ကာင်းမှုကုသိုလ်ကို အပြည့်အ၀ပြုလုပ်ခွင့်ရ၊ ရှင် ရဟန်းပြုခွင့်လည်းရ၊ လူချမ်းသာ၊ နတ်ချမ်းသာ၊ ဗြဟ္မာချမ်း သာ၊ နိဗ္ဗာန်ချမ်းသာကိုလည်း ရရှိအောင် ပေးစွမ်းနိုင်သော လူ့ဘ၀သည် တန်ဖိုးမဖြတ်နိုင်သော နေရာဒေသ ဖြစ်၏။ တန်ဖိုးမဖြတ်နိုင်သော နေရာဒေသဖြစ်သည့် လူ့ဘ၀ကို ရရှိနေကြသူတို့သည် ကုသိုလ်တရားတို့၌ မေ့လျော့ပြီး အာရုံငါးပါး ကာမဂုဏ်တရားတို့ကို ခင်မင်လိုက်စားကာ နေ့ရက်များ မကုန်လွန်သင့်ပေ။ အကယ်၍ ကုသိုလ်တရား တို့ကို မေ့လျော့ကာ အာရုံငါးပါး ကာမဂုဏ်တရားတို့နှင့် လိုက်စားပျော်ပါးပြီး သေလွန်လျှင် အပါယ်ဆင်းရဲ၌ နစ်မွန်း မျောပါရမည်ဖြစ်၏။ လူ၊ နတ်၊ နိဗ္ဗာန် ချမ်းသာတို့နှင့်လည်း ဝေးကွာမည်သာဖြစ်၏။ အပါယ်ဆင်းရဲ၌ နှစ်ပေါင်းများစွာ နစ်မွန်းမျောပါရမည့်အဖြစ်ကို ဆင်ခြင်စဉ်းစား သင့်၏။

လူ့ဘ၀မှ သေဆုံးကြသူတို့သည် များသောအားဖြင့် အပါယ်သို့ ကျရောက်ကြသည့် ပုဂ္ဂိုလ်တို့သာ များကြောင်း၊ လူ့ပြည်၌ ပြန်ဖြစ်ကြသူ နည်းကြောင်းတို့ကို မဟာဝဂ္ဂသံယုတ် (သံ၊ ၃၊ ၄၁၂) ၌ ဤသို့ပြဆိုထား၏။ မြတ်စွာဘုရားသည် လက် သည်းဖျားပေါ်၌ မြေမှုန့်အနည်းငယ်ကို တင်ထား၍ ဤလက်သည်းဖျားပေါ်၌ တင်ထားသော မြေမှုန့်နှင့် ဤကမ္ဘာ မြေကြီးသည် အဘယ်ကပို၍ များသနည်းဟု ရဟန်းတို့ကို မေးတော်မူသောအခါ လက်သည်းဖျားပေါ်၌ မြတ်စွာဘုရား တင်ထားသော မြေမှုန့်သည် အနည်းငယ်သာဖြစ်ကြောင်း၊ ကမ္ဘာမြေကြီးသည် မရေမတွက်နိုင် အောင် မနှိုင်းယှဉ်နိုင်လောက်အောင် များကြောင်း လျှောက်ထားကြ၏။ ထိုအခါ မြတ်စွာဘုရားသည် လက်သည်း ပေါ်ရှိ မြေမှုန့်နှင့် ကမ္ဘာမြေကြီးတို့ကို ဥပမာပြု၍ ဤအတူပင် လူ့ဘ၀မှ စုတေပြီး လူ့ဘ၀၌ ပြန်ဖြစ်ကြသော သတ္တ ၀ါတို့သည် နည်းပါးကြောင်း၊ အပါယ်ငရဲ၌ ဖြစ်ကြသော သတ္တ၀ါတို့သည်သာ ပို၍များကြောင်း ရဟန်းတို့ကို ဟော ကြားတော်မူ၏။

မြတ်စွာဘုရားဟောကြားပြသသည့် တရားတော်များကို သိရှိနားလည်ပြီး ကောင်းမှုကုသိုလ်တို့ကို ပြုလုပ်ကြရ မည်။ ယခုအခါတွင် မြတ်စွာဘုရား၏ သာသနာတော်နှင့် ကြုံတွေ့ဆဲကာလဖြစ်သောကြောင့် တရားစစ် တရား မှန်များ အထင်အရှားရှိ၏။ ထို့ပြင် မြတ်စွာဘုရား ဟောကြားတော်မူထားသည့် တရားတော်များ မပျောက်ပျက်ရ အောင် ထိန်းသိမ်းစောင့်ရှောက်နေကြသော ရဟန်းသံဃာတော်များလည်း အထင်အရှားရှိနေ၏။ ဤကဲ့သို့ အခွင့် အခါကောင်းသော ကာလကို ရနေကြသူတို့သည် ပျင်းရိမေ့လျော့ကာ မနေသင့်ပေ။

ကာမဂုဏ်အာရုံတို့ အပေါ် တပ်မက်မှုရာဂကို စွန့်လွှတ်နိုင်အောင် ကြိုးစားပြီး ကောင်းမှုကုသိုလ်တရားတို့ကို ပြုလုပ်အားထုတ်နေလျှင် ပစ္စုပ္ပန်၊ သံသရာ နှစ်ဖြာသော လောကတွင် ချမ်းသာသုခကို အစဉ်ထာဝရ ခံစားကြရ မည်ဖြစ်၏။ မြတ်စွာဘုရား၏ သာသနာတော်နှင့် ကြုံတွေ့ခိုက်တွင် ဒါန၊ သီလ၊ ဘာဝနာတို့ကို ပြုလုပ်ဆောင်ရွက် မှု၊ လိုက်နာကျင့်ကြံမှု မရှိလျှင် အမိုက်မဲဆုံးသောပုဂ္ဂိုလ်သာ ဖြစ်မည်။ ထို့ပြင် အခွင့်သာဆဲတွင် ကြိုးစားအားခဲပြီး မဆောင်ရွက်လျှင်လည်း သံသရာတစ်လျှောက် မြတ်စွာဘုရား၏ သာသနာတော်နှင့် လွဲမည်မှာလည်း သေချာ ၏။ အခွင့်သာနေတုန်းအချိန်တွင် သံသရာဝဋ်မှ လွတ်မြောက်ရန် ကြိုးစားရုန်းကန်မှုမရှိလျှင်လည်း နောင်ဘ၀ ဆက်တိုင်း အရှုံးနှင့်သာ ရင်ဆိုင်ရမည်ဖြစ်၏။

ထို့ကြောင့် တန်ဖိုးရှိလှသော လူ့ဘ၀ကို ရရှိနေကြသော သူတို့သည် မြတ်စွာဘုရား၏ သာသနာတော်ကြီးနှင့် ကြုံတွေ့ဆဲဖြစ်သော ယခုအချိန်တွင် ကုသိုလ်ကောင်းမှုတို့ကို လိုက်စားကြရမည်။ အခွင့်သာနေဆဲမှာ အားခဲကြရမည်။ အခွင့်သာနေတုန်းမှာ တရားဓမ္မတို့ကို ကြိုးစားရုန်းကန်ပြီး ကျင့်ကြံအားထုတ် ကြရမည်ဖြစ်၏။ ဤကဲ့သို့ ကြိုးစားအားထုတ်မှသာလျှင် တန်ဖိုးရှိလှသော လူ့ဘ၀ကို ရရှိကျိုးနပ်မည်ဖြစ်၏။

လယ်တီဆရာတော်ဘုရားကြီးသည်လည်း တပည့်ဖြစ်သူ မောင်သြဘာအား အာရုံငါးပါး ကာမဂုဏ်တရားတို့နှင့် လိုက်စားပျော်ပါးကာ နေ့ရက်များကုန်ပြီး ကုသိုလ်တရားတို့ကို မေ့လျော့၍မနေသင့်ကြောင်းကို ဂမ္ဘီရကဗျာကျမ်း (နှာ၊ ၉၂) ၌ သံဝေဂတေးထပ်ဖြင့် ဤသို့ဆုံးမတော်မူခဲ့၏။

ငါးအာရုံ ဘင်စု၊
ခင်မှုနှင့်နေ့ကုန်။
နင်ယခုမေ့ပုံလို တွေ့မကြုံစခန်း၊
ပါယ်လေးဝ သောကဘုံမှာ
မျောရရုံ ရှိတော့ခမန်း။

အောက်အ၀ီစိ သောင်းအငူမှာ
ခေါင်းမပြူစတန်း
နှစ်အရှည် နစ်မည်လမ်းကိုလ
နင်မျှော်စမ်း နင့်ကိုယ်
ဒေသနာ ထင်အလင်းရယ်နဲ့
နင်အဖျင်း ပိုထက်သာပို။

သည်လောဘ စရိုက်အိုကို
မလိုက်လို ရှောင်ပစ်လို့
နောင်အသစ် တကယ်ပြင်လျှင် ကောင်းဘို့အစဉ်
ခွင့်သာခိုက်ကမ မလိုက်ချင်လျှင် အမိုက်နင့်ပြင် ရှိသေးလေလိမ့်လား။

ခွင့်သာဆဲကမ မခဲချင်လျှင် အလွဲနင့်ပြင် ရှိသေးလေလိမ့်လား။

ခွင့်သာတုန်းကမ မရုန်းချင်လျှင် အရှုံးနင့်ပြင် ရှိသေးလေလိမ့်လား။


တက္ကသိုလ်မောင်ပညာ


0 comments:

Post a Comment