အနန္တောအနန္တငါးပါးထဲတွင် ဆရာသည် တစ်ပါးအပါအ၀င်ဖြစ်၏။ ဆရာသည် သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာဟူ၍ အသီးသီးရှိ၏။ ထိုဆရာအသီးသီးတို့ထံမှ အတတ်ပညာများကို သင်ယူကြရ၏။ ဆရာတို့၏ သွန်သင်ပြသမှုကြောင့် အကောင်း အဆိုး၊ အကြောင်း အကျိုးတို့ကို ဝေဖန်စိစစ် ခွဲခြားနိုင်၏။ ဆရာတို့သည် လည်း မိမိတို့ထံမှ ပညာရည်နို့သောက်စို့ကြသော တပည့်များစွာတို့အား ကျောသား ရင်သားမခွဲခြားဘဲ အတတ် ပညာများကို သင်ကြားပေးလေ့ရှိကြ၏။ တတ်မြောက်စေချင်သော စေတနာ၊ လိမ္မာယဉ်ကျေးစေချင်သော စေတနာ အပြည့်အ၀ထားကာ သင်ကြားပေးကြ၏။ ထို့ကြောင့် ဆရာများကို အနန္တောအနန္တငါးပါးထဲတွင် ထည့် သွင်းထားခြင်းဖြစ်၏။

ဆရာအားလုံးထဲတွင် အမြတ်ဆုံးသောဆရာ၊ အသာလွန်ဆုံးသောဆရာ၊ အနှိုင်းမဲ့ဂုဏ်နှင့် ပြည့်စုံပြည့်ဝ သော ဆရာမှာ မြတ်စွာဘုရားပင်ဖြစ်၏။ ထို့ကြောင့်လည်း သတ္ထာ ဒေ၀ မနုဿာနံ = လူ၊ နတ်တို့၏ဆရာဟု ဘုရားဂုဏ်တော် ကိုးပါးထဲတွင် ထည့်သွင်းထားခြင်းဖြစ်၏။ မြတ်စွာဘုရားကို လူ၊ နတ်တို့၏ ဆရာတစ်ဆူအဖြစ် ထည့်သွင်းရခြင်း၊ ဂုဏ်တော်ကိုးပါးထဲတွင် ပါဝင်ရခြင်းကို ကြည့်လျှင် ဆရာတင်ထိုက်သောဂုဏ်၊ လေးစားထိုက် သောဂုဏ်၊ မြတ်နိုးထိုက်သောဂုဏ်တို့နှင့် ပြည့်စုံနေသည်ကို တွေ့မြင်ကြရမည်ဖြစ်၏။ ဝေနေယျတို့အတွက် အနစ်နာခံကာ ပါရမီတော်များကို ဖြည့်ကျင့်ခဲ့ပြီး ဘုရားအဖြစ်သို့ ရောက်ခဲ့ရ၏။ ဘုရားအဖြစ်သို့ ရောက်ပြီး သည်မှစ၍ လူ၊ နတ်၊ ဗြဟ္မာတို့၏ ကောင်းကျိုး ချမ်းသာအလို့ငှာ အ၀ိဇ္ဇာအမှောင်ထုကို ရှင်းလင်းပေးခဲ့၏။ ၀ိဇ္ဇာ အလင်းရောင်၊ တစ်နည်းအားဖြင့် သစ္စာအလင်းရောင်ကို မီးမောင်းထိုးပြတော်မူခဲ့၏။ ဝေနေယျတို့၏ အပူ သောကမီးကို ငြိမ်းအေးစေမည့် ဓမ္မဆေးကို တိုက်ကျွေးပေးခဲ့၏။ မြတ်စွာဘုရား၏ ဓမ္မဆေး၊ ဓမ္မရေအေးကို နည်းမှန် လမ်းမှန်အတိုင်း လိုက်နာဆောင်ရွက်ကြသူ၊ သောက်သုံးကြသူတိုင်း ချမ်းသာသုခနှင့် ပြည့်စုံမှုကို အပြည့်အ၀ ရရှိခံစားခဲ့ကြရ၏။ ဓမ္မဆေးကို သောက်သုံးခွင့်ရပါက ချမ်းသာသုခကို ပေးစွမ်းနိုင်မည့်သူများကို တွေ့မြင်လျှင်လည်း ဆင်းရဲချမ်းသာမရွေး၊ နေ့ ညဥ့်မရွေး၊ အချိန်အခါမရွေး၊ နေရပ်ဒေသမရွေး၊ ပင်ပန်း နွမ်းနယ် မှုကို ပဓာန မထားဘဲ အရောက်သွား၍ တိုက်ကျွေးတော်မူခဲ့၏။ ပေးဆပ်လိုမှု၊ ချမ်းသာလိုမှု သက်သက်သာ အဓိက ထား၍ ကြွရောက်တော်မူခြင်းလည်း ဖြစ်၏။ ထို့ကြောင့်လည်း လူ၊ နတ်၊ ဗြဟ္မာတို့၏ အလေးအနက် ဦးခိုက်ပူဇော်မှုကို ခံယူတော်မူထိုက်သည့် ဆရာတစ်ဆူဟု ဆိုထားခြင်းဖြစ်၏။ ဤကဲ့သို့သော ဆရာမျိုးကား မြတ်စွာဘုရား တစ်ပါးတည်းသာရှိပါ၏။ အတုမရှိသော ဆရာ၊ အတူမရှိသော ဆရာမြတ်သာ ဖြစ်ပါ၏။ တွေ့ကြုံ ရရန် လွန်စွာခဲယဉ်းလှပါ၏။ သို့သော်လည်း အတုမရှိသော ဆရာ၊ အတူမရှိသော ဆရာကဲ့သို့ဆရာမျိုးကို နှိုင်း ယှဉ်၍ မရနိုင်သော်လည်း စိတ်ထားမြင့်မြတ်စွာဖြင့် အသိပညာ၊ အတတ်ပညာများကို သင်ကြားပြသပေးနေကြ သော ဆရာများလည်း ဤလောကတွင် များစွာရှိပါ၏။ ထိုဆရာများကိုလည်း ရိုသေသင့်၊ မြတ်နိုင်းသင့်လှပါ၏။ ထို့ကြောင့်လည်း အနန္တောအနန္တငါးပါးတွင် ထည့်သွင်း၍ တံဆိပ်ခပ်နှိပ်ထားခြင်း ဖြစ်ပါ၏။

ဆရာတစ်ယောက်၏ စိတ်ဓာတ်ကား အလွန်ဖြူစင်လှ၏။ အသက်မွေးဝမ်းကြောင်းပြုရာမှာလည်း အလွန်စင် ကြယ်လှ၏။ သမ္မာအာဇီဝလည်းကျလှ၏။ ဆရာများသည် တပည့်များအပေါ် စေတနာ၊ ၀ါသနာ၊ အနစ်နာ၊ အကြင်နာ၊ နည်းနာဟူသော နာငါးနာထားကာ သင်ကြားပေးလေ့ရှိကြ၏။ တပည့်များအပေါ် မုန်းတီး စိတ်ကင်း ရှင်းစွာဖြင့် သင်ကြားပြသပေးလေ့လည်းရှိကြ၏။ အပြစ်ပြ၍ ဆိုဆုံးမရသည့်အခါ လိမ္မာစေချင်၊ သိစေချင်၊ တတ် စေချင်၍သာ ဆိုဆုံးမခြင်းဖြစ်၏။ မုန်းတီး၍ ဆုံးမခြင်းမရှိ။ မိမိသင်ကြား ပြသပေးလိုက်သော တပည့်များ ထူးချွန် ပြောင်မြောက်လာပါက ဆရာတို့၏ စိတ်နှလုံးဝယ် ပီတိတို့ဖြင့် ပြည့်ဖုံးလျှက်ရှိ၏။ ဤသည်မှာ ဆရာတိုင်း၏ တပည့်များပေါ်တွင် ဖြစ်ပေါ်လေ့ရှိသော ထားရှိလေ့ရှိသော မွန်မြတ်သန့်စင်သောစိတ်ဓာတ်ပင်ဖြစ်၏။ ထို့ကြောင့် လည်း ဆရာများအပေါ်တွင် တပည့်များက ချစ်ကြောက်ရိုသေကြ၊ မြတ်နိုးကြခြင်းဖြစ်၏။

ဆရာတို့၏ ဂုဏ်ရည်နှင့် ပတ်သက်၍ သိင်္ဂါလောဝါဒသုတ်တွင် အတတ်လည်းသင်၊ ပဲ့ပြင်ဆုံးမ၊ သိပ္ပမချန်၊ ဘေး ရန်ဆီးကာ၊ သင့်ရာအပ်ပို့ ဆရာတို့ ကျင့်ဖို့ဝတ်ငါးဖြာဟု မြတ်စွာဘုရား ဟောဖော်ညွှန် ပြထားသည်ကို တွေ့ရှိရ သိရှိရ၏။ ဤဂုဏ်ရည်အင်္ဂါရပ်များနှင့်အညီလည်း နေထိုင်ကျင့်သုံးကြသည်ကို တွေ့မြင်နေကြရ၏။ ထို့သို့သော ဂုဏ်ရည်အင်္ဂါရပ်များနှင့်ပြည့်စုံသောကြောင့်လည်း ဆရာဟု ခေါ်ဝေါ်သတ်မှတ်ခဲ့ကြသည့်အပြင် မြင့်မြတ်သော လုပ်ငန်းဖြစ်သောကြောင့်လည်း ဆရာဆိုသည့်နာမည်ရှေ့တွင် ၀ိသေသနမ၍ မြတ်ဆရာဟုပင် တင်စားခဲ့ကြ ခြင်းဖြစ်၏။

ထို့ပြင် မာန်လည်ဆရာတော်ဘုရားကြီးကလည်း မဃဒေ၀ လင်္ကာသစ်၌ ရတနာတစ်ဆူ ဘသည်းအူကား နာနာ ကြင်ကြင် အပြစ်မြင်တိုင်း ၀မ်းတွင်မသို ဟုတ်တိုင်းဆို၍ ကျိုးလိုစိတ်က ဆုံးမတတ်သူ ဆရာဟူလော့ ဟူ၍လည်း ဆရာနှင့်ပတ်သက်၍ စပ်ဆိုထား၏။ တပည့်တို့၏ကောင်းကျိုးကို မြှော်ကိုးပြီး ၀မ်းတွင်းထဲမှာ သိုဝှက်မထားဘဲ ဆို ဆုံးမတတ်သူကိုလည်း ဆရာဟု ခေါ်ဆိုသင့်ကြောင်း မိန့်ဆိုထားခဲ့ခြင်းဖြစ်၏။

ဆရာကို လေးစားမြတ်နိုးတတ်သူထဲတွင် အရှင်သာရိပုတ္တရာလည်း တစ်ပါးအပါအ၀င်ဖြစ်၏။ အရှင်သာရိပုတ္တရာ လောင်း ဥပတိဿသည် ပဉ္စ၀ဂ္ဂီငါးဦးတွင် တစ်ပါးအပါအ၀င်ဖြစ်သည့် အရှင်အဿဇိထံမှ ယေဓမ္မာ ဟေတုပ္ပ ဘ၀ါ စသောဂါထာကို ကြားနာလိုက်ရသဖြင့် သောတာပန်တည်ခဲ့၏။ ထို့ကြောင့် အရှင်သာရိပုတ္တရာသည် အရှင် အဿဇိ ရဟန္တာအရှင်မြတ်အား ဆရာတစ်ဆူအဖြစ် အလေးအမြတ်ထား၏။ ကျိန်းစက်သည့်အခါတွင်လည်း အရှင်အဿဇိမထေရ်ရှိရာအရပ် ဦးခေါင်းထားကာ ကျိန်းစက်လေ့ရှိ၏ဟု မှတ်သားခဲ့ရ၏။ ဆရာကို အလေး အမြတ်ထားသောအားဖြင့် ဦးခေါင်းထားကာ ကျိန်းစက်ခြင်းဖြစ်၏။ ပညာအရာတွင် ဧတဒဂ်ဘွဲ့ထူး ဆွတ်ခူးတော် မူခဲ့သည့် အရှင်မြတ်၏ ကြည်ညိုဖွယ်စိတ်ဓာတ်ကား နောင်လာနောက်သားများအတွက် အတုယူဖွယ် ကောင်းပုံ ကို မီးမောင်းထိုးပြထားသကဲ့သို့ထင်ရ၏။
ပေါရိသာဒသည် အလွန်ကြမ်းတမ်းခက်ထန်ခဲ့၏။ လူသားစားသဖြင့် တိုင်းပြည်မှ နှင်ထုတ်ခံခဲ့ရ၏။ တစ်ရာ့တစ်ပါး သော မင်းတို့၏လည်ချောင်းသွေးဖြင့် ယဇ်နတ်ပူဇော်ရန်စီစဉ်ခဲ့၏။ သို့သော်လည်း မဟာသုတသောမမင်းထံမှ သဗ္ဘိရေ၀ သမာသေထ စသော ဂါထာကို ကြားနာလိုက်ရသဖြင့် အကျွတ်တရားရသွားခဲ့၏။ ဆရာအရာ၌ ထား၍ ပူဇော်ခဲ့ ချီးမြှောက်ခဲ့၏။ တစ်ရာ့ တစ်ပါးသော မင်းအပေါင်းတို့သည်လည်း အသက်ချမ်းသာရာ ရရှိခဲ့ကြ၏။ ဆရာ တို့၏ တပည့်များအပေါ်ထားရှိသည့် မေတ္တာတရားကြီးမားသောကြောင့်လည်း လေးစားမြတ် နိုးခဲ့ခြင်းဖြစ်၏။ ဤ ရှေးသူတော်ကောင်းတို့၏ ထုံးကို နှလုံးမူ၍လည်းကောင်း၊ ဆရာများ၏ ကျေးဇူးဂုဏ်ကို သိနားလည်လာကြသော ကြောင့်လည်းကောင်း အာစရိယပူဇော်ပွဲများကို နေရာအတော်များများတွင် ကျင်းပလာခဲ့ ကြသည်ကို တွေ့မြင် နေကြရ၏။ ထို့ပြင် ကမ္ဘာ့နိုင်ငံအသီးသီးမှလည်း ဆရာများနေ့ကို အထူးတလည် အသိအမှတ်ပြု ကျင်းပပေးလျှက် လည်း ရှိလာကြ၏။

ကောင်းမြတ်သောမူ၊ ကောင်းမွန်သောထုံးကို အတုယူလိုက်နာ ကျင့်သုံးသည့်အနေဖြင့် ကျွန်ုပ်တို့၏ကျောင်း တိုက်တွင်လည်း အာစရိယပူဇော်ပွဲကို နှစ်စဉ် သီတင်းကျွတ်လပြည့်နေ့ ညနေပိုင်းတွင် ကျင်းပလေ့ရှိ၏။ ပူဇာစ ပူဇနေယျာနံ ဟူသော မင်္ဂလာတရားတော်နှင့်အညီ ပူဇော်သင့် ပူဇော်ထိုက်သည့် ဆရာအား ပူဇော်ကျင်းပသည့် အာစရိယပူဇာ၊ မြတ်ဆရာပူဇော်ပွဲဟုပင် ဆိုလျှင်လည်း လွန်မည်မထင်ပါ။ ယင်းနေ့တွင် ကျောင်းအမ၊ ရဟန်း အမကြီး မိသားစုမှ ကျောင်းတိုက်ရှိ စာသင်သား ရဟန်း၊ သာမဏေများ၊ ကြွရောက်လာကြသော ဧည့်ပရိသတ် များအား အရုဏ်ဆွမ်းဖြင့် နှစ်စဉ် ဆက်ကပ်လှူဒါန်း ဧည့်ခံခဲ့၏။ တိုက်အုပ် ဆရာတော်မှ စာချဆရာတော်များ၊ စာသင်သားများ၊ ကျောင်းသားများ၊ ကျောင်းဒါယကာ၊ ကျောင်းဒါယိကာမများ အားလုံးတို့အား ပူဇော်ကန်တော့ပွဲ မကျင်းပခင် အာစရိယပူဇော်ပွဲနှင့် စပ်လျဉ်းသည့် စကားကို ရှင်းလင်းလျှောက်ထား ပြောကြား၏။ ထို့နောက် တိုက်အုပ်ဆရာတော်မှပင် ညီညီဖျဖျ တိုင်ပေးပြီး ဆရာတော်အား တောင်းပန်ကန် တော့ကြ၏။ ဆရာတော်မှ တပည့်ရဟန်း၊ သာမဏေများ၊ ကျောင်းသားများ၊ ကျောင်းဒါယကာ၊ ကျောင်းဒါယိ ကာမများအားလုံးကို ဆုပေးပြီး တရားစကားများ မိန့်ကြားပါ၏။

တရားစကားများ မိန့်ကြားပြီးသောအခါ အားလုံးက ပြိုင်တူ သာဓုသုံးကြိမ်ခေါ်ဆိုကြကာ အခမ်းအနား ရုတ်သိမ်း လိုက်ကြ၏။ အာစရိယ ပူဇော်ပွဲ အခမ်းအနားပြီးဆုံးသောအခါ တပည့်ရဟန်း၊ သာမဏေများ၊ ကျောင်းသားသူ ငယ်များ၊ ကျောင်းဒါယကာ၊ ကျောင်းဒါယိကာမများအားလုံး ဖရောင်းတိုင်ကိုယ်စီ မီးညှိထွန်း၍ ကျောင်းတိုက် တွင်းရှိ ကိုးန၀င်းစေတီတော် နှစ်ဆူအား ပူဇော်ကန်တော့ကြပြန်၏။ ဤယနေ့အာစရိယပူဇော်ပွဲသည် မြတ်ဆရာ ပူဇော်ပွဲ တစ်ခုတည်းဟုပင် ထင်ရသော်လည်း မြတ်ဗုဒ္ဓ ပူဇော်ပွဲကိုပါ ပူးတွဲကျင်းပသည့်ပွဲ၊ တရားဓမ္မတို့ကို နာယူ ပူဇော်ခွင့်ရသည့်ပွဲ၊ သံဃာတော်တို့အား ဂါရ၀ပြုခွင့်ရသည့် ပူဇော်ပွဲလည်း ဖြစ်သည်ဟု ဆိုသင့်လှ၏။ ရိုးရာ ဓလေ့ထုံးတမ်းစဉ်လာနှင့်အညီ တပည့်များ၏ ညီညွတ်စွာဖြင့် ဂရုဂါရ၀ ရှေ့ထားကာ ပူဇော်မှုပြုကြသည့် မြင်ကွင်း မှာ ဖူးမြင်ရသူအပေါင်း၏ စိတ်နှလုံးကို သာယာကြည်နူးမှု၊ စိတ်ချမ်းမြေ့မှုတို့နှင့်အတူ သဒ္ဓါစိတ်များ ယိုဖိတ်မှုကို လည်း ဖြစ်ပေါ်စေခဲ့ပါ၏။

နှစ်စဉ်နှစ်တိုင်းလည်း စည်းလုံးညီညွတ်စွာဖြင့် မြတ်ဆရာပူဇော်ပွဲကို အောင်မြင်စွာ ဆောင်ရွက်နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်း၍ ဆရာအရှင်မြတ်၏ ဂုဏ်အပေါင်းကို ညွတ်ပြောင်းဦးခိုက်လျက် ရေးသား ပူဇော်လိုက် ပါ၏။

0 comments:

Post a Comment