အနန္တောအနန္တ ငါးပါးတွင် ဆရာသည် တစ်ပါးအပါအ၀င် ဖြစ်ပါတယ်။ ယနေ့ခေတ်အခါတွင် အမြို့မြို့ အနယ်နယ်ရှိ စာသင်ကျောင်းတိုင်းတွင် တပည့်ဟောင်းများ စုပေါင်း၍ အာစရိယ ပူဇော်ပွဲများ ကျင်းပပြု လုပ်လေ့ရှိကြတာကို တွေ့မြင်နေရ၊ ကြားသိနေရပါတယ်။ မိမိတို့ တက်ရောက်သင်ယူ ခဲ့ကြတဲ့ ကျောင်းမှ ဆရာ ဆရာမများအား ကျောင်းသား၊ ကျောင်းသူဟောင်များ ဖြစ်ကြတဲ့ တပည့်ဟောင်းများက မေတ္တာ စေတနာဖြင့် အထူးဂါရ၀ထားကာ စုပေါင်းပြီး ပူဇော်ကန်တော့ကြခြင်း၊ ဧည့်ခံကြခြင်းလည်း ဖြစ်ပါတယ်။

          ၂၆. ၄. ၂၀၁၅ ရက်၊ တနင်္ဂနွေနေ့တွင် တွဲဘက် အ လ က ကျောင်းမှာ ငယ်စဉ်က ပညာသင်ရည်နို့ အတူတူသောက်စို့ခဲ့ကြတဲ့ တပည့်ဟောင်းမျာဖြစ်ကြသည့် ကျောင်းသား၊ ကျောင်းသူ ဟောင်းများက ဆရာ ဆရာမများအား ပင့်ဖိတ်၍ အာစရိယပူဇာ မြတ်ဆရာပူဇော်ပွဲကို ကျင်းပပြုလုပ်ခဲ့ကြပါတယ်။ ဒီအကြိမ်နှင့် ဆိုလျှင် ဒုတိယ အကြိမ်မြောက် ကျင်းပပူဇော်တဲ့ ပွဲလည်းဖြစ်ပါတယ်။ ပထမအကြိမ် ကျင်းပပြုလုပ်ခဲ့စဉ်က အဝေးတစ်နေရာကို ရောက်နေတဲ့အတွက် မသိရှိခဲ့ရပါ။ ယခု ဒုတိယ အကြိမ်မှာတော့ ပါဝင်ခွင့် ရခဲ့ပါတယ်။ အာစရိယပူဇော်ပွဲ လာရောက်ဖို့လည်း သူငယ်ချင်းများက အကြောင်းကြားကြပါတယ်။ အဲဒီအချိန်မှာ စာရေးသူ မအားမလပ်ဖြစ်နေ၍ လာရောက်နိုင်အောင် ကြိုးစားပါမယ်လို့ သူငယ်ချင်းများထံ အကြောင်းပြန်ခဲ့ပါတယ်။ ဒါပေမယ့် သူငယ်ချင်းများရဲ့ ဆန္ဒကို မလွန်ဆန်ချင်တာရယ် မတွေ့ဆုံကြရတာ ကြာပြီဖြစ်တဲ့ ဆရာ ဆရာမများကို တွေ့ဆုံချင်တာရယ်ကြောင့် ကြိုးစားပြီး အာစရိယပူဇော်ပွဲသို့ သွားရောက်ဖြစ်ခဲ့ပါတယ်။ ( စီစဉ်သူများမှ ရက်အနည်းငယ်အတွင်း ပူဇော်ပွဲ ဖြစ်မြောက်အောင် ဆောင်ရွက် ကြတဲ့ အတွက် အချို့ တပည့်ဟောင်း မလာရောက်နိုင်ကြပါ။ ကျောင်းသားဟောင်းများ စုံလင်စွာ မလာရောက်နိုင်ကြပေမယ့် အာစရိယ ပူဇော်ပွဲအတွက် ပါဝင်လှူဒါန်းခဲ့ကြပါတယ်။)       

          ဆရာ ဆရာမများထံတွင် ပညာရည်နို့ သောက်စို့ခဲ့ကြသော တပည့်များတွင် သာသနာ့ဘောင်သို့ ၀င်ရောက်နေကြသည့် တပည့်များလည်း ပါဝင်ပါသည်။ တပည့်များဖြစ်ခဲ့ကြသည့် ရဟန်းတော်များကို လည်း ပင့်ဖိတ်ပြီး ပရိတ်တရားတော်များ နာယူခြင်း၊ လှူဖွယ်များ ဆက်ကပ်လှူဒါန်းခြင်း၊ ကွယ်လွန်သွားခဲ့ ကြပြီဖြစ်တဲ့ ဆရာကြီးတို့နှင့်တကွ သတ္တ၀ါ ဝေနေယျတို့အား ရေစက်သွန်းချ အမျှပေးဝေခြင်းနှင့် ဆွမ်းခဲဖွယ် ဘောဇဉ်များ ဆက်ကပ်လှူဒါန်းခြင်းတို့ကိုပါ ပူးတွဲ ကျင်းပပြုလုပ်ခဲ့ကြပါတယ်။

          ငယ်စဉ်ကလေးဘ၀ ပညာသင်ယူစဉ်အခါက ဆင်းရဲပင်ပန်းစွာနဲ့ ပညာသင်ယူခဲ့ကြရပုံ၊ ဆရာ ဆရာမများ နေပူ မိုးရွာမရှောင် ရွှံ့ဗွက်တောထဲကို ဖြတ်ကျော်ပြီး ပညာသင်ပေးခဲ့ကြပုံတို့ကို အောက်မေ့ သတိရခဲ့ပါတယ်။ စေတနာ၊ ၀ါသနာ၊ အနစ်နာ၊ အကြင်နာ၊ နည်းနာ ဆိုတဲ့ နာငါးနာနဲ့ ပညာဖြန့်ဝေ ပေးခဲ့ ကြတဲ့ ဆရာ ဆရာမတို့ ကျေးဇူးတွေကို အမြဲတန်း အမှတ်ရစေခဲ့ပါတယ်။ ဒီကျောင်းရှေ့က ဖြတ်သွားတိုင်း ငယ်ငယ်က ပညာသင်ယူခဲ့တဲ့ ကျောင်းပဲလို့လည်း နှလုံးသွင်းဖြစ်ခဲ့ပါတယ်၊ ယခုဆိုလျှင် တိုက်ကျောင်း ဆောင်တွေနဲ့ အေးချမ်းစွာ ပညာသင်ယူနိုင်ကြပြီဖြစ်တဲ့ စာသင်ဆောင်တွေဟာ စာရေးသူတို့ ကျောင်းသား ဘ၀က ဓနိမိုး ထရံကာနဲ့ ဖြစ်သလိုစာသင်ခဲ့ရပုံ၊ စာအုပ်စာတမ်း မပြည့်မစုံ သင်ယူခဲ့ပုံတွေ စသည် စသည်ဖြင့် အတွေးပုံရိပ်တွေ အဆွေးပုံရိပ်တွေလည်း တဒင်္ဂ တစ်ခဏဖြစ်ပေါ်စေခဲ့ပါတယ်။

          အောင်အောင်မြင်မြင်နဲ့ စည်စည်ကားကား ကျင်းပပြုလုပ်နိုင်ခဲ့တဲ့ အာစရိယပူဇာ မြတ်ဆရာ ပူဇော်ပွဲနဲ့ ကျောင်းသားဟောင်းများ တွေ့ဆုံခွင့်ရတဲ့ ပွဲဟာ တဒင်္ဂ အတွေးပုံရိပ်တွေ အဆွေးပုံရိပ်တွေကို လွင့်ပျောက်စေခဲ့ပြီး ပျော်ရွှင်ကြည်နူးမှု ၀မ်းမြောက်မှုကို အမှန်ပင် ဖြစ်စေခဲ့ကြလိမ့်မယ်လို့ ယုံကြည်မိ ပါတယ်။
ရွှင်လန်း ချမ်းမြေ့ကြပါစေ။

0 comments:

Post a Comment

My Photo Album

Labels

article (38) home (2) photo (2) video (1)
Myspace Clocks, Flowers Clocks at WishAFriend.com

Get the Twitter Widget widget and many other great free widgets at Widgetbox! Not seeing a widget? (More info)

Labels