2) photo (2) video (1)
Myspace Clocks, Flowers Clocks at WishAFriend.com

Get the Twitter Widget widget and many other great free widgets at Widgetbox! Not seeing a widget? (More info)

Labels