၂၀. ၆. ၂၀၁၅ ရက်နေ့မှာ ဗုဒ္ဓရံသီကျောင်းဒကာ၊ ဒကာမ မိသားတစ်စုမှ နေ့ဆွမ်းပင့်ကပ်ရင်း သူ့တို့ရဲ့ သားငယ်ကို ရှင်ပြုပေးချင်ကြောင်း လျှောက်ထားခဲ့ပါတယ်၊ ကျောင်းပြန်ရောက်ပြီး ညနေပိုင်းမှာ ကျောင်းဂေါပကများကို ပြောပြတဲ့အခါ အခြားအခြားသော မိသားစုများလည်း ရှင်ပြုအလှူပွဲ ပြုလုပ်ချင်ကြတာ ရှိတဲ့အကြောင်းပါ သိရှိခဲ့ရပါတယ်။ ဒါနဲ့ ရှင်ပြုပေးချင်ကြတဲ့ မိသားစုများအားလုံး အတူတကွပါဝင်ကြပြီး ကုသိုလ်ယူနိုင်ကြရန်အတွက် ၂၇. ၆. ၂၀၁၅ ရက်နေ့မှာ ဗုဒ္ဓရံသီ အသင်းမိသားစု များ ညှိနှိုင်းစည်းဝေးပွဲ ပြုလုပ်ဖြစ်ခဲ့ပါတယ်၊ အစည်းအဝေးပွဲသို့ ကိုယ်တိုင်လာရောက် ဆွေးနွေး တိုင်ပင်ကြ သူများရှိသလို ကိုယ်တိုင်မလာရောက်နိုင်ကြသော်လည်း ဖုန်းအဆက်သွယ်လုပ်ပြီး စိတ်ပါဝင်စားစွာနဲ့ မေးမြန်းကြသူများလည်း ရှိခဲ့ကြပါတယ်။
အဲဒီနေ့က အသင်းဂေါပက အဖွဲ့ဝင်များ၊ ဗုဒ္ဓရံသီအသင်း မိသားစုများ ဆွေးနွေးတိုင်ပင်ကြပြီး အလှူပွဲကျင်းပပြုလုပ်မယ့်ရက်ကိုလည်း သတ်မှတ်နိုင်ခဲ့ကြပါတယ်။ အစည်းဝေးကျင်းပ ပြုလုပ်စဉ်က သာသနာ့ဘောင်ဝင်ရောက်ကြမည့် ရှင်သာမဏေလောင်း လေးပါး ငါးပါးခန့်သာ ရှိမည်ဟု သိရှိရသော် လည်း အချင်းချင်းတိုင်ပင်ပြောကြားကြကာ စာရင်းပေးသွင်းကြသဖြင့် (၁၂) ပါးထိ ရှိလာခဲ့ပါတယ်။ စုပေါင်း ရှင်ပြုအလှူပွဲတော်ကို ၂၀၁၅ ခုနှစ်၊ ဇူလိုင်လ ၁၈ ရက်နဲ့ ၁၉ ရက်တို့တွင် ကျင်းပပြုလုပ်မှာလည်း ဖြစ်ပါတယ်။ ဇူလိုင်လ ၁၈ ရက်နေ့ ညနေ ၃း ၀၀ နာရီအချိန်မှာတော့ စုပေါင်းရှင်လောင်းလှည့်ပြီး ရှင်သာမဏေအဖြစ်ကို ခံယူကြမှာဖြစ်သလို မိဘများကလည်း သားရတနာကို အကြောင်းပြုပြီး သာသနာ့ အမွေခံယူနိုင်ကြမှာလည်း ဖြစ်ပါတယ်၊ ဇူလိုင်လ ၁၉ ရက်နေ့မှာတော့ ဘုရားအမှူးရှိတဲ့ ဆရာတော် သံဃာတော်များနဲ့ ရှင်သာမဏေများအား အရုဏ်ဆွမ်း နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခြင်း၊ ရပ်နီးရပ်ဝေးမှ ကြွရောက်လာကြမယ့် ဧည့်ပရိသတ်များအား ဧည့်ခံကျွေး မွေးခြင်းတို့ကို ပြုလုပ်ကြပြီး လှူဒါန်းမှု အစုစုတို့အတွက် ရွှေခွက်မလို့ ရေစက်ချ အမျှအတန်း ပေးဝေကြမှာလည်းဖြစ်ပါတယ်၊ ဒီအလှူပွဲတော်ဟာ ဗုဒ္ဓရံသီအသင်း မိသားစုများရဲ့ တတိယအကြိမ်မြောက် ပေါင်းစုအတူပြုကြမယ့် ကောင်းမှုအလှူပွဲတော်ပါပဲ။
အမိမြန်မာပြည်နဲ့ ဝေးကွာနေတဲ့ ဘယ်အရပ် ဘယ်ဒေသမှာပဲ ရောက်နေကြပါစေ အရွယ်ရောက် လာကြပြီဖြစ်တဲ့ ရင်သွေးငယ် သားရတနာတို့ကို သာသနာ့ဘောင် သွတ်သွင်း၍ ရှင်သာမဏေပြုပေးချင်တဲ့ ဆန္ဒ၊ သာသနာ့အမွေ ခံယူချင်တဲ့ ဆန္ဒဟာ မိဘများရဲ့ သန္တာန်မှာ အမြဲကိန်းဝပ်လျက် ရှိနေကြတာပါ၊ ဒါဟာ မြန်မာ ဗုဒ္ဓဘာသာဝင်တို့ရဲ့ မြတ်နိုးဖွယ်ကောင်း၊ အတုယူဖွယ်ကောင်းတဲ့ ဓလေ့ထုံးစံတစ်ရပ်ဖြစ်သလို ကိုးကွယ်ရာဘာသာတရားကို အလေးထားမှု တစ်ရပ်လည်း ဖြစ်ပါတယ်။
နောက်ပြီး ရည်မှန်း စိတ်ကူးထားတဲ့အတိုင်း အလှူဒါနပြုလုပ်ဖြစ်တဲ့အတွက် ကာယကံရှင် မိသားစုများ ၀မ်းသာကြည်နူး ပျော်ရွှင်နေကြမှာဖြစ်သလို၊ ဆွေမျိုးမိတ်သင်္ဂဟတွေလည်း ထပ်တူထပ်မျှ ကြည်နူးဝမ်းမြောက် နေကြမှာ အမှန်ပါပဲ။ အခြားအခြားသော အလှူတွေနဲ့ မတူဘဲ လှူဒါန်းပြီး နောက်မှာ လည်း ဖန်ဝါဆင်မြန်းထားတဲ့ သားကိုရင်ကို တွေ့မြင်ရတဲ့ မိဘတို့ရဲ့ စိတ်နှလုံးမှာ ပီတိတွေဖုံးပြီး ပြုံးပျော် ကြည်နူး နေကြမယ့် အလှူပွဲလည်း ဖြစ်ပါတယ်။ ကျောင်းကန်ဘုရားကို အကြောင်းကြောင်းကြောင့် မလာဖြစ်ခဲ့ကြပေမယ့် သားရတနာကို အကြောင်းပြု ကောင်းမှုပြုဖြစ်တဲ့အတွက် ကျောင်းကန်ဘုရားကို လာရောက်ချင်တဲ့ စိတ်တွေ၊ ဆွမ်းခဲဖွယ်စသည် ကပ်လှူချင်တဲ့ ကုသိုလ်စိတ် စေတနာတွေ သဒ္ဓါအားတွေ လည်း အရင်ကထက် ပိုမိုတိုးပွားလို့ လာခဲ့ကြပြန်ပါတယ်။ တိုးပွားလာကြတဲ့အတွက် ရှင်သာမဏေ ၀တ်နေကြစဉ်ရက်များအတွင်း နေ့စဉ် အရုဏ်ဆွမ်း နေ့ဆွမ်း ဆက်ကပ်လှူဒါန်းကြမယ့် အလှူရှင်များ လည်း အသီးသီးပေါ်ပေါက်လာခဲ့ကြပါတယ်။
ယခုလို ရှင်ပြုအလှူပွဲ ကျင်းပပြုလုပ်နိုင်ကြတာဟာ သားရတနာရှိလို့ ပြုလုပ်နိုင်ကြတာဖြစ်ပြီး သာသနာ့ ဒါယကာ၊ သာသနာ့ ဒါယိကာမ အဖြစ်ကိုလည်း ခံယူနိုင်ကြတာပါ၊ သားရတနာများ ရှင်သာမဏေ ၀တ်ခွင့် ဖန်ဝါဆင်မြန်း မြတ်သင်္ကန်းကို ဆင်မြန်းခွင့်ရတာဟာလည်း ဆရာတော် သံဃာတော်တွေ ရှိနေကြလို့ပါ၊ ဆရာတော် သံဃာတော်တွေ ရှိနေကြတာဟာလည်း မြတ်စွာဘုရားရဲ့ အဆုံးအမ သာသနာ တော် ရှိနေဆဲ တွေ့ကြုံနေဆဲဖြစ်လို့ပါ၊ မြတ်စွာဘုရားရဲ့ သာသနာတော်နဲ့ တွေ့ကြုံနေကြရတာဟာလည်း မြတ်စွာဘုရား ပွင့်ထွန်းပေါ်ပေါက်ခဲ့လို့ပါ၊ အကယ်၍ မြတ်စွာဘုရားရှင် ပွင့်ထွန်းပေါ်ပေါက်မှု မရှိခဲ့ရင် ဒီကနေ့ သာသနာတော်နဲ့ တွေ့ကြုံကြရမှာ မဟုတ်ပါ၊ သာသနာတော်နဲ့ တွေ့ကြုံခွင့် ဆုံဆည်းခွင့် မရခဲ့ရင် လည်း ရဟန်း သံဃာတော်တွေဆိုတာ ရှိမှာမဟုတ်ပါ၊ ရဟန်း သံဃာတော်တွေမှ မရှိခဲ့ရင်လည်း ရှင်အဖြစ်၊ ရဟန်းအဖြစ်ကို ခံယူနိုင်ကြမှာ မဟုတ်ပါ၊ ရှင်အဖြစ်၊ ရဟန်းအဖြစ်ကိုမှ ခံယူခွင့် မရကြရင်လည်း သာသနာ့အမွေခံလို့ ခေါ်ဆိုရမယ့် ရှင့်ဒါယကာ၊ ရှင်ဒါယိကာမအဖြစ် ခံယူနိုင်ကြမှာ မဟုတ်ပါ၊ ယခုအခါ အကြောင်းအကျိုး ညီညွတ်နေတဲ့အတွက်ကြောင့် သာသနာ့အမွေ ခံယူခြင်းဆိုတဲ့ အခွင့်ထူးကို ရရှိကြတဲ့ သူတော်ကောင်းများ ဖြစ်နေကြရပါလားလို့ နှလုံးသွင်း ဆင်ခြင်ပြီး ဂုဏ်ယူ ၀မ်းမြောက်နိုင်ကြရမှာလည်း ဖြစ်ပါတယ်။
ဒါ့အပြင် မြတ်ဗုဒ္ဓရဲ့ သာသနာ့ဘောင်မှာ ရှင်အဖြစ်ကို ရရှိကြတဲ့ ရင်သွေးငယ်တွေဟာလည်း ဗုဒ္ဓရဲ့ အဆုံးအမတွေကို သင်ယူလေ့လာခွင့်၊ သရဏဂုံ သီလတွေ ဆောက်တည်ကျင့်သုံးခွင့် စတာတွေကိုလည်း ရရှိကြမှာ ဖြစ်ပါတယ်။ ရှင်ရဟန်းအဖြစ်ကို ရရှိဖို့ရန် ခဲယဉ်းလှတယ်လို့ မြတ်စွာဘုရားမိန့်ကြားခဲ့တဲ့အတွက် ခဲယဉ်းလှတဲ့ ရှင်သာမဏေအဖြစ်ကို ရရှိနိုင်တာဟာလည်း အခွင့်ကောင်းတစ်ခုအဖြစ် မှတ်ယူရမှာလည်း ဖြစ်ပါတယ်။ ဒါတွေဟာ တတိယအကြိမ်မြောက် ပေါင်းစုအတူပြုမယ့် ကောင်းမှုအလှူပွဲရဲ့ အကျိုးရလာဒ်ပဲ ဆိုတာ သိမြင်ကြပြီး ကုသိုလ်တရားများ တိုးပွားအောင်ဆောင်ရွက်နိုင်ကြပါစေကြောင်း ဆုတောင်းမေတ္တာ များ ပို့သလိုက်ရပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ။

0 comments:

Post a Comment

My Photo Album

Labels

article (38) home (2) photo (2) video (1)
Myspace Clocks, Flowers Clocks at WishAFriend.com

Get the Twitter Widget widget and many other great free widgets at Widgetbox! Not seeing a widget? (More info)

Labels