ငယ်သူငယ်ချင်းထံမှ အာစရိယပူဇော်ပွဲ ကျင်းပပြုလုပ်ကြမယ့်အကြောင်း ဖုန်းဆက်ပြီး အကြောင်းကြားပါ တယ်။ ငယ်စဉ် တွဲဘက်အလယ်တန်းကျောင်းမှာ ပညာသင်ယူခဲ့ကြတဲ့ သူငယ်ချင်းတွေ စုပေါင်းပြီး ကုသိုလ် ပြုကြမယ့်ပွဲပါ။ ကျင်းပပြုလုပ်မယ့် နေ့က ၂၆. ၀၄. ၂၀၁၅ ရက်၊ တနင်္ဂနွေနေ့ပါ။
        အဲဒီနေ့မှာ ၁၉၈၃၊ ၈၄၊ ၈၅ ခုနှစ်များတွင် ပညာသင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူ ဟောင်းများ စုပေါင်း၍ ဆရာ၊ ဆရာမများအား အာစရိယပူဇော်ပွဲ ကျင်းပပြုလုပ်ခဲ့ကြပါတယ်။ အဲဒီပွဲသို့ စာရေးသူလည်း သွားရောက်ခဲ့ပါတယ်။ ၂၇. ၀၄. ၂၀၁၅ ရက်နေ့မှာတော့ စာရေးသူ ပြည်ပထွက်ဖို့ ဇာတိမြို့ကနေ ရန်ကုန်မြို့ကို အထုပ်အပိုးတွေပြင်ဆင်ပြီး လာခဲ့ပါတယ်။ ရန်ကုန်မလာခင် နံနက်မှာ အာစရိယပူဇော်ပွဲကို ဦးဆောင်ကျင်းပပြုလုပ်ခဲ့တဲ့ သူငယ်ချင်းထံ ဖုန်းဆက်ပြီး အာစရိယပူဇော်ပွဲ အကြောင်း မေးမြန်းရင်း ပြည်ပပြန်ထွက်ဖို့ ဒီနေ့ပဲ ရန်ကုန်ကို သွားမယ့် အကြောင်းပြောဖြစ်ခဲ့ပါတယ်။ သူငယ်ချင်းက သူလည်း ရန်ကုန်သွားမှာဖြစ်ကြောင်း ပြောတာနဲ့ ကားနေရာစီစဉ်ပြီး ၀င်ခေါ်ဖို့ အကူအညီ တောင်းခဲ့ပါတယ်။ စာရေးသူထံ သူငယ်ချင်း ရောက်တော့ ခဏစောင့်ဖို့ ဆရာမ မှာလိုက်တဲ့အကြောင်း၊ ဆရာမလည်း သူ့အိမ်ကနေ ထွက်လာပြီဖြစ်ကြောင်း ပြောတာနဲ့ ခေတ္တစောင့်ဆိုင်းခဲ့ပါတယ်။ မကြာခင်ပဲ ဆိုက္ကားတစ်စီးနဲ့ ရေးကြီး သုတ်ပြာ ရောက်လာခဲ့ပါတယ်။ ရောက်ရောက်ချင်းပဲ တပည့်ဖြစ်ခဲ့တဲ့ စာရေးသူကို န၀ကမ္မ ထည့်ထားတဲ့ စာအိတ်တစ်အိတ် ကပ်လှူပါတယ်။ ကားကလည်း ထွက်ဖို့စောင့်နေတာနဲ့ ရှည်ရှည် ဝေးဝေး မပြောဖြစ်ဘဲ နှုတ်ဆက်ရုံပဲ နှုတ်ဆက်နိုင်ခဲ့ပါတယ်။
          ရန်ကုန်ရောက်တဲ့အထိ စာအိတ်ကို ဖွင့်မဖောက်ဖြစ်သေးဘဲ ၀ယ်ချမ်းစရာရှိတာတွေ ၀ယ်၊ ပြင်ဆင် စရာရှိတာတွေ ပြင်ဆင်ရင်းနဲ့ မေ့လျော့နေခဲ့ပါတယ်။ ညပိုင်းရောက်မှ စာအိတ်ကို ဖွင့်ကြည့်မိတော့ ၀တ္ထုငွေ တော်တော်များများလှူလိုက်တာကို သိရှိခဲ့ရပါတယ်။ ပြည်ပထွက်မယ့်အကြောင်း အာစရိယ ပူဇော်ပွဲနေ့မှာ ပြောခဲ့ရင် အခုလို လှူလိုက်မှာတွေးမိလို့ မပြောဘဲ ထွက်လာခဲ့ပေမယ့်၊ သူငယ်ချင်း ပြောပြလိုက်တဲ့ အတွက် သိရှိသွားပြီး လာရောက်လှူဒါန်းသွားတာပါ။ စာရေးသူတို့ ငယ်စဉ်ကလေးဘ၀ကလည်း ကျေးလက်တောရွာလေးကို နေ့စဉ်လာပြီး အပင်ပန်း အဆင်းရဲခံကာ ပညာသင်ကြားပေးခဲ့၊ အရွယ်ရောက် လာပြီဖြစ်တဲ့ အခု အချိန်တိုင်အောင်လည်း တပည့်ကို တတ်နိုင်သမျှ ကူညီပေးခဲ့တဲ့ ဆရာမရဲ့ မွန်မြတ်တဲ့ စေတနာ၊ စင်ကြယ်တဲ့စိတ်ထား၊ တပည့်များ အပေါ်မှာ သားသမီးပမာ စောင့်ရှောက်ခဲ့တာကို တွေ့မြင်သိရှိခဲ့ ရတော့ ရင်ထဲမှာ အတိုင်းမသိအောင် ပြောမပြတတ်အောင် ခံစားမှုတစ်ခု ဖြစ်ပေါ်စေခဲ့ပါတယ်။ ဆရာ ဆရာမတွေဟာ တပည့်များအပေါ် သား သမီးများပမာ ကျောသား ရင်သား မခွဲခြားဘဲ တတ်စေချင်တဲ့ စေတနာ၊ မြတ်စေချင်တဲ့ စေတနာတွေ အပြည့် အ၀ထားပါလားဆိုတာ တပည့်ကိုယ်တိုင် လက်တွေ့ခံစား သိရှိခဲ့ရ၊ နားလည်လာခဲ့ရပါတယ်။ ဒါနဲ့ လိုက်ပါပို့ဆောင်ပေးခဲ့တဲ့ သူငယ်ချင်းထံ ဖုန်းဆက်ပြီး ဆရာမ န၀ကမ္မများလှူလိုက်တဲ့အကြောင်း အားနာတဲ့ကြောင်း၊ အမြဲလည်း သတိရပါကြောင်း ပြောဖြစ်ခဲ့ပါတယ်။ စိတ်ထဲမှာလည်း ရေကြီးသုတ်ပြာနဲ့ လာတဲ့ပုံကိုလည်း မြင်ယောင်နေခဲ့မိတယ်။
          မထင်မှတ်ဘဲ ဆရာ၊ ဆရာမ စုံစုံလင်လင်နဲ့ရော သူငယ်ချင်းတော်တော်များများနဲ့ပါ တွေ့ကြုံခဲ့ရတဲ့ အတွက် ငယ်ရွယ်စဉ် ကျောင်းသားဘ၀ကို ပြေးမြင်ယောင်မိခဲ့သလို ၀မ်းမြောက်ဝမ်းသာလည်း ဖြစ်ခဲ့ပါ တယ်။ နောက်တစ်နေ့မှာ တပည့်ဖြစ်ခဲ့တဲ့ စာရေးသူအပေါ် ထားခဲ့တဲ့ စေတနာကိုပါ သိရှိခွင့် နားလည်ခွင့် ရခဲ့ပါတယ်။ သူငယ်ချင်း ပြောပြမှ ထပ်မံသိခွင့်ရခဲ့တာက ဒီနှစ် ဖေဖော်ဝါရီလမှာ ပင်စင်ယူသွားပြီဆိုတာ ရယ်၊ တပည့်ဖြစ်တဲ့ စာရေးသူကို အိမ်ပင့်ပြီး အလှူအတန်း ပြုလုပ်ချင်တာရယ်တို့ကို ပြောတယ်ဆိုတဲ့ အကြောင်း၊ စာရေးသူ ပြည်ပထွက်မှာမို့ အခုလို ချက်ချင်းစီစဉ်တာဖြစ်မယ့် အကြောင်း စသည်တို့ကို မမေ့ နိုင်ဖွယ်ရာ ပြောပြလို့ သိရှိခဲ့ရပါတယ်။ ဒီအရာအားလုံးဟာ စာရေးသူအတွက်တော့ မထင်မှတ်ဘဲ အမှတ်ရ စေခဲ့တဲ့ နေ့များစွာထဲက နေ့တစ်နေ့ပါပဲ။
ရွှင်လန်းချမ်းမြေ့ကြပါစေ။

0 comments:

Post a Comment

My Photo Album

Labels

article (38) home (2) photo (2) video (1)
Myspace Clocks, Flowers Clocks at WishAFriend.com

Get the Twitter Widget widget and many other great free widgets at Widgetbox! Not seeing a widget? (More info)

Labels