စာရေးသူ Viva Voce ကိစ္စများပြီးတဲ့နေ့မှာပဲ ဆရာကြီးက သူ့ရဲ့အိမ်ကို အလည်လိုက်ရန် ဖိတ် ပါတယ်။ အားတဲ့တစ်ရက်ရက်မှ ကြွမယ့်အကြောင်း ပြောပြီး Thesis Section မှ အသီးသီး လမ်းခွဲပြီး ပြန်လာခဲ့ကြပါတယ်။ မတ်လ ၁၁ ရက်နေ့မှာတော့ ဆရာကြီးနဲ့ တက္ကသိုလ်မှာ ဆုံဖြစ်ခဲ့ပါတယ်။ မတ်လ ၁၂ ရက်နေ့ သူအိမ်ကို ဆွမ်းစားကြွဖို့ ဖိတ်မံပါတယ်။ သူ့အိမ်သို့ လာရမယ့် လိပ်စာကိုလည်း ရေးပေးခဲ့ပါတယ်။
ဆရာကြီးပေးတဲ့ လိပ်စာအတိုင်း ၁၂ ရက်နေ့မှာတော့ ဆရာကြီးအိမ်ကို ကြွဖြစ်ခဲ့ပါတယ်။ ဆရာကြီးရဲ့အိမ်က တက္ကသိုလ်နဲ့ တော်တော်ဝေးလှပါတယ်။ ရထားတစ်တန်၊ ကားတစ်တန်နဲ့ သွားရပါ တယ်၊ ၂ နာရီလောက်ကြာအောင် သွားခဲ့ရပါတယ်။ ဗုဒ္ဓဘာသာတို့ရဲ့ ထုံးစံအရ ဆွမ်းစားလို့ ပြောရပေ မယ့် ဆရာကြီးက ဟိန္ဒူဘာသာဝင်ဖြစ်တဲ့အတွက် သူတို့ ထုံးစံအရ ထမင်းစားဖိတ်မံခြင်းလို့ ပြောရမှာ ပါပဲ။ ဆရာကြီးနေတဲ့ အိမ်ကလည်း ဟိန္ဒူဘာသာဝင်များအတွက် သီးသန့်ဖွင့်လှစ်ထားတဲ့ ကောလိပ် ကျောင်းဝန်းထဲမှာပါ။ သရက်ပင်၊ ပိန္နဲပင် စတဲ့ သစ်ပင်ကြီးများနဲ့ အုံ့ဆိုင်းနေတဲ့ ကောလိပ် ကျောင်းဝန်းကြီး တိတ်ဆိတ်ငြိမ်သက်နေတဲ့ ကျောင်းဝန်းကြီး အရိပ်အာဝါသ အလွန်ကောင်းတဲ့ ကျောင်းဝန်းကြီးပါပဲ။ ကောလိပ်ကျောင်းဝန်းအတွင်းမှာပဲ ဟိန္ဒူဘုရားကျောင်းကြီးကို ခန့်ငြားထည် ၀ါစွာ ဆောက်လုပ်ထားပါတယ်။ စာရေးသူကို ရောက်ရောက်ချင်း ဟိန္ဒူဘုရားကျောင်းသို့ ခေါ်သွားပြီး သူတို့ ဟိန္ဒူဘုရားနဲ့ ပတ်သက်တာတွေကို ရှင်းပြပါတယ်၊ စာရေးသူကလည်း စိတ်ဝင်စားတဲ့ အကြောင်းနဲ့ ငယ်စဉ်ကတည်းက ဟိန္ဒူဘာသာနဲ့ ပတ်သက်တာတွေကို လေ့လာခဲ့ဖူးကြောင်း၊ သင် လည်း သင်ခဲ့ရကြောင်းတို့ ပြန်ပြောပြခဲ့ပါတယ်။  ဆရာကြီးက ဟိန္ဒူဘုရားကျောင်းသို့ စာရေးသူကို  ခေါ်သွားပေမယ့် ဓာတ်ပုံမရိုက်ရန်တော့ မေတ္တာရပ်ခံခဲ့တယ်။ ဘာကြောင့်ဆိုတာတော့ စာရေးသူလည်း မမေးဖြစ်ခဲ့သလို သူကလည်း မပြောပြခဲ့ပါဘူး။ သူတို့ရဲ့ Rule အရလို့ပဲ ပြောရမလား၊ ဒါမှ မဟုတ် မသင့်တော်ဘူးလို့ထင်လို့လားတော့ မသိပါဘူး။
စာရေးသူ ဘုံဘေတက္ကသိုလ်သို့ စရောက်တဲ့ နှစ်က ဗုဒ္ဓဂယာဒေသကို ရောက်ခဲ့ပါတယ်။ ရောက်တုန်း ဂယာမှာရှိတဲ့ မဂဓတက္ကသိုလ်၊ ဗာရာဏသီမှာရှိတဲ့ B H U တက္ကသိုလ်တို့ကို ရောက်ခဲ့ပါ တယ်။ B H U တက္ကသိုလ်ရောက်တော့ သူငယ်ချင်းက တက္ကသိုလ်ဝန်းထဲမှာ ရှိတဲ့ ဟိန္ဒူဘုရားကျောင်း ကို လိုက်ပို့ပါတယ်။ ဧည့်ပရိသတ်ပေါင်းများစွာလည်း နေ့စဉ်လာရောက်လေ့ရှိကြပါတယ်၊ တော်တော် လည်း ခန့်ငြားတင့်တယ်လှပါတယ်။ အဆောက်အဦးအပြင်ကနေတော့ ဓာတ်ပုံရိုက်တာတွေကို ခွင့်ပြု သော်လည်း ဘုရားကျောင်းထဲမှာတော့ ဓာတ်ပုံရိုက်ခွင့်ကို ကန့်သက်တားမြစ်ထားပါတယ်။ ဘာသာ တစ်ခုကို သူတို့လည်း စွဲစွဲမြဲမြဲ ယုံယုံကြည်ကြည်နဲ့ ကိုးကွယ်ဆည်းကပ်ကြတာကို တွေ့မြင်ခဲ့ရပါတယ်။ သူတို့လည်း သူတို့အယူအဆနဲ့ သူတို့ပဲလေလို့ စိတ်ထားမှာ တွေးဖြစ်ခဲ့မိတယ်။ စာရေးသူအထင်တော့ မသင့်တော်လို့ ဓာတ်ပုံရိုက်ခွင့် မပြုတာဖြစ်မယ်လို့ပဲ ထင်မိပါတယ်။ 
ဆွမ်းစားချိန်ရောက်တော့ ဆရာကြီးက သူ့အိမ်ကို ခေါ်သွားခဲ့ပါတယ်၊ အိမ်မှာတော့ သူ့တို့ ဇနီးမောင်နှံ နှစ်ဦးတည်း နေကြပါတယ်။ သားနှစ်ယောက်နဲ့ သမီးတစ်ယောက်ရှိတယ်။ အားလုံး အိမ်ထောင်ပြုသွားကြပြီလို့ ပြောပြပါတယ်။ စာပေသမားများနေတဲ့ အိမ်မို့လို့ထင်တယ်၊ မိသားစု Library လုပ်ထားတာတွေ့ရတယ်။ ကျန်တာတော့ အထူးတလည် ဘာမှ မတွေ့ရပါဘူး။ သူတို့ရဲ့ ထုံးစံအရ သက်သတ်လွတ်ကိုပဲ စားသုံးကြတယ်။ စာရေးသူအတွက် စတီးလင်ဗန်းမှာ ထမင်းတစ်ပုံ၊ သက်သတ်လွတ် ဟင်းနှစ်ပုံ၊ မုံ့တစ်ပုံ၊ ချာပါတီ တစ်ပုံ ထားပေးပါတယ်။ ပြီးတော့ ပဲဟင်းလေးက သီးသန့် တစ်ပန်းကန်ပြင်ထားပေးပါတယ်။ ဒါဟာ သူတို့ ထုံးစံအရ နေ့စဉ် စားသုံးလေ့ရှိတဲ့ မိသားစု စားတော်ပွဲလေးပဲ ဖြစ်မှာလို့ ဘာရယ်မဟုတ် အတွေးဝင်သွားမိပါတယ်။ မှတ်မှတ်ရရလေး အဖြစ် ဓာတ်ပုံရိုက်ပြီး မှတ်တမ်းတင်ထားခဲ့ပါတယ်။ သူငယ်ချင်းဖြစ်သူက ဒေါက်တာချင်း တူသွားလို့ ချီးမြှောက်တဲ့ အနေနဲ့ ဖိတ်တာဖြစ်မှာပါလို့ ပြောလိုက်တဲ့ စကားကိုလည်း ပြန်လည် ကြားယောင်မိပါတယ်၊ ဟုတ်များဟုတ်လေမလားဆိုတဲ့ အတွေးတော့ ၀င်မိတာ အမှန်ပါပဲ။ ဘာပဲဖြစ် ဖြစ် ဟိန္ဒူဘာသာဝင် ဆရာကြီး တစ်ယောက်က ဗုဒ္ဓဘာသာ ရဟန်းတော်တစ်ပါးကို ပင့်ဖိတ်တယ် ဆိုတာကိုတော့ အမှတ်တရလည်း ဖြစ်ရသလို ဂုဏ်လည်းယူမိပါတယ်။
အိန္ဒိယနိုင်ငံ၊ မွမ်ဘိုင်း (ဘုံဘေ) မြို့သို့် Ph.D တန်းအတွက် လျှောက်ထားရန် ၂၀၀၈ ခုနှစ်၊ မေလကုန်ခါနီးတွင် ရောက်ရှိခဲ့ပါတယ်။ မွမ်ဘိုင်းမြို့ University of Mumbai သည် အိန္ဒိယနိုင်ငံ၏ ထင်ရှားသည့် တက္ကသိုလ်များတွင် တစ်ခုအပါအ၀င် ဖြစ်ပါသည်။ စာရေးသူ Ph.D တန်းအတွက် လျှောက်ထားချင်သည့် ဌာနမှာ ပါဠိဌာနဖြစ်ပါသည်။ Department of Pali တွင် လျှောက်ထားရန် အတွက် ပါဠိဌာနသို့ ဦးစွာသွားရောက် စုံစမ်းခဲ့ပါသည်။ ပါဠိဌာနမှာ Ph.D တန်းအတွက် လက်မခံနိုင် သေးကြောင်း၊ M.Phil အတန်းသာ လက်ခံကြောင်း ပြောသဖြင့် Department of History တွင် သွားရောက်စုံစမ်းခဲ့ပါသည်။ သမိုင်းဌာနမှလည်း စာရေးသူရဲ့ Synopsis ကို ကြည့်၍ Department of Philosophy တွင် စုံစမ်းရန်နှင့် လျှောက်ထားရန်တို့ကို ညွှန်ကြားခဲ့ပါသည်။

Department of Philosophy တွင် Head နှင့် ၀င်တွေ့ပြီး Ph.D တန်းအတွက် မေးမြန်းစုံစမ်းခဲ့ ပါတယ်၊ M.A Certificate, Marks, Migration တို့ကို ကြည့်ရှုစစ်ဆေးပါတယ်။ ပြီးတော့ မည်သည့် အကြောင်းအရာနှင့် Thesis လုပ်မလဲ မေးမြန်းပါသည်။ Synopsis ကို ပြသရပါသည်။ Synopsis ကို Head ထံမှာ ထားခဲ့ပြီး ချိန်းဆိုသည့် ရက်မှာ လာရန် ပြောကြားခဲ့ပါသည်။ ဌာနမှူး ချိန်းဆိုသည့်နေ့ တွင် စာရေးသူရဲ့ Synopsis ကို ပြန်ပြင်ရေးရန်နှင့် ၀င်ခွင့်ဖြေရန် ချိန်းဆိုခဲ့ပြန်ပါသည်။ Synopsis ကို ပြန်ပြင်ရင်း ဖြေဆိုရန်တို့အတွက် လေ့လာရ ပါသည်။

ချိန်းဆိုထားသည့်ရက်တွင် Ph.D ၀င်ခွင့် ဖြေဆိုခဲ့ပြီး ၀င်ခွင့်အောင်မြင်ခဲ့ပါတယ်။ အဲဒီနောက် ဌာနမှူးမှ စာရေးသူရဲ့ ကျမ်းကို Guide လုပ်မည့် ဆရာထံ ညွှန်ကြားခဲ့ပါတယ်။ Guide ထံမှာ Synopsis ကို ပြသပြီး အတည်ပြုချက်ရယူခဲ့ရပါတယ်။ ဆရာကြီးမှ အတည်ပြုချက်အဖြစ် Synopsis တွင် လက်မှတ်ရေးထိုးပေးပါသည်။ အဲဒီနောက် ဌာနမှူးထံ မှာ လက်မှတ်ရယူခဲ့ရပြီး Thesis Section တွင် စာရေးသူရဲ့ Synopsis ကို တင်ပြရပါသည်။

Synopsis အတည်ပြုကြောင်း စာရွက်ထွက်လာသည့်အခါမှာ Research Visa ယူရန် မြန်မာ နိုင်ငံသို့ ပြန်ပြီး မြန်မာနိုင်ငံရှိ အိန္ဒိယ သံရုံးတွင် Visa လျှောက်ထားရပါသည်။ Research Visa ယူပြီး နောက် အိန္ဒိယသို့ ပြန်ခဲ့ရပါသည်။ စာရေးသူရောက်တဲ့အချိန်တွင် Thesis Section မှ Approval Letter ထွက်ရှိနေပြီလည်း ဖြစ်ပါသည်။ ဒီ Letter သည် Ph.D လျှောက်ထားသည့် ကျောင်းသားကို လက်ခံလိုက်သည့်စာ ဖြစ်ပါသည်။ တစ်ခါတစ်ရံ လျှောက်ထားသူ၏ Synopsis ကို ကြည့်၍ Thesis Section ဘုတ်အဖွဲ့ မှ ပြင်ဆင်ပေးတတ်ပါသည်။ စာရေးသူရဲ့ Synopsis ကို ကြည့်၍ Title ကို ပြင်ဆင်ပေးခဲ့ပါသည်။ Synopsis ကို ပြင်ဆင်ရခြင်း မရှိပါ။ စာရေးသူရဲ့ Title က Buddhist Philosophical Study of Three words urged by deities with special reference to Itivuttaka Pali ဖြစ်ပါသည်။ သို့သော် Approval Letter ကျလာသောအခါ စာရေးသူရဲ့ Title ကို The concepts of Deva, Sugati and Saddha in Buddhism; A Philosophical Study ဟု ပြင်ဆင်ပေးခဲ့ပါသည်။

စာရေးသူသည် Thesis Section မှ ချမှတ်ပေးသော ခေါင်းစဉ်ဖြင့် ကျမ်းတစ်စောင်ကို ရေးသား တင်သွင်းခဲ့ရပါသည်။ ကျမ်းတင်ပြီးနောက် Viva Voce အတွက် အကြောင်းကြားမည့် အချိန်ကို စောင့်မျှော်နေခဲ့ရပါသည်။

၂၀၁၂ ခုနှစ်၊ ၁၂ လပိုင်းမှာတော့ စာရေးသူရဲ့ ဆရာကြီးမှ အဆက်အသွယ်လုပ်ရန် အကြောင်း ကြားလာပါသည်။ သို့အတွက်ကြောင့် Department of Philosophy ကို ဖုန်းနဲ့လည်း ဆက်သွယ်ခဲ့ သလို၊ အီးမေးနဲ့လည်း ဆက်သွယ်ခဲ့ပါတယ်။ ဆရာကြီးမှ ၁ လပိုင်း ၂၀ ရက်မှာ Viva Voce အတွက် အကြောင်းကြားလာပါတယ်။

အကြောင်းကြားလာတဲ့အချိန်ဟာ တိုက်တိုက်ဆိုင်ဆိုင် ဂျာမန်ဗီဇာကုန်ခါနီးအချိန်နှင့် အိန္ဒိယ ဗီဇာ ကုန်ခါနီးအချိန်ဖြစ်နေပါတယ်။ အဲဒါကြောင့် Viva Voce ကျင်းပမယ့်ရက် ၁ လပိုင်း ၃၁ ရက်နေ့ ကို မသွားနိုင်ခဲ့ပါဘူး၊ ဗီဇာအခက်အခဲဖြစ်နေတဲ့ အကြောင်းကိုလည်း ဌာနမှူးနဲ့ ဆရာကြီးတို့ထံ အကြောင်းကြားခဲ့သဖြင့် ရက်ရွေှ့ဆိုင်းပေးခဲ့ပါတယ်။ ဗီဇာကိစ္စများ အဆင်ပြေသည့်အခါမှ သွားရောက် နိုင်ခဲ့ပါသည်။ ၂ လပိုင်း ၂၄ ရက်မှာတော့ အိန္ဒိယနိုင်ငံကို ထွက်ခွာခဲ့ပါတယ်။ ၂၅ ရက်နေ့ နံနက်မှာ အိန္ဒိယနိုင်ငံ၊ မွမ်ဘိုင်းမြို့ကို ရောက်ရှိခဲ့ပါတယ်။ သူငယ်ချင်းများ လာရောက် စောင့်ကြိုနေ ကြပါတယ်။ ဆရာကြီးနဲ့လည်း အဲဒီနေ့ နံနက် ၁၁း ၃၀ နာရီလောက်မှာ တွေ့ဆုံဖြစ်ခဲ့ပြီး Visa တစ်လပဲ ရကြောင်း နဲ့ တစ်လအတွင်း အဆင်ပြေအောင် အကူအညီ ပေးပါရန် မေတ္တာရပ်ခံ ခဲ့ပါသည်။

ဆရာကြီးမှ သုံးပတ်အတွင်း ပြီးအောင်စီစဉ်ပေးမည့်အကြောင်း ပြောပါသည်။ ပြင်ပစာစစ်ထံ သို့လည်း စာရေးသူရဲ့ ရှေ့မှာပဲ ဖုန်းဆက်ပြီး အမြန်စီစဉ်ပေးဖို့အကြောင်း ပြောပါသည်။ ဆရာကြီးပြော သည့်အတိုင်းပဲ ပြင်ပကျမ်းစစ်မှ မတ်လ ၇ ရက်နေ့ကို Viva Voce ပြုလုပ်မည့်ဟု အကြောင်းကြား သဖြင့် Thesis Section သို့ သွား၍ မတ်လ ၇ ရက်နေ့ စာထွက်ပေးရန် ပြောကြား ရပါသည်။ Thesis Section မှ ဆရာကြီးများ သတ်မှတ်သည့် ရက်အတိုင်း စီစဉ်ပေးခဲ့ပါသည်။

မတ်လ ၇ ရက်နေ့ နေ့လည် ၁၁း ၀၀ နာရီအချိန်တွင် Viva Voce ပြုလုပ်ရပါသည်။ နာရီဝက် ခန့်ကြာအောင် မေးမြန်းစစ်ဆေးပါသည်။ အဲဒီနောက် ဒေါက်တာဘွဲ့နာမည်တပ်၍ လက်ဆွဲ နှုတ်ဆက် ပြီး ဒေါက်တာဖြစ်သွားပြီဖြစ်တဲ့ အကြောင်း ပြောကြားပြီး Congratulation လုပ်ပါသည်။

အဲဒီနောက် အတည်ပြုချက်စာရွက်တွင် ကျမ်းကြီးကြပ်သူ ဆရာကြီးနဲ့ ပြင်ပကျမ်းစစ် ဆရာ ကြီးတို့မှ လက်မှတ်ရေးထိုးပေးခဲ့ကြပါသည်။ ဆရာကြီး၊ ပြင်ပကျမ်းစစ်ဆရာကြီးနဲ့ သူငယ်ချင်းများကို နေ့ဆွမ်းအတွက် Restaurant မှာ နေ့လည်စာဖြင့် တည်ခင်းဧည့်ခံခဲ့ပါသည်။

My Photo Album

Labels

article (38) home (2) photo (2) video (1)
Myspace Clocks, Flowers Clocks at WishAFriend.com

Get the Twitter Widget widget and many other great free widgets at Widgetbox! Not seeing a widget? (More info)

Labels