Posted by
Pannavamsa
/ 3:14 AM /
ဒီခေါင်းစဉ်လေးဟာ
တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက ပြည်ဆရာတော်ဘုရား၏ လင်္ကာထဲက ခေါင်းစဉ်လေးပါ၊ နိဓိဂဏ္ဍသုတ္တန်ကို
မှီငြမ်းပြုထားတာလည်း ဖြစ်ပါတယ်၊ အဲဒီသုတ္တန်မှာ မြတ်ဗုဒ္ဓ က စီးပွားဥစ္စာတစ်ခုထဲကိုပဲ
ကိုယ်ကျိုးအတွက် သဲသဲမဲမဲ ရှာဖွေနေကြသူတွေအတွက် သတိထား ဆင်ခြင်ရမယ့်
အချက်အလက်တွေကို ညွှန်ပြထားပါတယ်။
လောကမှာ တစ်ကိုယ်ရေ
တစ်ကာယအတွက် စီးပွားရေး ကြီးပွားရေးတွေကို အလေးထား ပြီး ဆောင်ရွက်နေတဲ့သူ၊
အများအကျိုးအတွက် လျစ်လျူရှုနေတဲ့သူဟာ၊ ရှာရင်းဖွေရင်းနဲ့ မမျှော် လင့်ဘဲ
ဆုံးပါးသွားနိုင်ပါတယ်၊ အကယ်၍
ဆုံးပါးခဲ့မယ်ဆိုရင် ကောင်းမှုကုသိုလ်ထုပ်တွေ မထုပ် လိုက်မိဘဲ ပစ္စည်းဥစ္စာ ထုပ်တွေကိုသာ
ထုပ်သွားခဲ့တဲ့အတွက် ကိုယ်ပိုင် ဥစ္စာရယ်လို့ မယ်မယ်ရရ ယူမသွားနိုင်ခဲ့ပါဘူး၊
ပြီးတော့ ကိုယ်တိုင် ပင်ပင်ပန်းပန်း ကြိုးကြိုးစားစား ရှာဖွေထားတဲ့ ပစ္စည်း
ဥစ္စာတွေ၊ မိသားစုတွေ စတဲ့ သက်မဲ့ သက်ရှိ အရာအားလုံးကို
စွန့်လွှတ်ပြီးသွားခဲ့ရပါတယ်။ စွန့်လွှတ်ထားခဲ့ရတဲ့ ပစ္စည်းဥစ္စာတွေဟာ ကျန်ခဲ့တဲ့
မိသားစုတွေ ကောင်းစားဖို့အတွက်နဲ့ ဝေစားဖို့ အတွက်ပဲ ဖြစ်ခဲ့မယ်၊ နောင်ဘ၀မှာလည်း
ကောင်းမြတ်တဲ့ သုဂတိဘ၀ကို မရောက်ဘဲ၊ မကောင်း တဲ့ ဒုဂ္ဂတိဘ၀လို့ ခေါ်ဆိုရတဲ့ အပါယ်လေးပါး
တစ်ပါးပါးကို ကျရောက်ရမယ်ဆိုရင် အဲဒီသူဟာ ဒီဘ၀ကနေ အမြတ်နဲ့ မပြန်ရဘဲ အရှုံးနဲ့
ပြန်သွားရတဲ့သူပါ၊ နောက်ပြီး သံသရာမှ လွတ်မြောက်ရာ နိဗ္ဗာန်ကို
မျက်မှောက်ပြုနိုင်ဖို့ ခက်ခဲလှတဲ့သူ အလှမ်း ကွာဝေးသွားတဲ့သူပါ။
ဒါကြောင့်
စီးပွားဥစ္စာ ရှာဖွေတဲ့အခါမှာ ပစ္စုပ္ပန်ကြီးပွားရေးအမြင် တစ်ခုတည်းကိုသာ ကြည့်ပြီး
မပြုလုပ်သင့်ပါဘူး၊ သံသရာ ကြီးပွားချမ်းသာရေး အမြင်ပါထားပြီး ပြုမူဆောင်ရွက် သင့်ပါတယ်။
တစ်နည်းအားဖြင့် ဘ၀လွတ် မြောက်ရေး လမ်းစဉ်ကိုလည်း ကြည့်ရပါမယ်၊ ရှာဖွေ ကြရပါမယ်။
အမြင်နှစ်မျိုးထားရမယ်လို့ ဆိုလိုပါတယ်။ ဒါမှလဲ ဘ၀နောင်ရေးအတွက် စိတ်အေးကြ ရမှာပါ၊
သံသရာမှာ ကျင်လည်ရအုံးမယ့်သူတွေအဖို့ ဘ၀နောင်ရေးအေးရန် ဒါန သီလ စတဲ့ ရိက္ခာ ထုပ်တွေ
ထုပ်ထားကြရပါမယ်၊ ဓမ္မအသိ ဥာဏ်မျက်စိနဲ့ ကြည့်ရင် ရုပ်နာမ်နှစ်ဖြာ ရထားသူ မှန်သ မျှ
ချမ်းသာမှုဆိုတာထက် ဆင်းရဲမှုကိုသာ ပိုပြီးခံစားကြနေကြရတာပါ။ လူ့ဘ၀ရဲ့ သက်တမ်းဟာ
ရှည်ရှည်ကြာကြာ နေကြရတာမဟုတ်ဘဲ သက်တမ်းတိုတို ကလေးအတွင်းမှာ နေသွားကြပြီး တစ်နေ့ကျ
အားလုံးဟာ သေဆုံးသွားကြရတာပါ၊ မသေခင်ကလေးမှာလည်း လောကဓံရဲ့ နှိပ်စက် မှုဒဏ်၊ အိုဘေး
နာဘေးတွေရဲ့ နှိပ်စက်မှုဒဏ်တွေကို သူရောကိုယ်ပါ အားလုံးခံစားကြရတာပါ၊ ခန္ဓာရရှိလာကြတဲ့သူတိုင်း
ရှောင်လွှဲလို့ မရကြဘဲ မလွဲမသွေ တွေ့ကြုံ ခံစားကြရပါတယ်၊ ဒီအတွက် နေရတဲ့
အခိုက်အတန့်ကလေးမှာ မနာလိုမှု၊ ၀န်တိုမှု၊ ပြိုင်ဆိုင်မှု စတာတွေကို ခ၀ါချပြီး
ပြုမူနေ ထိုင်နိုင်အောင် ကြိုးစားသင့်လှပါတယ်၊ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်မှ ဒီလောကဓံရဲ့
ရိုက်ခတ်မှု ဘေး၊ အိုမှု နာမှုဘေးတွေ အေးငြိမ်းမှာဖြစ်တဲ့အတွက် နိဗ္ဗာန် မရောက်ခင် စပ်ကြား
ဓမ္မအသိ လက်ကိုင်ထားပြီး နေထိုင်နိုင်မှ သက်သာရာကို ရကြမှာပါ။
ဒေသနာတော်အလိုအရ
ရှာဖွေလို့ရရှိလာတဲ့ ပစ္စည်းဥစ္စာတွေဟာ ရေ မီး မင်း ခိုးသူ အမွေခံ သားဆိုး
သမီးဆိုးဆိုတဲ့ ရန်သူမျိုးငါးပါးတို့နဲ့ နေ့စဉ်ဆက်ဆံနေရတဲ့အတွက် ဒါနကောင်းမှု ထုပ်တွေ
တတ်နိုင်သမျှ စုဆောင်းထားနိုင်မှ တော်ကာကျမှာပါ။ ဒီလိုစုဆောင်းထားခြင်းဟာ အပူသောက တွေ
ငြိမ်းဖို့ရန်၊ အပူမီးတွေ ငြိမ်းအေးဖိုရန်အတွက်ဖြစ်သလို ဘုံဆိုင်တွေထဲက ကိုယ်ပိုင်
ရယူထား ခြင်းလည်း ဖြစ်ပါတယ်။
တရားသဘောနဲ့
စမ်းစစ်ကြည့်ရင် အရာအားလုံးဟာ အစိုးမရတဲ့ အနတ္တသဘောတရား တွေချည်းပါပဲ၊
ဆိုင်တာဆိုင်ကြပေမယ့်၊ သူရောကိုယ်ပါ ပိုင်တာရယ်လို့ ကိုယ်ပြုထားတဲ့ ကောင်းကံ
မကောင်းကံတွေပဲရှိတာပါ၊ ဒီကံနှစ်ပါးကလွဲလို့ ဘာတစ်ခုမှ မပိုင်ပါဘူး၊ နောင်ဘ၀အတွက်
ဘာပစ္စည်းကိုမှလည်း ယူဆောင်သွားလို့ မရကြပါဘူး၊ ဆင်းရဲမှု ချမ်းသာမှုဆိုတာတွေဟာလည်း
သူ့ရဲ့ လုပ်ဆောင်မှုကံအတိုင်း ဖြစ်နေကြရတာပါ၊ ဖြစ်ချိန်တန်လို့ ဖြစ်လာကြပြီး၊
ပျက်ချိန်တန်ရင် လည်း ပျက်ကြရတာဟာ ဓမ္မတာပါပဲ၊ တားထားလို့ ဆွဲထားလို့ မရကြပါဘူး။
ပစ္စည်းနဲ့လူ ထိုနှစ်ဆူ စွန့်သူစွန့်ကာ အပြန်အလှန် ဆိုတဲ့အတိုင်း ပစ္စည်းကို
လူကစွန့်ခွါ သွားခဲ့ရတာ ရှိသလို လူကိုလည်း ပစ္စည်းက စွန့်ခွါသွားခဲ့ရတာလည်း
မျက်မြင်ကိုယ်တွေ့တွေချည်းပါပဲ၊ လောကသံသရာထဲ ကျင်လည်နေကြရတဲ့ ကျင်လည်နေကြအုံးမယ့်
သူတိုင်းဟာ ဖြစ်ချင်တိုင်း မဖြစ်ရတဲ့ ဆင်းရဲ၊ မဖြစ်ချင်ပေမယ့်လည်း ဖြစ်နေကြရတဲ့
ဆင်းရဲတွေကို ကြုံတွေ့ခံစားနေကြရတာပါ။ လောဘ ဒေါသ မောဟ စတဲ့ ကိလေသာတွေကို
တရားအသိဥာဏ်နဲ့ မပယ်သက်နိုင်သေးမျှ ဆင်းရဲဒုက္ခဆိုတဲ့ နယ်ပယ်ထဲက လွတ်မြောက်အောင်
ပြေးနိုင်ကြမှာ မဟုတ်ပါဘူး။ ကိုယ်ပိုင်အနေနဲ့ ရအောင်ယူ သွားနိုင်တဲ့ ကောင်းမြတ်တဲ့
ဒါန သီလစတဲ့ ရိက္ခာထုပ်တွေကိုသာ အပိုင်ထုပ်နိုင်ဖို့ရာ ကြိုးစားကြ ရမှာပါ။
ဒါ့ကြောင့် ဗုဒ္ဓသာသနာတော်နဲ့ ကြုံတွေ့ခိုက်မှာ သူတော်ကောင်းများ ကောင်းမှု ကုသိုလ်
ပြုလုပ်ကြရင်း ကိုယ်ပိုင်ဥစ္စာထုပ်များကို ရယူနိုင်ဖို့ မြတ်စွာဘုရား
တိုက်တွန်းတော်မူခဲ့တာ ဖြစ်ပါတယ်။ ဒီသုတ္တန်ကိုပဲ တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက
ပြည်ဆရာတော်ဘုရားကြီးက သူတော် ကောင်းများ အလုပ်လုပ်ဆိုတဲ့ ခေါင်းစဉ်နဲ့ လင်္ကာစပ်ဆိုခဲ့ပြီး
တိုက်တွန်းထားခဲ့တာပါ။
အထုပ်ကလေးကို
တပြင်ပြင်၊ အထုပ်ရှင်မှာ သေလို့သွား
ကျန်တဲ့သူတွေ
ဝေလို့စား၊ သေရွာကျတော့ အပါယ်သွား
ဘာကမှလည်း
ပါမသွား၊ နိဗ္ဗာန်ရောက်ဖို့ အခက်သား။
ကုသိုလ်ပုည
ပြုမှတော်၊ အဖော်ပါမှ စိတ်မှာအေး
ဘ၀ဖန်ခါ
ရိက္ခာဆေး၊ ရုပ်နာမ်နှစ်ဖြာ ဒုက္ခပေး
သက်တမ်းလေးက
အတိုလေး၊ အိုဘေး နာဘေး မကင်းသေး
နိဗ္ဗာန်ရောက်မှ
ဒုက္ခအေး၊
ကိုယ့်ပစ္စည်း
ကိုယ်နှမြှော စောစောကသိမ်း
ကိုယ်မသိမ်းလို့
သူများယူ ရင်ဝမီးလိုပူ
သူမယူအောင်
လုံစွာထုပ် ဒေသနာအလုပ်လုပ်
သူမယူအောင်
လုံစွာသိမ်း သောကရင်မှာငြိမ်း
သူ့ကိုလည်း
ကိုယ်မပိုင်၊ ကိုယ့်ကိုလည်း သူမပိုင်
ဘယ့်သူ့ကိုမှ
ဘယ်သူမပိုင်၊ ကိုယ့်ကိုသော်မှ ကိုယ်မပိုင်
ဖြစ်ချိန်တန်လျှင်
ကံတိုင်းဖြစ်၊ ပစ္စည်းကိုလည်း လူကပစ်
လူကိုယ်လည်း
ပစ္စည်းကပစ်၊ ဖြစ်တာဖြစ်တဲ့ လောကသံသရာမှာ
အပိုင်လိုပါလျှင်
အထုပ်ထုပ်၊ သူတော်ကောင်းများ အလုပ်လုပ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ။
0 comments:
Post a Comment