ကဆုန်လပြည့် ဗုဒ္ဓနေ့ပွဲတော်ကို ကျင်းပပြုလုပ်မယ့် အကြောင်း ဗုဒ္ဓသာသနရံသီ အသင်းမိသားစုများ တိုင်ပင်ပြောဆိုဖြစ်ကြပါတယ်။ ဥရောပရဲ့ အနေအထားအရ ဘယ်လိုကျင်းပပြုလုပ်ကြတယ် ဆိုတာ အတွေ့အကြုံလည်း မရှိသေးတာက တစ်ကြောင်း၊ စာရေးသူရောက်မှ ပြန်လည်ကျင်းပ ပြုလုပ်ဖြစ်တာက တစ်ကြောင်း တို့ကြောင့် ဘယ်လိုစီစဉ်ရရင် ကောင်းမလဲလို့ တွေးဖြစ်ခဲ့တယ်။ အသင်းမိသားစုများမှ ဗုဒ္ဓနေ့မှာ မုန့်ဟင်းခါး ကျွေးမယ့်အကြောင်း၊ ရှမ်းထမင်းချဉ်သုပ် ကျွေးမယ့်အကြောင်းတို့ကိုလည်း စာရေးသူ ကို ပြောပြကြပါတယ်။ အခမ်းအနားနေ့မှာ ကျွေးမွေးလှူဒါန်းမည့် အလှူရှင်ရှိလာတဲ့အတွက် အစီအစဉ် တကျ ဖြစ်ချင်တဲ့ ဆန္ဒလည်း ဖြစ်ပေါ်လာခဲ့ပါတယ်။ ဒါနဲ့ အသင်းမိသားစုများအတွက် ကဆုန်လပြည့် ဗုဒ္ဓနေ့ နဲ့ ပတ်သက်တဲ့ ရှစ်လုံးဖွဲ့ ကဗျာများကို ရေးဖွဲ့သီကုံးပြီး အခမ်းအနားနေ့မှာ သီဆိုဖို့ရန် စီစဉ်ဖြစ်ခဲ့ ပါတယ်။
ကဆုန်လပြည့် ဗုဒ္ဓနေ့ပွဲတော်ကို နိုင်ငံဒေသအသီးသီးတွင် ဆင်ယင်ကျင်းပ ပြုလုပ်ခဲ့ကြရာ တွင် စာရေးသူ သီတင်းသုံးနေထိုင်တဲ့ ဂျာမဏီနိုင်ငံ၊ ဖရန်ဖို့မြို့တွင်လည်း ဗုဒ္ဓသာသနရံသီ အသင်း မိသားစုများ စုပေါင်း၍ (၀၆. ၀၅. ၂၀၁၂) ရက် တနင်္ဂနွေနေ့မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဒီအသင်းရဲ့ ဗုဒ္ဓနေ့အဖြစ် ကျင်းပပြုလုပ်တဲ့ ပွဲတော်ဟာ စတုတ္ထအကြိမ်မြောက် ဖြစ်ပါတယ်။ ဒီဗုဒ္ဓနေ့ ပွဲတော်သို့ ဗုဒ္ဓဘာသာဝင် မိသားစုများနှင့် အခြားသော စိတ်ဝင်စားကြတဲ့ ဘာသာဝင် မိသားစုများလည်း တက်ရောက်ခဲ့ကြပါတယ်။
ကဆုန်လပြည့် ဗုဒ္ဓနေ့ပွဲတော်ဟာ ဗုဒ္ဓဘာသာဝင်တို့ အလေးအမြတ်ထား ပူဇော်ကြ တဲ့ နေ့ထူးနေ့မြတ် များစွာအနက် တစ်နေ့အပါအ၀င် ဖြစ်ပါတယ်။ သုမေဓာရှင်ရသေ့ ဘုရားဖြစ်ဖို့ရန် ဒီပင်္ကရာ မြတ်စွာဘုရားရှင်ရဲ့ ထံတော်ပါးမှာ နိယတဗျာဒိတ်ပန်းတော်ကို ဆင်မြန်းခဲ့ခြင်း၊ ဘီစီ ၆၂၄ ခုနှစ်မှာ ဘုရားအလောင်းတော်ကို လုမ္ဗိနီသာမော အင်ကြင်းတော၌ ဖွားမြင်တော်မူခဲ့ခြင်း၊ ဘီစီ ၅၈၉ ခုနှစ်မှာ မဟာဗောဓိပင်ခြေရင်းမှာ ဘုရားအလောင်းတော် သဗ္ဗညုတ ရွှေဥာဏ်တော်ကိုရပြီး ဘုရားအဖြစ်သို့ ရောက်တော်မူခဲ့ခြင်း၊ ဘီစီ ၅၈၈ ခုနှစ်မှာ မြတ်ဗုဒ္ဓ မွေးရပ်ဇာတိဖြစ်တဲ့ ကပ္ပိလ၀တ်ရွှေ နန်းတော်သို့ ကြွတော်မူကာ ဆွေတော် မျိုးတော်တို့အား မဟာဗုဒ္ဓ၀င် တရားတော် ကို ဟောကြား တော်မူခဲ့ခြင်း၊ ဘီစီ ၅၄၄ ခုနှစ်မှာ ကုသိန္နာရုံ မလ္လာမင်းတို့ရဲ့ အင်ကြင်းဥယျာဉ်တွင်းမှာ ပရိနိဗ္ဗာန်စံဝင် တော်မူခဲ့ခြင်းတို့ဟာ ဒီကဆုန်လပြည့် နေ့မှာပဲ ဖြစ်ပါတယ်။ ထို့ကြောင့်လည်း ဒီနေ့ကို ကဆုန်လပြည့် ဗုဒ္ဓနေ့ ဟု သတ်မှတ်ခဲ့ကြပြီး ရှေးပညာရှိများက မှတ်သားရလွယ်ကူစေရန် ဖွားဖြစ်ဟောစံ ဗျာဒိတ်ခံ မှတ်ရန်ကဆုံ လပြည့်ကြုံ ဟု ကဗျာလင်္ကာ စပ်ဆိုထားခဲ့ကြခြင်းဖြစ်ပါတယ်။
ကဆုန်လပြည့် ဗုဒ္ဓနေ့နဲ့ ပတ်သက်လို့ ပညာရှင်များ သတ်မှတ်ထားတဲ့ နေ့ရက် ငါးမျိုးကို ကြွရောက်လာကြတဲ့ ဧည့်ပရိသတ်များအား ရှင်းလင်းပြောကြားခဲ့ပြီး၊ ဆွမ်းခဲဖွယ်များ လှူဒါန်းကြတဲ့ အလှူရှင်များနဲ့ ဧည့်ပရိသတ်များ ရွှင်လန်းဝမ်းမြောက်စေရန် မေတ္တာနှလုံး အစဉ်သုံး အမည်ရတဲ့ အနုမောဒနာ တရားစကားတို့ကိုလည်း  ဟောကြားချီးမြှင့်ခဲ့ပါသေးတယ်။
အချင်းချင်း ပြောဆိုဆက်ဆံကြရာ၌ ဆင်ခြင်ပြောဆိုရမည့် စကားများကို မြတ်ဗုဒ္ဓက လမ်းညွှန်ချက် ငါးရပ်တို့ဖြင့် ညွှန်ကြားပြသထားခဲ့ပါတယ်။ အဲဒီငါးရပ်ကတော့ -
၁။ ကာလေန ၀က္ခာမိ နော အကာလေန = ပြောသင့် ပြောထိုက်တဲ့ အချိန်အခါ ကာလကို ကြည့်ပြီး ပြောဆိုတတ်ရပါမယ်တဲ့၊ ပြောသင့် ပြောထိုက်တဲ့ အချိန်အခါ ကာလ မဟုတ်သေးရင် မပြောပဲ နေရပါမယ်။
၂။ ဘူတေန ၀က္ခာမိ နော အဘူတေန = ဟုတ်မှန် သင့်မြတ်တဲ့ စကားမျိုးကို ပြောဆိုတတ်ရပါမယ်၊ မမှန်ကန် မသင့်မြတ်တဲ့ စကားမျိုးဆိုရင် မပြောဆိုပဲ နေရပါ မယ်။
၃။ သဏှေန ၀က္ခာမိ နော ဖရုသေန = နူးညံ့သိမ့်မွေ့တဲ့ စကားမျိုးကိုသာ ပြောဆိုကြရ ပါမယ်။ ရုန့်ရင်းကြမ်းတမ်းသော စကားမျိုးကို မပြောဆိုပဲ ရှောင်ကြဉ်ကြရပါမယ်။
၎။ အတ္ထသံဟိတေန ၀က္ခာမိ နော အနတ္ထသံဟိတေန = မိမိသူတစ်ပါး နှစ်ဦးသားတို့ အကျိုးရှိမယ့် စကားမျိုးကို ပြောဆိုကြရမယ်။ အကျိုးမရှိတဲ့ စကားမျိုးကို မပြောဆိုပဲ ရှောင်ကြဉ်ကြရပါမယ်။
၅။ မေတ္တစိတ္တေန ၀က္ခာမိ နော ဒေါသန္တရေန = ချစ်ခင်နှစ်သက်သော စကားမျိုး ကို ပြောဆိုကြရပါမယ်၊ အမျက်ဒေါသနဲ့ ပြောဆိုဆက်ဆံခြင်းကို ရှောင်ကြဉ်ကြရပါမယ် ဟူသော ဒီ ညွှန်ကြားချက် ငါးရပ်တို့ကို ရှင်းလင်းဟောကြားခဲ့ဖြစ်ပါတယ်။
ဒါ့အပြင် ဆွမ်းအလှူ လှူဒါန်းကြတဲ့ အလှူရှင်များထဲတွင် အမွန်အမြတ်ဆုံးသော ဆွမ်းအလှူ ရှင် နှစ်ဦးရှိကြောင်းနဲ့ အဲဒီ အလှူရှင် နှစ်ဦးမှာ ဘုရားဖြစ်မယ့်နေ့မှာ ဃနာနို့ဆွမ်းကို ဆက်ကပ် လှူဒါန်းခဲ့ သော သူဌေးသမီး သုဇာတာနဲ့ ဘုရားရှင် ပရိနိဗ္ဗာန်စံဝင်မည့်နေ့မှာ နောက်ဆုံး ဆွမ်းဆက်ကပ် လှူဒါန်းခဲ့တဲ့ စုန္ဒရွှေပန်းထိန်သည်တို့ရဲ့ ဆွမ်းအလှူများဟာ အမွန်မြတ်ဆုံးသော ဆွမ်းအလှူရှင် များ ဖြစ်ကြတဲ့အကြောင်း၊ ဒီကနေ့ ကဆုန်လပြည့် ဗုဒ္ဓနေ့မှာ ဆွမ်းခဲဖွယ် ဘောဇဉ်များ လှူဒါန်းကြတဲ့ ဆွမ်းအလှူရှင်များလည်း အမွန်မြတ်ဆုံးသော ဆွမ်းခဲဖွယ်အလှူကို လှူဒါန်းလိုက်ကြရသူ များ ဖြစ်ကြတဲ့အတွက် ပို၍ ပီတိပါမောဇ္ဇ ဖြစ်ပါကြောင်း နဲ့ ယူလိုက်ရတဲ့ လောဘထက် လှူလိုက်ရတဲ့ ပီတိက ပို၍ သာလွန်ပါကြောင်းတို့ကို ရှင်းလင်း ဟောကြားခဲ့ပါတယ်။ အဲဒီနောက် လှူဒါန်းမှုအစုစုဟာ နိဗ္ဗာန်ရဲ့ အထောက်အပံ့ဖြစ်ပါစေကြောင်း ဆုတောင်းပြီး မေတ္တာနှလုံး ကိုယ်စီသုံး အမည်ရတဲ့ တရားတော်ကို အဆုံးသတ်ခဲ့ပြီး ရေစက်သွန်းချ အမျှအတန်းများ ပေးဝေခဲ့ပါတယ်။

0 comments:

Post a Comment

My Photo Album

Labels

article (38) home (2) photo (2) video (1)
Myspace Clocks, Flowers Clocks at WishAFriend.com

Get the Twitter Widget widget and many other great free widgets at Widgetbox! Not seeing a widget? (More info)

Labels