အစဉ်အလာပြောဆိုနေကြ ကြားဖူးနားဝရှိနေကြသော စကားမှာ ငယ်စဉ်အခါတွင် ပညာရှာကြရမည်။ ပညာရှာရမည့် အရွယ်သည် ငယ်စဉ်အခါတွင်ဖြစ်သည်ဟု ဆိုလိုခြင်းဖြစ်၏။ သို့သော် ကလေးသူငယ်များသည် ပထမအရွယ်တွင် ပညာသင်ယူရသည်ကို တစ်ခါတစ်ရံ စိတ်ဝင်းစားမှုမရှိဘဲ ပျင်းရိတတ်ကြ၏။ ကျောင်းလည်း ပြေးတတ်ကြ၏။ မိဘများက အတင်းအကြပ်တိုက်တွန်း ဆုံးမ မာန်မဲ၍ ကျောင်းသို့ စေလွှတ်ရသည်လည်း ရှိ၏။ တစ်ခါတစ်ရံတွင် ကျောင်းမတက်ဘဲနေရသည်ကို ပျော်နေတတ်၏။ အကြောင်းမှာ ကျောင်းတက်ရသည့်အခါ ကျောင်းတွင် ဆရာ၊ ဆရာမများက သင်ခန်းစာများကို မေးလေ့ရှိ၏။ မဖြေနိုင်ပါက ရိုက်၍ဆုံးမခြင်း၊ ထိုင်ထလုပ် ခိုင်း၍ ဆုံးမခြင်း၊ မာန်မဲ၍ ဆုံးမခြင်းတို့ကို ကြောက်သောကြောင့်လည်း ကျောင်းသွားရမည်ကို ထိတ်လန့်နေ ခြင်းဖြစ်၏။ ကျေးလက်တောရွာများတွင် အများအားဖြင့် ကြုံတွေ့ရသည်မှာ သင်ခန်းစာများကို နားမလည်ပါက ရှင်းပြနိုင်သည့်သူ၊ ရှင်းပြနိုင်မည့်သူ မရှိခြင်းကြောင့်လည်း ကလေးသူငယ်များမှာ ကျောင်းတွင် ဆရာ၊ ဆရာမ ဆူမည်ကို ကြောက်ရွံ့နေကြ၊ ထိတ်လန့်နေကြခြင်းလည်း ဖြစ်နိုင်၏။ ဆရာ၊ ဆရာမများကို မိဘများထက်ပင် ပို၍ လေးစားကြသောကြောင့်လည်း နားမလည်သည့် သင်ခန်းစာများကို မမေးမမြန်းဘဲ နှုတ်ဆိတ်နေတတ် ကြခြင်းလည်း ဖြစ်နိုင်၏။ ထို့ပြင် မိဘများဆင်းရဲနွမ်းပါးခြင်းကြောင့်လည်း ကျောင်းစာအပေါ် စိတ်ဝင်စားမှု နည်းပါးခြင်းလည်း ရှိတတ်ကြ၏။ ထို့ကြောင့် ကျေးလက်တောရွာများတွင် ကလေးသူငယ်များ ပညာသင်ကြား ရမည့် အရွယ်တွင် လေလွင့်နေကြ၊ ပျက်စီးနေကြရသည်ကို ၀မ်းနည်းဖွယ်ရာ တွေ့မြင်နေကြရခြင်းဖြစ်၏။ အချို့ ကလေးသူငယ်များမှာ ပညာသင်ကြားရမည့်အရွယ် ပညာသင်ကြားနိုင်ခြင်းမရှိဘဲ ၀မ်းရေးအတွက်၊ မိသားစု စားဝတ်နေရေးအတွက် အရွယ်နှင့်မတန်အောင် ရုန်းကန်လှုပ်ရှားနေကြရ၏။ ဤကဲ့သို့ အဖြစ်မျိုး မတွေ့ကြုံကြ စေရန် မသိနားမလည်သေးသည့် အရွယ်မရောက်သေးသော ကလေးသူငယ်များအား ပညာသင်ကြားရေး၌ စိတ်ဝင်တစား ရှိလာစေရန်၊ ပညာရေးအလားအလာရှိသော ကလေးသူငယ်များအား ကြိုးစားသင်ယူလိုစိတ် ပြင်းပျ ထက်သန်လာစေရန်၊ ဆင်းရဲနွမ်းပါးသည့် ကလေးသူငယ်များအတွက် တတ်နိုင်သည့်ဘက်မှ ၀ိုင်းဝန်း ကူညီ မြေတောင်မြှောက်ပေးကြရန်နှင့် အခမဲ့ပညာဒါနများလည်း ဖြန့်ဖြူးပေးနိုင်ကြရန် အထူးတလည် လိုအပ်လျက်ရှိ၏။

ပညာသင်ကြားရမည့်အရွယ်တွင် လေလွင့်နေကြခြင်းသည် မိမိဘ၀၊ မိမိပတ်ဝန်းကျင် တိုးတက်မှုကို များစွာ ဆုတ်ယုတ်သွားစေနိုင်၏။ ပညာတတ်မှလည်း အရာရာကို နှိုင်းနှိုင်းချိန်ချိန် စဉ်းစားတွေးခေါ် ဆုံးဖြတ် နိုင်၏။ အပြောအဆို အနေအထိုင် ယဉ်ကျေးသိမ်မွေ့နိုင်၏။ အများအကျိုးကိုလည်း များစွာသယ်ပိုး ရွက်ဆောင် ပေးနိုင်၏။ အများသူငှာကိုလည်း အသိပညာများ အတတ်ပညာများ များစွာဖြန့်ဖြူးပေးနိုင်၏။ ပညာရှင်တစ်ဦး တစ်ယောက် ပေါ်ပေါက်လာပါက ရပ်ရွာနယ်ပယ်သည် များစွာတင့်တယ်နိုင်၏။ တိုးတက်မှုများစွာလည်း ဖြစ် ထွန်းလာနိုင်၏။ ကမ္ဘာ့နိုင်ငံအသီးသီးကို လေ့လာကြည့်လျှင် သိရှိနိုင်၏။ ပညာတတ်သောနိုင်ငံနှင့် ပညာမဲ့သော နိုင်ငံတို့သည် နှစ်ပေါင်းများစွာ ကြာလာသည့်နှင့်အမျှ လိုက်၍ မမီနိုင်လောက်အောင်ပင် တိုးတက်မှုများ ဆုတ် ယုတ်မှုများ များစွာကွာခြားနေသည်ကို တွေ့မြင်ရမည်ဖြစ်၏။ ပညာတတ်နိုင်ငံများသည် များစွာချမ်းသာနေ ကြပြီး၊ ပညာတတ်မထွန်းကားသော ထွန်းကားမှုနည်းပါးသော နိုင်ငံ၊ ပညာတတ်ထွန်းကားသော်လည်း ပညာ တတ်ပုဂ္ဂိုလ်များကို အလေးမထား ဦးစားမပေးသော နိုင်ငံသည် ကြာလေ ဆင်းရဲလေ၊ ကြာလေဆင်းရဲတွင်းနက် လေသာ ဖြစ်နေကြရ၏။

ပညာမဲ့ခြင်းကြောင့် အသိဥာဏ်ပညာလည်း ခေါင်းပါးသထက် ခေါင်းပါးလာကြ၏။ အသိဥာဏ် ခေါင်းပါးခြင်းကြောင့် ဆင်းရဲ၊ ဆင်းရဲခြင်းကြောင့် အကျင့်စာရိတ္တများ ချွတ်ယွင်းပျက်စီးလာကြ၏။ ကြင်နာမှု ညှာတာမှုစတဲ့ ဗြဟ္မစိုရ်တရားများ တစ်စတစ်စ ပို၍ပို၍ခေါင်းပါးလာနေကြ၏။ ကိုယ်ကြီးပွားချမ်းသာ ရေးအတွက် ရှေ့ရှုလာသဖြင့် အတ္တစိတ်များလည်း မသိမသာလွှမ်းမိုးလာနေကြ၏။ အများကောင်းကျိုးအတွက် ရှေ့တန်းမတင်ဘဲ၊ တစ်ကိုယ်ကောင်းဆန်ဆန် မိမိအကျိုးကို ရှေ့တန်းတင်နေကြ၏။ မျှတမှု ညီညွတ်မှုမရှိ၊ တစ်ဖက်စောင်းနင်း ဖြစ်လာကြ၏။ ဤကဲ့သို့ ဖြစ်ပေါ်လာရခြင်း၏ အကြောင်းရင်းမှာ ငယ်စဉ်အခါ ပညာရှာရ မည့် အရွယ်တွင် ပညာမသင်ကြားနိုင်ခြင်း၏ ဘေးထွက်ဆိုးကျိုးများဟု ဆိုရမည်ဖြစ်၏။

ပညာရေးကို အမှီပြုပြီး အသက်မွေးဝမ်းကျောင်း ပြုရခြင်းသည် များစွာစိတ်ချမ်းသာမှုကို ပေးစွမ်းနိုင် ၏။ ပညာတတ်မှ စီးပွားဥစ္စာကို ချမ်းချမ်းသာသာ ရှာဖွေနိုင်၏။ စည်းကမ်းတကျလည်း သုံးစွဲတတ်၏။ အသုံး အဖြုန်းကိုလည်း ကောင်းစွာနားလည်နိုင်သကဲ့သို့ အဆိုးအကောင်းကိုလည်း ဝေဖန်ပိုင်းခြား ဆန်းစစ်နိုင်၏။ ပညာတတ်သူနှင့်၊ ပညာတတ်ထွန်းကားသောတိုင်းပြည်ကို လူတိုင်းလိုလားကြ၏။ လေးစားမြတ်နိုးကြ၏။ တန်ဖိုးလည်း ထားကြ၏။ အကြောင်းမှာ ပညာမြင့်မှ လူမျိုးတင့်မည်ဟု နားလည်ကြထားသောကြောင့်ဖြစ်၏။ ထို့ကြောင့်လည်း လူကြီးသူမများက ငယ်စဉ်အခါ ပညာရှာဟု ဆိုခဲ့ကြခြင်း ဖြစ်နိုင်၏။ ငယ်စဉ်အခါ ပညာရှာဆို သည့် စကားကိုပင် ပထမအရွယ်မှာ ပညာရှာဟုလည်း ဆိုတတ်ကြသေး၏။ မှန်ပါသည်။ လူ့ဘ၀သက်တမ်းကို သုံးပိုင်းပိုင်း၍ ဆိုထားသည့် စကားဖြစ်၏။ ထို့ကြောင့် ရှေးပညာရှိ သူတော်ကောင်းများသည် ပထမအရွယ်တွင် ပညာ၊ ဒုတိယအရွယ်တွင် ဥစ္စာ၊ တတိယအရွယ်တွင် ဘာဝနာ ဟု သုံးပိုင်းပိုင်း၍ သတ်မှတ်ခဲ့ကြ၏။

ပထမအရွယ် ငယ်ရွယ်စဉ်မှာ ပညာရှာထားမှ ဒုတိယအရွယ်တွင် စီးပွားဥစ္စာကို ချမ်းချမ်းသာသာ မပင် မပန်း လုပ်ကိုင်ရှာဖွေနိုင်၏။ ဒုတိယအရွယ် စီးပွားရေးပြေပြေလည်လည် ရှာဖွေထားနိုင်မှလည်း တတိယ အရွယ်တွင် တရားဘာဝနာလုပ်ငန်းကို စိတ်အေးချမ်းသာစွာ အားထုတ်နိုင်မည်ဖြစ်၏။ အစဉ်အဆက် ဘ၀တစ် လျှောက်လုံး ချမ်းသာပျော်ရွှင်စွာ နေနိုင်ရန် အစကောင်းရန် လိုအပ်လှ၏။ အစကောင်းမှ အနှောင်းသေချာ ဟု ရှေးရှေးပညာရှိကြီးများ အစဉ်အဆက် ပြောခဲ့ကြ၏။ အစဖြစ်သည့် ငယ်ရွယ်စဉ်အခါက ပညာရေးကို ကောင်းမွန် စွာ မသင်ကြားခဲ့ရသူများသည် စားဝတ်နေရေးတို့အတွက် ပင်ပန်းကြီးစွာ ကြိုးစားလုပ်ကိုင် ရှာဖွေစားသောက် ကြရပြီး ဘ၀နေ၀င်ကာ မိုးချုပ်ခဲ့ကြရ၏။ ထိုအခါ နောင်တကြီးစွာ ရတတ်ကြ၏။ ငယ်စဉ်က ပညာမသင်နိုင်ခြင်း ကြောင့် ပင်ပန်းဆင်းရဲရသည်ဟုလည်း သိမြင်လာကြ၏။ သို့သော် ပြင်ဆင်နိုင်ရန်အချိန်ကား နှောင်းသွားခဲ့၏။ ဟောင်းသွားခဲ့၏။ အသိတွေ နောက်ကျခဲ့၏။ ထို့ကြောင့် ဖြစ်သလိုနှင့် ဘ၀ရှင်သန်နိုင်ရေး အတွက် ဆင်းဆင်းရဲ ရဲ ရုန်းကန်နေကြရ၏။

ထို့ကြောင့် မိဘများသည် သားသမီးများအား သူတို့ကဲ့သို့ ဘ၀ကို ပင်ပင်ပန်းပန်း မရုန်းကန်စေချင်ကြ။ ချမ်းချမ်းသာသာနှင့် ဘ၀ကို ရင်ဆိုင်ကျော်လွှားစေချင်ကြ၏။ ကိုယ်ချင်းစာတတ်ကြ၏။ ပညာတတ်မှ လူရာဝင် တင့်တယ်မည်ကိုလည်း နားလည်လာကြ၏။ သို့အတွက် ရင်သွေးငယ်များအား ပညာရေးဖြင့် ဘ၀ကို ရင်ဆိုင် နိုင်ရန်၊ အဆင့်အတန်းမြင့်မြင့် ရပ်တည်နိုင်ရန် ကျောင်းထားပေးကြ၏။ စီးပွားရေးအဆင်ပြေကြသည့် မိဘများ ကလည်း အဆင့်မြင့် ကျူရှင်များ၊ ဘောဒါဆောင်များတွင်အပ်ကာ ပညာသင်ကြားစေကြ၏။ ယနေ့ခေတ် လူငယ်များသည် နောင်သောအခါ အကြီးအကဲများဖြစ်လာကြမည်မှာ အမှန်တကယ်ပင်ဖြစ်၏။ ပညာတတ် အသိုင်းအ၀ိုင်းမှ အကြီးအကဲဖြစ်ပါမှလည်း အစစအရာရာတိုးတက်လာနိုင်၏။ ပညာမတတ်သူများ၊ ပညာ မဲ့သူ များ အကြီးအကဲဖြစ်လာပါက တိုင်းသူပြည်သားများမှာ များစွာနစ်နာကြရ၏။ ဆင်းရဲသည့် ဘ၀မှ ရုန်းထွက် နိုင်ရန် လွန်စွာခဲယဉ်းလှ၏။ ထို့ကြောင့် ငယ်စဉ်အခါမှာ ပညာသင်ထားကြရန် အထူးလိုအပ်လှ၏။

ပညာတတ်ရေးသည် အဓိကအခန်းကဏ္ဍမှ ပါဝင်နေလျက်ရှိသောကြောင့် ပညာရေးကို ဦးစားပေးသင့် ၏။ ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်ဆီသို့ ချီတက်ရာတွင်လည်း ပညာရေးသည် အလွန်အရေးပါ သောကြောင့် ပိုစတာများ ဆိုင်းဘုတ်များတွင် ပညာရေးဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်ကို တည်ဆောက်မည်ဟု ကြေညာထားကြခြင်းဖြစ်၏။ နိုင်ငံတစ်နိုင်ငံ၏ အဓိက အရေးပါဆုံးသောအချက်မှာ ပညာ ရေးနှင့် ကျန်းမာရေးပင်ဖြစ်၏။ ပညာရေးနှင့် ကျန်းမာရေးကို တိုးတက်သည့် နိုင်ငံတိုင်း အဓိကထားဆောင်ရွက် နေကြ၏။ ထို့ကြောင့်လည်း တိုးတက်သည်ထက်တိုးတက် အောင်မြင်သည်ထက် အောင်မြင်နေကြပြီး ခေတ်နှင့် အညီ ရင်ဘောင်တန်းကာ နေထိုင်နိုင်ကြခြင်းဖြစ်၏။ ဤသည်ကိုပင် ပညာသည် လူ၏တန်ဖိုး၊ တိုင်းပြည်၏ တန်ဖိုးဟုပင် ဆိုသင့်လှသည်မဟုတ်ပါလော။

ထို့ကြောင့် တိုးတက်မှုကို လိုလားကြသူ၊ ငြိမ်းချမ်းသာယာမှုကို ချစ်ခင်မြတ်နိုးကြသူ၊ ချမ်းသာကြွယ်ဝမှု ကို နှစ်သက်ကြသူတိုင်းသည် ပညာရေးကို အထူးတလည် အလေးပေးဆောင်ရွက်သင့်ကြောင်း၊ ကျောင်းနေ အရွယ် ကလေးသူငယ်များအားလုံး ပညာသင်ကြားနိုင်ရန် ထောက်ပံ့ကူညီလှူဒါန်းပေးသင့်ကြောင်း၊ မြို့နယ် အသီးသီး၊ ကျေးလက်တောရွာ အသီးသီးတွင် စာကြည့်တိုက်များ ထားရှိနိုင်ရေး၊ စာအုပ်စာပေများ၊ ဂျာနယ် များ၊ မဂ္ဂဇင်းများ ထားရှိပေးနိုင်ရေးတို့ကို တတ်နိုင်သမျှ အလေးထားဆောင်ရွက်သင့်ကြောင်းနှင့် ငယ်စဉ်အခါ ပညာကို ကြိုးစား သင်ယူစေချင်ကြောင်း၊ သင်ယူသင့်ကြောင်းတို့ကို တင်ပြလိုက်ရပါသည်။

တက္ကသိုလ်မောင်ပညာ

0 comments:

Post a Comment