လန်ဒန်မြို့သို့ ရောက်နေခဲ့စဉ် တစ်နေ့မှာ ဆရာတော်တို့နဲ့ အတူ နေ့ဆွမ်းစားကြွခဲ့ရပါတယ်။ ဆရာတော်ရယ်၊ သူငယ်ချင်းရယ်၊ စာရေးသူရယ်ပါ။ မြန်မာမိသားစုများ သိုက်သိုက်ဝန်းဝန်းနဲ့ ဆွမ်းခဲဖွယ်များ ဆက်ကပ်လှူဒါန်း ခဲ့ကြ ပါတယ်။ ဆွမ်းအလှူရှင်ရဲ့ ဆွမ်းလှူဒါန်းတဲ့ ရည်ရွယ်ချက်က ဘ၀တစ်ပါးသို့ ပြောင်းသွားခဲ့တဲ့ ခင်ပွန်းဖြစ်သူ အတွက် ရည်စူးပြီး ကုသိုလ်ပြုလုပ်တာဖြစ်ပါတယ်။ ကွယ်လွန်သွားခဲ့တာ (၇) နှစ် ရှိခဲ့ပြီဖြစ်ကြောင်းလည်း လျှောက်ထား ပါတယ်။

ဆရာတော်မှ စာရေးသူအား တရားဓမ္မ ချီးမြှင့်ရန် တာဝန်ပေးခဲ့ပါတယ်။ ပြီးတော့ ဆရာတော်မှပဲ  စာရေးသူဟာ ဧည့်သည် (အာဂန္တု) တစ်ပါး ဖြစ်တဲ့အကြောင်း၊ ဂျာမဏီမှာ သီတင်းသုံးနေထိုင်တာဖြစ်ကြောင်း စသည်ဖြင့် ဒကာ၊ ဒကာမ များနဲ့လည်း မိတ်ဆက်ပေးခဲ့ပါတယ်။ အဲဒီနောက် စာရေးသူမှ တရားဓမ္မ အနည်းငယ် ချီးမြှင့်ခဲ့ပါတယ်။ ချီးမြှင့်ခဲ့တဲ့ တရားကတော့ တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက ဘဒ္ဒန္တသီလက္ခန္ဒာဘိဝံသ ရေးဖွဲ့ပူဇော်ထားတဲ့ တိပိဋကဓရ အရှင်မြတ်များ၏ဖခင် ကမ္ဘာကျော် မင်းကွန်းထေရ်အရှင် ဆိုတဲ့စာအုပ်ထဲက ပညာရှင်များ မိန့်ဆိုသွားတဲ့ စကားလေးပါ။ ဒီစကားလေးကို နှစ်သက် သဘောကျတာလည်းပါ၊ တိုက်ဆိုင်တာ လည်းပါ၊ ပြီးတော့ အမှတ်ရတာလည်းပါလို့ အမှတ်တရ ပြောပြဖြစ်ခဲ့တာပါ။

အဲဒီစကားကတော့ ကြာလည်းမမေ့၊ ရှာလည်းမတွေ့၊ ငါလည်းတစ်နေ့ ဆိုတဲ့ စကားလေးပါပဲ။ ကြာလည်းမမေ့တဲ့ ဆိုတဲ့ ဒီစကားက ကျေးဇူးရှိခဲ့ကြတဲ့ သူတွေ၊ မိတ်ဆွေသင်္ဂဟတွေ ဆုံးပါးသွားခဲ့ကြတဲ့အခါ ကျန်ရစ်ခဲ့ကြရှာတဲ့ သူတွေက ကောင်းရာသုဂတိကို ရောက်ကြပါစေဆိုတဲ့ ကောင်းမြတ်တဲ့ ရည်ရွယ်ချက်နဲ့ ကုသိုလ်ကောင်းမှုတွေ ကို သတိတရ ပြုလုပ်ကြပါတယ်၊ ရေစက်သွန်းချပြီး အမျှအတန်း များ ပေးဝေလေ့ရှိကြပါ တယ်။ ဒါဟာ ဗုဒ္ဓဘာသာဝင်များရဲ့ ကောင်းမြတ်တဲ့ အစဉ်အလာတစ်ခုဖြစ်သလို၊ လိုက်နာသင့်၊ အတုယူသင့်တဲ့ အလေ့အကျင့်ကောင်း တစ်ခုလည်း ဖြစ်ပါတယ်။ ဘယ်လောက်ပဲ နှစ်ပရိစ္ဆေဒတွေ ကြာညောင်းနေပါစေ သူတစ်ပါး ရဲ့ ကျေးဇူးကို ဘယ်တော့မှ မမေ့ဘူးဆိုတဲ့ သဘောနဲ့ ကျေးဇူးတရားကို သိတတ်ကြသူတွေဟာ တစ်လတစ်ခါ (သို့မဟုတ်) တစ်နှစ် တစ်ခါတော့ များသောအားဖြင့် ကုသိုလ် ပြုလုပ်ကြပါတယ်။ ဒါဟာ ပထမဆုံးစကားရဲ့ ကြာ လည်း မမေ့ ဆိုတဲ့ သဘောပါပဲ။

နောက် ဒုတိယ စကားတစ်ခွန်းက ရှာလည်းမတွေ့ တဲ့ ပုထုဇဉ်တို့ရဲ့ သဘာဝအရ ကွယ်လွန်ဆုံးပါးသွားတဲ့အခါ လားရောက်ရမယ့် ဘုံဘ၀ဟာ  ဒေ၀ဂတိ = နတ် - ဗြဟ္မာပြည်၊ မနုဿဂတိ = လူ့ပြည်၊ နိရယဂတိ = ငရဲပြည်၊ ပေတဂတိ = ပြိတ္တာပြည်၊ တိရစ္ဆာနဂတိ = တိရစ္ဆာန်ပြည် ဆိုပြီး ငါးနေရာ၊ နေရာငါးခု ရှိပါတယ်။ အဲဒီနေရာ ငါးခုမှာ တစ်နေရာရာ၊ တစ်ခုခုတော့ လူတိုင်းရောက်ကြရ၊ ဖြစ်ကြရပါတယ်။ တစ်နည်းအားဖြင့် ပြောရရင် သုံးဆယ့်တစ်ဘုံ အတွင်းမှာ ကျင်လည်ကြရပါတယ်။ ဘယ်ဘ၀၊ ဘယ်ဌာန ရောက်မယ်ဆိုတာ မသိနိုင်ကြ ပါဘူး၊ လိုက်ရှာလို့လည်း မတွေ့နိုင်တော့ပါဘူး။ တကယ်လို့ ဘ၀တစ်ခုခုမှာ ကြုံတောင်ကြုံခဲနဲ့ ပြန်လည်ကြုံတွေ့ ခဲ့ကြမယ်၊ ဆုံတွေ့ခဲ့ကြမယ် ဆိုရင်တောင်မှ ဘ၀တွေ မြောက်မြားစွာ ခြားနားသွားခဲ့ကြတဲ့ အတွက်ကြောင့် လည်းကောင်း၊ ဇာတိဿရဥာဏ် မရကြတဲ့အတွက်ကြောင့် လည်းကောင်း မှတ်မိကြမှာ မဟုတ်ပါဘူး။ ဒါကြောင့်လည်း ရှာလည်း မတွေ့လို့ ဆိုထားခဲ့တာပါ။

နောက်ဆုံး တတိယ စကားတစ်ခွန်းက ငါလည်းတစ်နေ့ တဲ့ မည်သူမဆို ဇာတိရယ်လို့ရလာရင် အိုမှု၊ နာမှု၊ သေမှုဆို တဲ့ သဘောတရားတွေကို မလွဲမသွေ ရင်ဆိုင်တွေ့ကြုံ ကြရမှာပါပဲ၊ ရှောင်လွှဲလို့မရသလို၊ ပုန်းအောင်းနေလို့လည်း မရပါဘူး။ တစ်နေ့နေ့ တစ်ချိန်ချိန်မှာ မိမိထံမှောက် ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာမှာပါပဲ။ အိုမှုရဲ့ခေါ်ဆောင် မှု နောက်၊ နာမှုရဲ့ခေါ်ဆောင်မှု နောက်၊ သေမှုရဲ့ ခေါ်ဆောင်မှု နောက်ကို မလိုက်ချင်ပေမယ်လို့ မလွဲဧကန် အသီးသီး လိုက်ကြရမှာပါပဲ။ မည်သူမျှ ငြင်းဆန်လို့ မရ၊ လွန်ဆန်လို့ မရ၊ တံစိုးလက်ဆောင်ပေးလို့ မရကြပါဘူး။ သူရော ကိုယ်ပါ အားလုံးဟာ ဇရာ၊ ဗျာဓိ၊ မရဏတို့ရဲ့ ခေါ်ဆောင်ရာ နောက်ကို ကောက်ကောက်ပါအောင် လိုက်ကြ ရမှာပါပဲ။ ဒါကြောင့်လည်း ငါလည်းတစ်နေ့ လို့ မိန့်ဆိုထားခဲ့ တာပါ။ ဒီစကားဟာ စာရေးသူတို့ကို သတိ သံဝေဂ ပေးတဲ့ စကားလေးပါပဲ။ မေ့မေ့လျော့လျော့ မနေသင့်ဘူး ဆိုတဲ့ သဘောကို ညွှန်ပြတဲ့ စကားလည်းဖြစ်ပါ တယ်။ အဲဒါကြောင့် အသိပညာနဲ့ ပြည့်စုံနေတဲ့ လူ့ဘ၀ကို ရရှိနေကြတဲ့ အခိုက်အတန့်လေး မှာ ကောင်းမှုကုသိုလ် တရားတွေကို တတ်နိုင်သမျှ ရယူထားကြရပါမယ်၊ ဆည်းပူးထားကြရပါမယ်၊ မာန်မာနတွေ အာဃာတတွေ မထားဘဲ ဘေးဖယ်ထားရမယ်လို့ ငါလည်းတစ်နေ့ ဆိုတဲ့ စကားလေးက သတိသံဝေဂတွေပေးပြီး တိုက်တွန်းနေပါ တယ်။

ဒီစကားသုံးခွန်းကို သေချာစဉ်းစားကြည့်မယ်ဆိုရင် ကြာလည်းမမေ့ဆိုတဲ့ စကားက သူတစ်ပါးရဲ့ ကျေးဇူးတရား ကို အမြဲတမ်းအမှတ်တရ ပြုသင့်တယ်ဆိုတဲ့အမြင်၊ ရှာလည်း မတွေ့ဆိုတဲ့ စကားက လူ့ဘ၀ နေရတဲ့ အခိုက်အတန့် လေးမှာ မိသားစုအချင်းချင်း၊ ဆွေမျိုးအချင်းချင်း၊ မိတ်သင်္ဂဟ အချင်းချင်းအပေါ်မှာ မေတ္တာ သက်ဝင်ပြီး ချစ်ချင်ခင်ခင် ကြင်ကြင်နာနာ နေထိုင်ကြရမယ်ဆိုတဲ့အမြင် နဲ့ ငါလည်း တစ်နေ့ဆိုတဲ့ စကားက သတိသံဝေဂတွေ ပွားများပြီး ကုသိုလ်တရားတွေကို မမေ့မလျော့ ကြိုးစားပွားများ ပြုလုပ်ထားသင့်တယ်ဆိုတဲ့ အမြင်တွေ ပေးနေတာ ကို တွေ့မြင်ကြရမယ်၊ တွေ့မြင်ကြရတယ်ဆိုတဲ့ အကြောင်း ပြောပြဖြစ်ခဲ့ပါတယ်။

အခုလို တိုက်တွန်းစကားပြောခဲ့ပုံအတိုင်း မင်းကွန်းတိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက ဆရာတော်ဘုရားကြီးက လည်း -

·     ရုပ်နာမ်ဓမ္မ၊ သင်္ခါရတို့..ကိုယ်ကဤပုံ၊ ဖြစ်လိုတုံလည်း…တစ်ဖုံဆင်ကွဲ၊ သူတနဲဖြင့်၊ ဖောက်လွဲတတ်စွာ ဓမ္မ တာကို ပညာစက္ခု၊ မျှော်ထောက်ရှု၍…

·         ယခုပင်လျှင်၊ မအိုခင်က..ကြိုတင်ကောင်းမှု၊ ကြိုးစားပြုလော့..

·         ယခုပင်လျှင်၊ မနာခင်က…ကြိုတင်ကောင်းမှု၊ ကြိုးစားပြုလော့..။

·         ယခုပင်လျှင်၊ မသေခင်က..ကြိုတင်ကောင်းမှု၊ ကြိုးစားပြုလော့…။

·   ရတုချိန်ထောက်..ဤခါရောက်မှ ချုပ်ပျောက်ခန္ဓာ..သေစိမ့်ငှာဟု..သတ္တဝါခပင်း၊ ရှင်သေမင်းနှင့်၊ မိတ်သင်းဖွဲ့ လျက်၊ ချိန်းအချက်လျှင်..တစက်ကမှမရှိကြဘူး။

·         အပ္ပမာဒေန၊ ဘိက္ခဝေ သမ္ပာဒေထ၊ ဘုရားစကား၊ လိုက်နာပွားကာ၊ တရားလက်မလွှတ်စေနှင့်.

ဟု သံဝေဂ ကဗျာရေး၍ သတိပေးခဲ့ပါတယ်။

(လန်ဒန်သို့ ရောက်ခဲ့စဉ်က ဟောကြားခဲ့တဲ့ တရားကို ပြန်လည်၍ မှတ်တမ်းတင်ထားခြင်း ဖြစ်ပါသည်။)

ရွှင်လန်းချမ်းမြေ့ကြပါစေ။

အရှင်ပညာဝံသ (ကွမ်းခြံကုန်း)



နည်းသည်ဖြစ်စေ၊ များသည်ဖြစ်စေ လူတိုင်းလိုလို အလှူကောင်းမှု တစ်ခုခုကို ပြုလုပ်ခဲ့ကြဖူးသူတွေ များပါ တယ်၊ အဲဒီ အလှူမှာလည်း တိုက်တွန်းလို့ လှူလိုက်ရတဲ့အလှူနဲ့ မတိုက်တွန်းရဘဲ ပင်ကိုယ် အသိစိတ်ဓာတ်နဲ့ အလိုလို သဒ္ဓါပေါက်ပြီး လှူတဲ့ အလှူဆိုပြီး အလှူနှစ်မျိုးရှိပါတယ်၊ ပါဠိလိုတော့ သသင်္ခါရိက ကုသိုလ် နဲ့ အသင်္ခါရိက ကုသိုလ်လို့ ခေါ်ပါ တယ်။ (သသင်္ခါရိက ကုသိုလ် = တိုက်တွန်းလို့ လှူဖြစ်တဲ့ ကုသိုလ်၊ အသင်္ခါရိ က ကုသိုလ် = မတိုက်တွန်းရဘဲ လှူဖြစ်တဲ့ ကုသိုလ်)၊ စာရေးသူဟာ သူတစ်ပါးတိုက်တွန်းလို့ လှူဖူးတဲ့ အလှူ ကုသိုလ်ကိုရော၊ မတိုက်တွန်းဘဲနဲ့ လှူဖူးတဲ့ အလှူ ကုသိုလ် နှစ်မျိုးလုံးကိုပါ လှူဒါန်းခဲ့ဖူးပါတယ်။ ဒီကုသိုလ် နှစ်မျိုးထဲမှာ သူတစ်ပါးရဲ့ တိုက်တွန်းနှိုးဆော်မှု မပါဘဲ လှူဒါန်းဖြစ်တဲ့ ကုသိုလ်က ပို၍ အကျိုးကျေးဇူး များလှပါ တယ်။ သူတစ်ပါး မတိုက်တွန်းဘဲ လှူဒါန်း ဖြစ်တဲ့ ကုသိုလ်က ပိုလို့အကျိုးများကြောင်းကို ငယ်စဉ် စာသင်သား ဘ၀ ဆရာဘုန်းကြီး ထံမှာ စာဝါလိုက်ခဲ့စဉ်ထဲက သိရှိနားလည်ခဲ့ပြီးသားပါ၊ သို့သော် ကလေးဘ၀ က ဒီစာအံ၊ ဒီစာကျက် အဆင့်ပါပဲ၊ စာမေးပွဲ အောင်ပန်းဆင်နိုင်ဖို့အတွက်သာ အဓိကထား ကျက်မှတ်သင်ယူ ခဲ့မိတာ အမှန်ပါပဲလို့ ရိုးသားစွာ ၀န်ခံပါရစေ။ နက်နက်နဲနဲ တွေးခေါ်တတ်မှု မရှိခဲ့သေးပါ။


အခုအချိန်မှာတော့ ငယ်စဉ်က သင်အံခဲ့တဲ့ စာတွေရဲ့ သဘောသဘာဝကို ကလေးဘ၀ကထက်စာရင် လက်တွေ့ ခံစားသိမြင်နိုင်တတ်၊ တွေးခေါ်ဆင်ခြင်နိုင်တတ်တဲ့ အနေအထားသို့ အနည်းငယ် ရောက်ရှိ လာတယ် လို့ ဆိုရမလားပါပဲ၊ အကြောင်းမှာ စာရေးသူ ကိုယ်တိုင်လှူဖြစ်ခဲ့တဲ့ အလှူလေးကို တွေးပြီး ၀မ်းသာကြည်နူးမှုကို ဖြစ်ပေါ်စေခဲ့လို့ပါပဲ၊ ဒီအလှူကလည်း မထင်မှတ်ဘဲ လှူဖြစ်ခဲ့တဲ့ အလှူဖြစ်သလို၊ မတိုက်တွန်းဘဲနဲ့ လှူဖြစ်ခဲ့တဲ့ အလှူလည်း ဖြစ်လို့ပါပဲ၊ တစ်နေ့ စာရေးသူ နေထိုင်သီတင်းသုံးတဲ့ဆီကို စာရေးသူရဲ့ ဒကာမကြီး ရောက်ရှိလာခဲ့ ပါတယ်။ ဒကာမကြီးက အများအကျိုး သယ်ပိုးရွက်ဆောင်ပေးနေတဲ့ ဒကာမကြီးပါပဲ၊ စာရေးသူထံ ရောက်လာ တာကလည်း ကြုံလို့ဆုံလို့ ရောက်လာခြင်းမျိုးပါ၊ သီးသန့် လာခြင်းမျိုး မဟုတ်ပါဘူး၊ ပရဟိတနဲ့ ပတ်သက်တဲ့ အစည်းအဝေးတစ်ခုကို တက်ရောက်ဖို့အတွက် လာရောက်ရင်းနဲ့ ကြုံလို့ လာရောက်ခဲ့ခြင်းသာ ဖြစ်ပါတယ်။

ဒကာမကြီး ရောက်လာတာနဲ့ စာရေးသူလည်း အလွန်ပဲ ၀မ်းသာခဲ့ပါတယ်၊ ဒကာမကြီးတို့ရဲ့ ပရဟိတ လုပ်ငန်းတွေ လုပ်ကိုင်ဆောင်ရွက်နေတာကို ကြည့်ပြီးလည်း သာဓု အကြိမ်ကြိမ် ခေါ်ဆိုဖြစ်ခဲ့ပါတယ်။ မိမိ ကိုယ်တိုင် မဆောင်ရွက်နိုင်ပေမယ့် ဆောင်ရွက်နိုင်ကြတဲ့ သူတွေကို ကြည့်ပြီး ပီတိဖြစ်ခဲ့ပါတယ်၊ ပီတိ ဖြစ်ရုံတင် မကဘဲ တတ်နိုင်သလောက် တစ်ဖက်တစ်လမ်းကနေ ဆောင်ရွက်ချင်တဲ့ စိတ် ဆန္ဒများ လည်း ဖြစ်ပေါ်ခဲ့ပါတယ်။ ဒါနဲ့ ဒကာမကြီးကိုပဲ အကူအညီတောင်းပြီး စာရေးသူရဲ့ ဇာတိ ချက်ကြွေ မွေးရပ်မြေက မူကြိုကလေးငယ်များ အတွက်ရော၊ ကျေးရွာစာကြည့်တိုက် အတွက်ပါ အလှူငွေ ထည့်ဝင်လှူဒါန်းဖြစ်ခဲ့ပါတယ်။ ဒကာမကြီးမှ တစ်ဆင့် လှူဒါန်းကူညီပေးဖို့လည်း မေတ္တာရပ်ခံဖြစ်ခဲ့ပါတယ်။
စာရေးသူရဲ့ ကျေးရွာ စာကြည့်တိုက်အတွက် စာအုပ် စာတမ်းများ လိုအပ်နေလို့ လှူဒါန်းမယ့် အကြောင်း ရင်းနှီး ခင်မင်တဲ့ ဒကာ၊ ဒကာမ ဇနီးမောင်နှံတို့ကို ပြောပြဖြစ်တော့ သူတို့လည်း ပါဝင်လှူဒါန်းကြမယ့် အကြောင်း ပြောကြားပြီး ပါဝင်လှူဒါန်းဖြစ်ခဲ့ပါတယ်။ ပို၍ အားဖြစ်စေခဲ့ပါတယ်။ အခုတော့ စာအုပ်စာတမ်း များလည်း ၀ယ်ယူစုဆောင်းပြီးပြီဖြစ်ကြောင်းနဲ့ ဒကာမကြီးတို့ မိသားစုကိုယ်တိုင် သွားရောက်လှူဒါန်းမယ့် အကြောင်း သိရတော့ Donna Wick  ရဲ့ No Small Act of Kindness  ဆိုတဲ့ စာသားလေးကို သတိရမိခဲ့တယ်။ နောက်ပြီး ဆရာကြီး ဦးရွှေအောင်ရဲ့ တစ်စစစွန့်ဝံ့မှလျှင် ဘ၀နောက်နှောင်း ဆက်တိုင်းကောင်းလိမ့် ဆိုတဲ့ စာသားလေးကိုလည်း အမှတ်ရမိပြန်ပါတယ်။

အများအတွက် ပေးဆပ်ခွင့် ရတာကို ကြည်နူးနိုင်ကြရမှာပဲ၊ စာရေးသူ လှူဒါန်းဖြစ်ခဲ့တဲ့ အလှူငွေ အနည်း ငယ်နဲ့ ကလေးငယ်များ မူကြိုကျောင်းလေးအတွက် ပျဉ်အခင်း လှူဒါန်းလိုက်ကြောင်း သိခဲ့ရပါ တယ်၊ ဘယ်နေရာမှာပဲသုံးသုံး သင့်တော်မယ့်နေရာမှာ လိုအပ်သလို အသုံးပြုဖို့ လှူလိုက်တာလည်း ဖြစ်ပါ တယ်။ ကျေးရွာမှာရှိတဲ့ မူကြိုကျောင်းလေးဟာ ကွန်ကရစ်ခင်းထားတာဖြစ်တဲ့အတွက် ၃ နှစ်၊ ၄ နှစ်အရွယ် ကလေးငယ်များရဲ့ ကျန်းမာရေးနဲ့ဘယ်လိုမှ မသင့်လျှော်တာအမှန်ပါပဲ၊ ဒါကြောင့် သင့်လျှော်တဲ့ ပျဉ်အခင်းနဲ့ အစားထိုးလိုက်တာဟာ အကောင်းဆုံးပါပဲ၊ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ပျဉ်ခင်းအလှူဟာ ကျန်းမာရေး ကောင်းဖို့အတွက် ဆေးစွမ်းကောင်းတစ်လက်ပါပဲ၊ တစ်နည်းအားဖြင့် ကျန်းမာရေးနဲ့ အညီ  လှူလိုက်ရတာပါပဲ၊ ဒါ့အပြင် စာကြည့်တိုက်အတွက် စာအုပ်စာတမ်းများ လှူဒါန်း လိုက်ရတာ လည်း စိတ်ဓာတ်ခွန်အား၊ ဗဟုသုတ ခွန်အားတွေ တိုးပွားဖို့ လှူဒါန်းလိုက်ရတာဖြစ်တဲ့အတွက် စိတ် ကျန်းမာရေးကောင်းမွန်ဖို့ တစ်နည်းအားဖြင့် စိတ်ဓာတ်ခွန်အားဖြစ်ထွန်းဖို့ စာပေဆို တဲ့ ဆေးစွမ်း ကောင်းတစ်လက်ကို တိုက်ကျွေး လိုက်ရတာပါလားလို့လည်း ခံယူမိပါတယ်။ မုဒိတာလည်း အကြိမ်ကြိမ် ပွားများမိပါတယ်။ ဒကာမကြီးတို့ အကူအညီနဲ့ ဒါနပါရမီကို အမှီပြုပြီး ပညာပါရမီကိုပါ အတိုင်း အတာ တစ်ခုအထိ  ဖြည့်ဆည်းခွင့်ရတာဟာ ကိုယ်ကျန်းမာရေးနဲ့ စိတ်ကျန်းမာရေုးတို့အတွက် ဆေးစွမ်း တစ်လက်ကို တိုက်ကျွေးနိုင်ခွင့် လှူဒါန်းနိုင်ခွင့် ရလိုက်တာပဲလို့ တွေးမိရင်း အထူးပဲ ၀မ်းမြောက်မိပါတယ်။

ရွှင်လန်းချမ်းမြေ့နိုင်ကြပါစေ။
အရှင်ပညာဝံသ (ကွမ်းခြံကုန်း)