Department of Philosophy တွင် Head နှင့် ၀င်တွေ့ပြီး Ph.D တန်းအတွက် မေးမြန်းစုံစမ်းခဲ့ ပါတယ်၊ M.A Certificate, Marks, Migration တို့ကို ကြည့်ရှုစစ်ဆေးပါတယ်။ ပြီးတော့ မည်သည့် အကြောင်းအရာနှင့် Thesis လုပ်မလဲ မေးမြန်းပါသည်။ Synopsis ကို ပြသရပါသည်။ Synopsis ကို Head ထံမှာ ထားခဲ့ပြီး ချိန်းဆိုသည့် ရက်မှာ လာရန် ပြောကြားခဲ့ပါသည်။ ဌာနမှူး ချိန်းဆိုသည့်နေ့ တွင် စာရေးသူရဲ့ Synopsis ကို ပြန်ပြင်ရေးရန်နှင့် ၀င်ခွင့်ဖြေရန် ချိန်းဆိုခဲ့ပြန်ပါသည်။ Synopsis ကို ပြန်ပြင်ရင်း ဖြေဆိုရန်တို့အတွက် လေ့လာရ ပါသည်။
ချိန်းဆိုထားသည့်ရက်တွင် Ph.D ၀င်ခွင့် ဖြေဆိုခဲ့ပြီး ၀င်ခွင့်အောင်မြင်ခဲ့ပါတယ်။ အဲဒီနောက် ဌာနမှူးမှ စာရေးသူရဲ့ ကျမ်းကို Guide လုပ်မည့် ဆရာထံ ညွှန်ကြားခဲ့ပါတယ်။ Guide ထံမှာ Synopsis ကို ပြသပြီး အတည်ပြုချက်ရယူခဲ့ရပါတယ်။ ဆရာကြီးမှ အတည်ပြုချက်အဖြစ် Synopsis တွင် လက်မှတ်ရေးထိုးပေးပါသည်။ အဲဒီနောက် ဌာနမှူးထံ မှာ လက်မှတ်ရယူခဲ့ရပြီး Thesis Section တွင် စာရေးသူရဲ့ Synopsis ကို တင်ပြရပါသည်။
Synopsis အတည်ပြုကြောင်း စာရွက်ထွက်လာသည့်အခါမှာ Research Visa ယူရန် မြန်မာ နိုင်ငံသို့ ပြန်ပြီး မြန်မာနိုင်ငံရှိ အိန္ဒိယ သံရုံးတွင် Visa လျှောက်ထားရပါသည်။ Research Visa ယူပြီး နောက် အိန္ဒိယသို့ ပြန်ခဲ့ရပါသည်။ စာရေးသူရောက်တဲ့အချိန်တွင် Thesis Section မှ Approval Letter ထွက်ရှိနေပြီလည်း ဖြစ်ပါသည်။ ဒီ Letter သည် Ph.D လျှောက်ထားသည့် ကျောင်းသားကို လက်ခံလိုက်သည့်စာ ဖြစ်ပါသည်။ တစ်ခါတစ်ရံ လျှောက်ထားသူ၏ Synopsis ကို ကြည့်၍ Thesis Section ဘုတ်အဖွဲ့ မှ ပြင်ဆင်ပေးတတ်ပါသည်။ စာရေးသူရဲ့ Synopsis ကို ကြည့်၍ Title ကို ပြင်ဆင်ပေးခဲ့ပါသည်။ Synopsis ကို ပြင်ဆင်ရခြင်း မရှိပါ။ စာရေးသူရဲ့ Title က Buddhist Philosophical Study of Three words urged by deities with special reference to Itivuttaka Pali ဖြစ်ပါသည်။ သို့သော် Approval Letter ကျလာသောအခါ စာရေးသူရဲ့ Title ကို The concepts of Deva, Sugati and Saddha in Buddhism; A Philosophical Study ဟု ပြင်ဆင်ပေးခဲ့ပါသည်။
စာရေးသူသည် Thesis Section မှ ချမှတ်ပေးသော ခေါင်းစဉ်ဖြင့် ကျမ်းတစ်စောင်ကို ရေးသား တင်သွင်းခဲ့ရပါသည်။ ကျမ်းတင်ပြီးနောက် Viva Voce အတွက် အကြောင်းကြားမည့် အချိန်ကို စောင့်မျှော်နေခဲ့ရပါသည်။
၂၀၁၂ ခုနှစ်၊ ၁၂ လပိုင်းမှာတော့ စာရေးသူရဲ့ ဆရာကြီးမှ အဆက်အသွယ်လုပ်ရန် အကြောင်း ကြားလာပါသည်။ သို့အတွက်ကြောင့် Department of Philosophy ကို ဖုန်းနဲ့လည်း ဆက်သွယ်ခဲ့ သလို၊ အီးမေးနဲ့လည်း ဆက်သွယ်ခဲ့ပါတယ်။ ဆရာကြီးမှ ၁ လပိုင်း ၂၀ ရက်မှာ Viva Voce အတွက် အကြောင်းကြားလာပါတယ်။
အကြောင်းကြားလာတဲ့အချိန်ဟာ တိုက်တိုက်ဆိုင်ဆိုင် ဂျာမန်ဗီဇာကုန်ခါနီးအချိန်နှင့် အိန္ဒိယ ဗီဇာ ကုန်ခါနီးအချိန်ဖြစ်နေပါတယ်။ အဲဒါကြောင့် Viva Voce ကျင်းပမယ့်ရက် ၁ လပိုင်း ၃၁ ရက်နေ့ ကို မသွားနိုင်ခဲ့ပါဘူး၊ ဗီဇာအခက်အခဲဖြစ်နေတဲ့ အကြောင်းကိုလည်း ဌာနမှူးနဲ့ ဆရာကြီးတို့ထံ အကြောင်းကြားခဲ့သဖြင့် ရက်ရွေှ့ဆိုင်းပေးခဲ့ပါတယ်။ ဗီဇာကိစ္စများ အဆင်ပြေသည့်အခါမှ သွားရောက် နိုင်ခဲ့ပါသည်။ ၂ လပိုင်း ၂၄ ရက်မှာတော့ အိန္ဒိယနိုင်ငံကို ထွက်ခွာခဲ့ပါတယ်။ ၂၅ ရက်နေ့ နံနက်မှာ အိန္ဒိယနိုင်ငံ၊ မွမ်ဘိုင်းမြို့ကို ရောက်ရှိခဲ့ပါတယ်။ သူငယ်ချင်းများ လာရောက် စောင့်ကြိုနေ ကြပါတယ်။ ဆရာကြီးနဲ့လည်း အဲဒီနေ့ နံနက် ၁၁း ၃၀ နာရီလောက်မှာ တွေ့ဆုံဖြစ်ခဲ့ပြီး Visa တစ်လပဲ ရကြောင်း နဲ့ တစ်လအတွင်း အဆင်ပြေအောင် အကူအညီ ပေးပါရန် မေတ္တာရပ်ခံ ခဲ့ပါသည်။
ဆရာကြီးမှ သုံးပတ်အတွင်း ပြီးအောင်စီစဉ်ပေးမည့်အကြောင်း ပြောပါသည်။ ပြင်ပစာစစ်ထံ သို့လည်း စာရေးသူရဲ့ ရှေ့မှာပဲ ဖုန်းဆက်ပြီး အမြန်စီစဉ်ပေးဖို့အကြောင်း ပြောပါသည်။ ဆရာကြီးပြော သည့်အတိုင်းပဲ ပြင်ပကျမ်းစစ်မှ မတ်လ ၇ ရက်နေ့ကို Viva Voce ပြုလုပ်မည့်ဟု အကြောင်းကြား သဖြင့် Thesis Section သို့ သွား၍ မတ်လ ၇ ရက်နေ့ စာထွက်ပေးရန် ပြောကြား ရပါသည်။ Thesis Section မှ ဆရာကြီးများ သတ်မှတ်သည့် ရက်အတိုင်း စီစဉ်ပေးခဲ့ပါသည်။
မတ်လ ၇ ရက်နေ့ နေ့လည် ၁၁း ၀၀ နာရီအချိန်တွင် Viva Voce ပြုလုပ်ရပါသည်။ နာရီဝက် ခန့်ကြာအောင် မေးမြန်းစစ်ဆေးပါသည်။ အဲဒီနောက် ဒေါက်တာဘွဲ့နာမည်တပ်၍ လက်ဆွဲ နှုတ်ဆက် ပြီး ဒေါက်တာဖြစ်သွားပြီဖြစ်တဲ့ အကြောင်း ပြောကြားပြီး Congratulation လုပ်ပါသည်။
အဲဒီနောက် အတည်ပြုချက်စာရွက်တွင် ကျမ်းကြီးကြပ်သူ ဆရာကြီးနဲ့ ပြင်ပကျမ်းစစ် ဆရာ ကြီးတို့မှ လက်မှတ်ရေးထိုးပေးခဲ့ကြပါသည်။ ဆရာကြီး၊ ပြင်ပကျမ်းစစ်ဆရာကြီးနဲ့ သူငယ်ချင်းများကို နေ့ဆွမ်းအတွက် Restaurant မှာ နေ့လည်စာဖြင့် တည်ခင်းဧည့်ခံခဲ့ပါသည်။
စာရေးသူကိုလည်း ရင်းနှီးခင်မင်ကြသူများက သူတို့နဲ့ အတူ လိုက်ကြည့်ကြဖို့ လာခေါ်ကြတာနဲ့ လိုက်ကြည့်ဖြစ်ခဲ့ပါတယ်။ လမ်းပေါ်တွေ တံတားပေါ်တွေမှာ လူတွေပြည့်နေကြတယ်၊ ပြီးတော့လည်း မီးရှူး မီးပန်းများကို ပစ်လွှတ်ကြပါတယ်။ ရာသီဥတုကလည်း အလွန်အေးလှတဲ့အတွက် ဆီးနှင်းတွေကလည်း အုံ့ဆိုင်းလို့ နေပါတယ်။ ဆီးနှင်းတွေနဲ့အတူ မီးရှူး မီးပန်းများရဲ့ ရမ်းငွေ့တွေလည်း ဝေဟင်မှာ ပျံ့နှံ့လို့နေပါတယ်။ တစ်စုံတစ်ရာ ပြဿနာအခက်အခဲ မဖြစ်အောင်လည်း လုံခြုံရေးများလည်း ချထားပေးပါတယ်။ ညလုံးပေါက်နီးပါး မီးရှူး မီးပန်းများ ပစ်လွှတ်နေကြပါတယ်။
စာရေးသူတို့ရဲ့ မြန်မာဗုဒ္ဓဘာသာများကလည်း နှစ်သစ်ကို ဗုဒ္ဓဘာသာ ဓလေ့ထုံးစံနဲ့အညီ ကြိုဆိုခဲ့ကြပါတယ်။ ဗုဒ္ဓသာသနရံသီ အသင်းတိုက်မှာပဲ ကုသိုလ်ကောင်းမှုများလုပ်၍ နှစ်သစ်ကို ကြိုဆိုခဲ့ကြပါတယ်။ နှစ်ကူးရဲ့ နှစ်ဦးမင်္ဂလာလို့ပဲ ပြောရမှာပါပဲ။ နှစ်သစ်မရောက်ခင်ကတည်းက အလှူရှင် အလှူအမများက နှစ်သစ်ကူးမှာ ဧည့်ပရိသတ်များအား အုန်းနို့ခေါက်ဆွဲ လှူဒါန်းမယ်လို့ လျှောက်ထားခဲ့သဖြင့် ဧည့်ပရိသတ်များကို ဖိတ်မံပြီး အလှူအတန်းလည်းပြုလုပ်ရင်း ပဌာန်းပစ္စယနိဒ္ဒေသကို ရွတ်ဆိုပူဇော်ကြမယ်၊ ပြီးတော့ မင်းကွန်းတိပိဋကဓရ ဆရာတော်ကြီးရဲ့ မေတ္တာပို့နဲ့ အတူ ဆုတောင်း အမျှဝေကြမယ်လို့ စီစဉ်ခဲ့ကြပါတယ်။ စီစဉ်ခဲ့တဲ့အတိုင်း အလှူရှင် အလှူအမများကလည်း အုန်းနို့ခေါက်ဆွဲဖြင့် တည့်ခင်းဧည့်ခံလှူဒါန်းကြပါတယ်။ ပဌာန်းဒေသနာတော်နှင့် မေတ္တာပို့ ဆုတောင်းအမျှဝေခြင်းတို့ကိုလည်း ပြုလုပ်နိုင်ခဲ့ကြတဲ့အတွက် နှစ်သစ်ကူးရဲ့ နှစ်သစ်ဦး မင်္ဂလာကို ၀မ်းမြောက်ဝမ်းသာ ရယူနိုင်ခဲ့ကြပါတယ်။
တိုက်တိုက်ဆိုင်ဆိုင် အစည်းအဝေး စတင်ကျင်းပတဲ့ရက်ဟာ စက်တင်ဘာ ၁၁ ရက်၊ ဝေါထရိတ်စင်တာ ဖြိုချ ဖျက်ဆီးခံခဲ့ရတဲ့ နှစ်ပတ်လည်နေ့လည်း ဖြစ်နေခဲ့ပါတယ်။ ဒီအစည်းအဝေးပွဲကို အင်္ဂလန်နိုင်ငံမှ ဆရာတော် နှစ်ပါးနဲ့ စာရေးသူရယ်၊ ပြီးတော့ အသင်းအမှုဆောင် ကော်မတီ သုံးဦးရယ် အားလုံး (၆) ဦးတက်ရောက်ရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် အကြောင်းအမျိုးမျိုးကြောင့် အင်္ဂလန်နိုင်ငံမှ ဆရာတော် တစ်ပါးနဲ့ အသင်းအမှုဆောင် ဒကာ တစ်ဦးတို့ မတက်ရောက်နိုင်ခဲ့ပါဘူး။
စာရေးသူတို့နေထိုင်တဲ့ ဖရန့်ဖို့မြို့ကနေ မြူးချမ်းမြို့ကို ရထားနဲ့ သွားခဲ့ကြပါတယ်။ နေ့လည် တစ်နာရီခွဲ ရထားနဲ့ ထွက်ခွါခဲ့ကြပါတယ်။ မြူးချမ်းမြို့ကို ညနေ ၇း ၁၀ နာရီမှာ မြူးချမ်းမြို့ ဘူတာကြီးကို ရောက်ရှိခဲ့ပါတယ်။ ဘူတာကြီးမှာ စာရေးသူတို့အား အီတလီလူမျိုးတစ်ဦးမှ စောင့်ကြိုနေပါတယ်။ အဲဒီနောက် သူ့ရဲ့အစီအစဉ်နဲ့ တည်းခိုမည့် ဟိုတယ်ကို သွားခဲ့ကြပါတယ်။ ဟိုတယ်က ဧဒင်ဟိုတယ်ပါ၊ ဘူတာကြီးနဲ့ မျက်နှာချင်းဆိုမှာပဲ တည်ရှိပါတယ်။ အဲဒီဟိုတယ်မှာ စာရေးသူတို့အဖွဲ့ တည်းခိုဖို့ရန် ကြိုတင်စီစဉ်ထားပြီးလည်း ဖြစ်ပါတယ်။ွ
မြူးချမ်းမြို့ဟာ ဂျာမဏီနိုင်ငံရဲ့ ဒုတိယမြို့တော်ဖြစ်ပါတယ်။ လေ့လာလည်ပတ်စရာတွေ တော်တော်များများရှိတဲ့ မြို့ကြီးတစ်မြို့ပါ။ ရှေးဟောင်းသမိုင်းဝင် ခရစ်ယာန်ဘုရားရှိခိုးကျောင်း များစွာတည်ရှိတဲ့ မြို့လည်းဖြစ်ပါတယ်။ ဘာသာပေါင်းစုံ တွေ့ဆုံဆွေးနွေးပွဲကို ဥရောပနိုင်ငံတွေမှာ တစ်နှစ်ကို တစ်နိုင်ငံလှည့်ပြီး ကျင်းပပြုလုပ်လေ့ရှိပါ တယ်။ လာမယ့်နှစ်ကိုတော့ ဆာရေယေဗိုမြို့မှာ ကျင်းပပြုလုပ်မယ်လို့ အခမ်းအနားပိတ်သိမ်းတဲ့နေ့မှာ ကြေညာသွားခဲ့ပါတယ်။ ဘာသာပေါင်းစုံ ဆွေးနွေးပွဲကို ခရစ်ဘာသာရေးခေါင်းဆောင်များက ဦးစီးပြီး အကုန်အကျခံကာ ကျင်းပပြုလုပ်ပေးကြတာ ဖြစ်ပါတယ်။
မေးမြန်းကြတဲ့ မေးခွန်းများထဲမှ စာရေးသူအား မေးမြန်းတဲ့ မေးခွန်းက အရှင်ဘုရား ဘာဖြစ်လို့ ငယ်ငယ် ရွယ်ရွယ်နဲ့ သင်္ကန်း ၀တ်တာပါလဲ၊ အခြားသူများ ပျော်ရွှင်ကြသလို မပျော်ရွှင်ချင် ကြဘူးလားဆိုတဲ့ မေးခွန်း ပါပဲ။ အဲဒါကို ဖြေပေးပါတဲ့၊ သူသိချင် ပါတယ်လို့ လျှောက်ထား မေးမြန်းပါတယ်။ ဒီမေးခွန်း အမေးခံရတော့ မဇ္ဈိမ ပဏ္ဏာသ ပါဠိတော် (မ၊ ၂၊ ၂၄၅ - ၆) မှာ လာတဲ့ ရဋ္ဌပါလသတိုးသား အကြောင်း သတိရမိခဲ့တယ်။ ရဋ္ဌပါလ သတိုးသားလည်း ငယ်ငယ်ရွယ်ရွယ်နဲ့ သာသနာ့ဘောင် ၀င်ပြီး ရှင်၊ ရဟန်းပြုခဲ့ပါတယ်။ နောက်ပိုင်း တိုင်းပြည် အုပ်ချုပ် မင်းလုပ်တဲ့ ဘုရင် ကောရဗျနဲ့ တွေ့တဲ့အခါ ဘုရင် ကောရဗျကလည်း အခုလိုပဲ ငယ်ငယ်ရွယ်ရွယ်နဲ့ ဘာဖြစ်လို့ ရှင်၊ ရဟန်း ပြုရတာလဲဆိုတဲ့ အမေးကို ရှင်ရဋ္ဌပါလအား မေးမြန်းခဲ့ဖူးပါတယ်။ မေးမြန်းခဲ့ပုံချင်း တူပေမယ့် ဖြေပုံချင်းကတော့ မတူခဲ့ပါဘူး။
ငယ်ငယ်ရွယ်ရွယ် သင်္ကန်းဝတ်တာနဲ့ ပတ်သက်လို့ မေးတယ် ဆိုတာကလည်း အခမ်းအနားတွင် အသင်း အမှုဆောင် ဒကာတစ်ဦးမှ စာရေးသူရဲ့ အတ္ထုပ္ပတ္တိ အကျဉ်းကို ဖတ်သွားတဲ့ အတွက်ကြောင့် ကလေး ဘ၀ထဲက သင်္ကန်း ၀တ်ခဲ့တယ် ဆိုတာကို သိလို့ မေးတာ ဖြစ်မယ်လို့ ထင်ပါတယ်။ ပြီးတော့လည်း မေးမြန်းတဲ့သူက ငယ်ရွယ်သူ မိန်းကလေး တစ်ဦးပါ၊ သူကလည်း ငယ်ရွယ်စဉ်ထဲက ဂျာမဏီနိုင်ငံကို ရောက်နေတာဆိုတော့ သူ့ရဲ့ အတွေးအခေါ်တွေမှာ တော်တော်များများ အနောက်တိုင်း အတွေးအခေါ်တွေပဲ ပါဝင်နေတာကို သိရှိခဲ့ရပါတယ်။ ဥရောပဘက်မှာက ၁၈ နှစ်ကျော်ရင် ကိုယ်ပိုင် လွတ်လပ်ခွင့် အပြည့်ရှိနေပြီလေ၊ မိဘအုပ်ထိန်းမှု အောက်က လွတ်မြောက် သွားပြီ။ သူ့ကိုယ်ပိုင် ဆုံးဖြတ်ခွင့် ရှိနေပြီ၊ တားပိုင်ခွင့် မိဘတွေမှာ မရှိတော့ဘူး။ ဒါကြောင့်လည်း ဒီဘက်နဲ့ နှိုင်းယှဉ်ပြီး မေးမြန်းတာ ဖြစ်မယ်လို့လည်း ယူဆမိပါတယ်။
စာရေးသူ ငယ်စဉ် ကလေး ဘ၀ထဲက သင်္ကန်း ၀တ်ခဲ့တာဟာ မိဘများက ရှင်ပြုပေးခဲ့တဲ့ အတွက်ကြောင့်ပါ။ ဗုဒ္ဓဘာသာ ဓလေ့ထုံးတမ်း အစဉ်အလာ အရ ယောက်ျားလေး မှန်သမျှ ကလေးဘ၀မှာ မိဘများ ကိုးကွယ် ဆည်းကပ်ကြတဲ့ ဘုန်းကြီးကျောင်းမှာ ရှင်သာ မဏေ ပြုပေးလေ့ ရှိကြပါတယ်။ မိဘများကလည်း သူတို့ရဲ့ သားယောက်ျား ကလေးတွေကို ရှင်သာမဏေ ပြုပေးရမယ် ဆိုတဲ့ ဆန္ဒ သူတို့ရဲ့ ရင်ထဲမှာ အမြဲကိန်းဝပ်လျက် ရှိခဲ့ကြ ပါတယ်။ ရှင်သာမဏေ ပြုပေးလိုက်ရမှ သူတို့အတွက် တာဝန် ကျေတယ်လို့လည်း ယူဆထား ကြပါတယ်။ အဲဒါကြောင့် စာရေးသူလည်း ငယ်ငယ် ရွယ်ရွယ် ကလေးဘ၀မှာ သင်္ကန်းဝတ် ခဲ့ရခြင်း ဖြစ်ပါတယ်၊ သင်္ကန်းဝတ်ပြီးတဲ့ အခါမှာလည်း အနည်းဆုံး ခုနစ်ရက်ခန့် ၀တ်ကြရပါတယ်။ မပျော်လို့ လူဝတ်လဲလိုပါက လဲနိုင်ပြီး၊ ပျော်ရင်လည်း ပျော်သလောက် ဆက်ဝတ်လေ့ ရှိကြပါတယ်။ သင်္ကန်းဝတ် ရခြင်းနဲ့ ပတ်သက်လို့ သိနားလည်၍ ၀တ်ခဲ့ခြင်း မဟုတ်ပါ၊ သင်္ကန်းဝတ်စဉ် အခါမှာလည်း ဆရာဘုန်းကြီးရဲ့ တိုင်ပေးတာကို နောက်က လိုက်ဆိုပြီး ၀တ်ခဲ့တာပါပဲ။ ဘာကြောင့်ပဲ ၀တ်ခဲ့ရ ၀တ်ခဲ့ရ အဲဒီလို အလှူအတန်းပြုလုပ်ပြီး ၀တ်ပေးလိုက် ရတာကိုပဲ ရှင်သာမဏေရော၊ မိဘများ ဆွေမျိုးများပါ ပျော်ရွှင်ဝမ်းမြောက် နေကြတာကို တွေ့မြင် သိရှိခဲ့ရ ပါတယ်။ အဲဒီနောက် ဆရာဘုန်းကြီးမှ ဘာသာရေး အခြေခံ စာပေတွေကို တစ်စတစ်စ သင်ကြား ပေးခဲ့ပါတယ်။
အခြေခံစာပေများ အတန်အသင့် ရှိလာတဲ့အခါ သင့်ရာအပ်ပို့ ဆရာတို့ ဆိုတဲ့ ဆရာတို့ရဲ့ ၀တ္တရား အတိုင်း သင့်တော်မည့် နေရာကို ဆက်လက် ပို့ဆောင်ပေးပြီး ပညာရည်နို့ သောက်စို့ စေခဲ့ပါတယ်။ အဲဒီလိုနဲ့ အဆင့်ဆင့် စာပေ ကျမ်းဂန် ပညာရပ်များကို အတိုင်းအတာ တစ်ခုထိ သင်ယူခဲ့ပါတယ်။ သင်ယူပြီးတဲ့ အခါ ပျော်ရွှင်ချင်တဲ့ စိတ်ကို ဦးစားမပေးဘဲ သင်ယူ တတ်မြောက်ထားတဲ့ ပညာရပ်များကို ပြန်လည် ပို့ချပေးချင်၊ ဖြန့်ဖြူးပေးချင်တဲ့ ဆန္ဒတွေ ဖြစ်ပေါ်ခဲ့ပြီး အဲဒီဘက်ကိုပဲ ဦးစားပေးခဲ့ပါတယ်။ တစ်နည်းအားဖြင့် ပြောရမယ်ဆိုရင် ပရဟိတ စိတ်ဓာတ်၊ သာသနဟိတ စိတ်ဓာတ်များ ဖြစ်ပေါ်လာခဲ့ပါတယ်။ ဒါဟာလည်း မိဘ ဆရာ သမားများရဲ့ လမ်းညွှန်မှုရယ် ၊ ပင်ကိုယ် စိတ်ဓာတ်ရယ် တို့ကြောင့်လို့ ထင်မြင်မိပါတယ်။ အဲဒါကြောင့် ဆက်လက်ပြီး သာသနာ့ တာဝန်များကို စွမ်းနိုင်သမျှ ထမ်းဆောင်နေခြင်း ဖြစ်တဲ့အကြောင်း ဖြေကြားခဲ့ရပါတယ်။
အသင်း တိုက်ဟာ မြစ်ကမ်း အနီးတွင် တည်ရှိပါတယ်။ မြစ်ကမ်းခြေ တစ်လျှောက် ဂျာမဏီ မြို့သူ၊ မြို့သား အများအပြား နေ့စဉ် အပန်းဖြေကြ၊ အပြေး လေ့ကျင့်ကြ၊
ဖရန့်ဖို့မြို့ရဲ့ မြစ်ဆိုပေမယ့် မြန်မာ ပြည်က မြစ်များလို အကျယ်ကြီး မဟုတ်ပါ၊ မြန်မာပြည်က ချောင်းတွေ လောက်ပဲ ရှိပါတယ်။ သို့သော် သန့်ရှင်းမှု သပ်ရပ်မှုက အလွန်ပဲ ကွာခြားလှပါတယ်။ မြစ်ကမ်း တစ်လျှောက် ကတ္တရာလမ်း ခင်းပေးထားပြီး အနားယူ အပန်းဖြေရန်လည်း ထိုင်ခုံများ စီစဉ် ပေးထားပါတယ်။ ရေပေါ် စားသောက် ဆိုင်များကိုလည်း ဖွင့်လှစ် ရောင်းချ ပေးထားပါတယ်။ ဂျာမန် လူမျိုးတွေဟာ ခွေးကလေးများ ငှက်ကလေးများကို ချစ်ခင်ကြတာကို တွေ့မြင်ရပါတယ်။ မြစ်ကမ်းခြေ တစ်လျှောက်မှာ ခွေးကလေးများနဲ့ လမ်းလျှောက် ထွက်ကြတယ်။ ပြီးတော့ ရေဘဲများကို အစားကျွေး မွေးလေ့လည်း ရှိကြတယ်။ အခုရာသီဟာ နွေရာသီဖြစ်လို့ ရေဘဲငှက်များကို လာရောက်လွှတ်ပေးထားတာ ဖြစ်ပြီး ဆောင်းရာသီရောက်တဲ့အခါမှာ ရေဘဲငှက်များ အားလုံးကို ဖမ်းပြီး နွေးထွေးတဲ့ နေရာတွေ ထားပေးကြတယ်လို့ သိရပါတယ်။ ဒီက နွေရာသီဆိုပေမယ့် မြန်မာပြည်က ဆောင်းရာသီလောက် အေးနေပါ သေးတယ်။
အခုအချိန်မှာ ဂျာမဏီ နိုင်ငံ၊ ဖရန့်ဖို့မြို့ရဲ့ ရာသီဥတုဟာ အကောင်းဆုံး အချိန်လို့ ပြောလို့ရပါတယ်။ အအေး သက်သာတဲ့ အချိန်ဖြစ်လို့ပါပဲ။ နွေရာသီ အချိန်လို့ ဆိုကြပေမယ့် မိုးလည်း မကြာမကြာ ရွာလေ့ရှိပါတယ်။ နေထိုင်လို့ အကောင်းဆုံး အချိန်လည်း ဖြစ်ပါတယ်။ ၁၀ လပိုင်းရောက်ရင် ဆောင်းရာသီကို ရောက်မှာပါ၊ အဲဒီ အချိန်ဆိုရင် အပြင်မထွက်ချင် လောက်အောင် အေးလွန်းတဲ့အတွက် တိုက်ခန်းတွေထဲမှာ အနွေးပေး စက်တွေ အမြဲ ဖွင့်ထား ရတယ်၊ ဆီးနှင်း တွေကလည်း ထူထပ်စွာ ကျလေ့ ရှိတယ်လို့ သိရပါတယ်။ နံနက် စောစော ဒကာတစ်ဦးနှင့် အတူ လမ်းလျှောက်ထွက်ရင်း ဒကာ ပြောပြသမျှ အမှတ်တရ မှတ်တမ်း တင်ထား လိုက်ခြင်းဖြစ်ပါတယ်။
