Posted by
Pannavamsa
/ 7:36 AM /
စာရေးသူ Viva Voce ကိစ္စများပြီးတဲ့နေ့မှာပဲ ဆရာကြီးက သူ့ရဲ့အိမ်ကို အလည်လိုက်ရန် ဖိတ် ပါတယ်။ အားတဲ့တစ်ရက်ရက်မှ ကြွမယ့်အကြောင်း ပြောပြီး Thesis Section မှ အသီးသီး လမ်းခွဲပြီး ပြန်လာခဲ့ကြပါတယ်။ မတ်လ ၁၁ ရက်နေ့မှာတော့ ဆရာကြီးနဲ့ တက္ကသိုလ်မှာ ဆုံဖြစ်ခဲ့ပါတယ်။ မတ်လ ၁၂ ရက်နေ့ သူအိမ်ကို ဆွမ်းစားကြွဖို့ ဖိတ်မံပါတယ်။ သူ့အိမ်သို့ လာရမယ့် လိပ်စာကိုလည်း ရေးပေးခဲ့ပါတယ်။
ဆရာကြီးပေးတဲ့ လိပ်စာအတိုင်း ၁၂ ရက်နေ့မှာတော့ ဆရာကြီးအိမ်ကို ကြွဖြစ်ခဲ့ပါတယ်။ ဆရာကြီးရဲ့အိမ်က တက္ကသိုလ်နဲ့ တော်တော်ဝေးလှပါတယ်။ ရထားတစ်တန်၊ ကားတစ်တန်နဲ့ သွားရပါ တယ်၊ ၂ နာရီလောက်ကြာအောင် သွားခဲ့ရပါတယ်။ ဗုဒ္ဓဘာသာတို့ရဲ့ ထုံးစံအရ ဆွမ်းစားလို့ ပြောရပေ မယ့် ဆရာကြီးက ဟိန္ဒူဘာသာဝင်ဖြစ်တဲ့အတွက် သူတို့ ထုံးစံအရ ထမင်းစားဖိတ်မံခြင်းလို့ ပြောရမှာ ပါပဲ။ ဆရာကြီးနေတဲ့ အိမ်ကလည်း ဟိန္ဒူဘာသာဝင်များအတွက် သီးသန့်ဖွင့်လှစ်ထားတဲ့ ကောလိပ် ကျောင်းဝန်းထဲမှာပါ။ သရက်ပင်၊ ပိန္နဲပင် စတဲ့ သစ်ပင်ကြီးများနဲ့ အုံ့ဆိုင်းနေတဲ့ ကောလိပ် ကျောင်းဝန်းကြီး တိတ်ဆိတ်ငြိမ်သက်နေတဲ့ ကျောင်းဝန်းကြီး အရိပ်အာဝါသ အလွန်ကောင်းတဲ့ ကျောင်းဝန်းကြီးပါပဲ။ ကောလိပ်ကျောင်းဝန်းအတွင်းမှာပဲ ဟိန္ဒူဘုရားကျောင်းကြီးကို ခန့်ငြားထည် ၀ါစွာ ဆောက်လုပ်ထားပါတယ်။ စာရေးသူကို ရောက်ရောက်ချင်း ဟိန္ဒူဘုရားကျောင်းသို့ ခေါ်သွားပြီး သူတို့ ဟိန္ဒူဘုရားနဲ့ ပတ်သက်တာတွေကို ရှင်းပြပါတယ်၊ စာရေးသူကလည်း စိတ်ဝင်စားတဲ့ အကြောင်းနဲ့ ငယ်စဉ်ကတည်းက ဟိန္ဒူဘာသာနဲ့ ပတ်သက်တာတွေကို လေ့လာခဲ့ဖူးကြောင်း၊ သင် လည်း သင်ခဲ့ရကြောင်းတို့ ပြန်ပြောပြခဲ့ပါတယ်။ ဆရာကြီးက ဟိန္ဒူဘုရားကျောင်းသို့ စာရေးသူကို ခေါ်သွားပေမယ့် ဓာတ်ပုံမရိုက်ရန်တော့ မေတ္တာရပ်ခံခဲ့တယ်။ ဘာကြောင့်ဆိုတာတော့ စာရေးသူလည်း မမေးဖြစ်ခဲ့သလို သူကလည်း မပြောပြခဲ့ပါဘူး။ သူတို့ရဲ့ Rule အရလို့ပဲ ပြောရမလား၊ ဒါမှ မဟုတ် မသင့်တော်ဘူးလို့ထင်လို့လားတော့ မသိပါဘူး။
စာရေးသူ ဘုံဘေတက္ကသိုလ်သို့ စရောက်တဲ့ နှစ်က ဗုဒ္ဓဂယာဒေသကို ရောက်ခဲ့ပါတယ်။ ရောက်တုန်း ဂယာမှာရှိတဲ့ မဂဓတက္ကသိုလ်၊ ဗာရာဏသီမှာရှိတဲ့ B H U တက္ကသိုလ်တို့ကို ရောက်ခဲ့ပါ တယ်။ B H U တက္ကသိုလ်ရောက်တော့ သူငယ်ချင်းက တက္ကသိုလ်ဝန်းထဲမှာ ရှိတဲ့ ဟိန္ဒူဘုရားကျောင်း ကို လိုက်ပို့ပါတယ်။ ဧည့်ပရိသတ်ပေါင်းများစွာလည်း နေ့စဉ်လာရောက်လေ့ရှိကြပါတယ်၊ တော်တော် လည်း ခန့်ငြားတင့်တယ်လှပါတယ်။ အဆောက်အဦးအပြင်ကနေတော့ ဓာတ်ပုံရိုက်တာတွေကို ခွင့်ပြု သော်လည်း ဘုရားကျောင်းထဲမှာတော့ ဓာတ်ပုံရိုက်ခွင့်ကို ကန့်သက်တားမြစ်ထားပါတယ်။ ဘာသာ တစ်ခုကို သူတို့လည်း စွဲစွဲမြဲမြဲ ယုံယုံကြည်ကြည်နဲ့ ကိုးကွယ်ဆည်းကပ်ကြတာကို တွေ့မြင်ခဲ့ရပါတယ်။ သူတို့လည်း သူတို့အယူအဆနဲ့ သူတို့ပဲလေလို့ စိတ်ထားမှာ တွေးဖြစ်ခဲ့မိတယ်။ စာရေးသူအထင်တော့ မသင့်တော်လို့ ဓာတ်ပုံရိုက်ခွင့် မပြုတာဖြစ်မယ်လို့ပဲ ထင်မိပါတယ်။
ဆွမ်းစားချိန်ရောက်တော့ ဆရာကြီးက သူ့အိမ်ကို ခေါ်သွားခဲ့ပါတယ်၊ အိမ်မှာတော့ သူ့တို့ ဇနီးမောင်နှံ နှစ်ဦးတည်း နေကြပါတယ်။ သားနှစ်ယောက်နဲ့ သမီးတစ်ယောက်ရှိတယ်။ အားလုံး အိမ်ထောင်ပြုသွားကြပြီလို့ ပြောပြပါတယ်။ စာပေသမားများနေတဲ့ အိမ်မို့လို့ထင်တယ်၊ မိသားစု Library လုပ်ထားတာတွေ့ရတယ်။ ကျန်တာတော့ အထူးတလည် ဘာမှ မတွေ့ရပါဘူး။ သူတို့ရဲ့ ထုံးစံအရ သက်သတ်လွတ်ကိုပဲ စားသုံးကြတယ်။ စာရေးသူအတွက် စတီးလင်ဗန်းမှာ ထမင်းတစ်ပုံ၊ သက်သတ်လွတ် ဟင်းနှစ်ပုံ၊ မုံ့တစ်ပုံ၊ ချာပါတီ တစ်ပုံ ထားပေးပါတယ်။ ပြီးတော့ ပဲဟင်းလေးက သီးသန့် တစ်ပန်းကန်ပြင်ထားပေးပါတယ်။ ဒါဟာ သူတို့ ထုံးစံအရ နေ့စဉ် စားသုံးလေ့ရှိတဲ့ မိသားစု စားတော်ပွဲလေးပဲ ဖြစ်မှာလို့ ဘာရယ်မဟုတ် အတွေးဝင်သွားမိပါတယ်။ မှတ်မှတ်ရရလေး အဖြစ် ဓာတ်ပုံရိုက်ပြီး မှတ်တမ်းတင်ထားခဲ့ပါတယ်။ သူငယ်ချင်းဖြစ်သူက ဒေါက်တာချင်း တူသွားလို့ ချီးမြှောက်တဲ့ အနေနဲ့ ဖိတ်တာဖြစ်မှာပါလို့ ပြောလိုက်တဲ့ စကားကိုလည်း ပြန်လည် ကြားယောင်မိပါတယ်၊ ဟုတ်များဟုတ်လေမလားဆိုတဲ့ အတွေးတော့ ၀င်မိတာ အမှန်ပါပဲ။ ဘာပဲဖြစ် ဖြစ် ဟိန္ဒူဘာသာဝင် ဆရာကြီး တစ်ယောက်က ဗုဒ္ဓဘာသာ ရဟန်းတော်တစ်ပါးကို ပင့်ဖိတ်တယ် ဆိုတာကိုတော့ အမှတ်တရလည်း ဖြစ်ရသလို ဂုဏ်လည်းယူမိပါတယ်။
0 comments:
Post a Comment