ဂျာမဏီနိုင်ငံ၊ ဖရန့်ဖို့မြို့တွင် တည်ရှိတဲ့ ဗုဒ္ဓသာသနရံသီ အသင်းမိသားစုများ စုပေါင်း၍ ၀ါဆိုလပြည့်နေ့ အထိမ်းအမှတ်ပွဲတော်အဖြစ် ဓမ္မစကြာ တရားတော်များကို ရွတ်ဖတ်ပူဇော်ခြင်းနဲ့ ၀ါဆိုသင်္ကန်းများ ဆက်ကပ် လှူဒါန်းခြင်းတို့ကို Nordwestzentrun Saalbau ခန်းမမှာ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နိုင်ခဲ့ ကြပါတယ်။ အမိမြန်မာပြည်မှ ဗုဒ္ဓဘာသာ မိသားစုများ သိုက်သိုက်ဝန်းဝန်းနဲ့ ကျင်းပ ပြုလုပ်ခဲ့လို့လည်း အထူးပင် ၀မ်းမြောက်ကြည်နူးမှု ဖြစ်ခဲ့ရပါတယ်။ 

ဒီအခမ်းအနားတွင် စာရေးသူအနေနဲ့ ၀ါဆိုလပြည့်နေ့နဲ့ ပတ်သက်တဲ့ အကြောင်းအရာများ၊ Ludwigshafen မြို့နေ ရှင်ဒါယကာ ဒေါက်တာဦးကျော်ကျော် + ရှင်ဒါယိကာမ ဒေါက်တာ ဒေါ်သင်းသင်းဦး တို့ရဲ့ တစ်ဦးတည်းသော သားလှရတနာ မောင်ဇေယျာမိုး ရဲ့ သာမဏေရ ပဗ္ဗဇ္ဇ ရှင်ပြုအလှူပွဲပါ ကျင်းပပြုလုပ်ခဲ့တဲ့အတွက် ရှင်ပြုအလှူနဲ့ ပတ်သက်တဲ့ အကြောင်းအရာများကို ဟောပြောခွင့် ရခဲ့သလို ကျောင်းဝယ်ယူနိုင်ရန် မတည်လှူဒါန်းကြတဲ့အတွက် ကျောင်းအလှူဒါနရဲ့ အကျိုးကြီးမြတ်ပုံ အကြောင်းတို့ကိုလည်း ထည့်သွင်း ဟောပြောခဲ့ရပါသေးတယ်။ 

ဝါဆိုလပြည့်နေ့နဲ့ ပတ်သက်လို့ ထူးခြားချက် (၁၀) ရပ်ရှိကြောင်း စာရေးသူ ငယ်စဉ်ကတည်းက  မှတ်သားခဲ့ ဖူးပါတယ်။ အဲဒီထူးခြားချက် (၁၀) ရပ်ကို ဟောပြောဖြစ်ခဲ့ပါတယ်။ အဲဒီ (၁၀) ရပ်ကတော့ -
  • ဘုရားအလောင်း ပဋိသန္ဓေယူတော်မူတဲ့နေ့
  • ဘုရားအလောင်း တောထွက်တော်မူတဲ့နေ့
  • ပဉ္စ၀ဂ္ဂီငါးဦးတို့အား တရားဦးဓမ္မစကြာ တရားတော်မြတ်ကို ဟောကြားတော်မူတဲ့နေ့
  • တိတ္ထိတို့အား သရက်ဖြူပင်ရင်းမှာ တန်ခိုးပြာဋိဟာကို ပြတော်မူတဲ့နေ့
  • ပဉ္စ၀ဂ္ဂီငါးဦးတို့အား ငါဘုရားဖြစ်ပြီလို့ ၀န်ခံပြောကြားတဲ့ အတွက် ဘုရားရတနာ စတင်ပေါ်ပေါက်တဲ့နေ့
  • ဓမ္မစကြာတရားတော်မြတ်ကို စတင်ဟောကြားတော်မူတဲ့အတွက် တရားရတနာ စတင် ပေါ်ပေါက်တဲ့နေ့
  • ပဉ္စ၀ဂ္ဂီငါးဦးတို့ သာသနာဘောင် ၀င်ပြီး ရှင်ရဟန်းအဖြစ်ကို ခံယူခဲ့တဲ့အတွက် သံဃာရတနာ စတင်တဲ့နေ့
  • ပဉ္စ၀ဂ္ဂီငါးဦးတို့ သာသနာ့ဘောင်တွင်းသို့ ၀င်ရောက်တဲ့အခါ ဧဟိ ဘိက္ခု ဟု စတင်ခေါ်ဝေါ်တဲ့နေ့
  • ပုထုဇဉ်အနွယ်မှ အရိယာအနွယ်သို့ အရှင်ကောဏ္ဍည စတင်ရောက်ရှိတဲ့နေ့
  • တာဝတိံတာ နတ်ပြည်၌ မယ်တော်အပါဝင် နတ်၊ ဗြဟ္မာများအား အဘိဓမ္မာတရားတော်မြတ်ကို စတင်ဟောကြားပြီး ကျေးဇူးဆပ်တော်မူတဲ့နေ့ တို့ ဖြစ်ပါတယ်။
ဒီထူးခြားချက် (၁၀) ရပ်ကို တစ်ခုချင်းလည်း ရှင်းလင်းဟောပြဖြစ်ခဲ့ပြီး ဒီနေ့ရှင်ပြုပွဲ အလှူကျင်းပ ပြုလုပ်ခဲ့ကြ တဲ့ အလှူရှင် မိသားစုများလည်း ၀ါဆိုလပြည့်နေ့ရဲ့ ထူးခြားတဲ့ ဂုဏ်အင်္ဂါ (၁၀) ရပ်ပြည့်စုံတဲ့နေ့မှာ ရှစ်ပါးပရိက္ခရာ စုံလင်စွာနဲ့ မြတ်ဗုဒ္ဓရဲ့ သာသနာ့ဘောင်တွင်း သွတ်သွင်းချီးမြှောက်ကြတာဟာ အလွန်ပဲ ၀မ်းမြောက်ဖွယ်ကောင်းကြောင်း၊ အရှင်ကောဏ္ဍည၊ အရှင်ဝပ္ပ၊ အရှင်ဘဒ္ဒိယ၊ အရှင်မဟာနာမ် နှင့် အရှင်အဿဇိ (ပဉ္စ၀ဂ္ဂီ) ငါးဦးတို့ သာသနာ့ဘောင်ဝင်ပြီး ရှင်ရဟန်းအဖြစ် ခံယူတဲ့နေ့နဲ့ တိုက်ဆိုင်တဲ့ အတွက်ကြောင့် အလွန်ပဲ ၀မ်းသာပီတိ ဖြစ်ကြရမှာဖြစ်ကြောင်းတို့ကိုလည်း ဟောပြောဖြစ်ခဲ့ပါတယ်။ 
အဲဒီနောက် ၀ါဆိုသင်္ကန်းနဲ့ ပတ်သက်တဲ့အကြောင်း၊ ကျောင်းအလှူဒါနနဲ့ ပတ်သက်တဲ့ အကြောင်း တို့ကို ဟောကြားခဲ့ပြီး ရေစက်သွန်းချ အမျှအတန်းများ ပေးဝေခဲ့ကြပါတယ်။
(၀ါဆိုသင်္ကန်း အလှူ၊ ကျောင်းအလှူ တို့နဲ့ ပတ်သက်သော အကြောင်းအရာများကို ဆက်လက်ရေးသား တင်ပြသွားပါမည်။)
ရွှင်လန်း ချမ်းမြေ့ကြပါစေ။
အရှင်ပညာဝံသ (ကွမ်းခြံကုန်း)

0 comments:

Post a Comment

My Photo Album

Labels

article (38) home (2) photo (2) video (1)
Myspace Clocks, Flowers Clocks at WishAFriend.com

Get the Twitter Widget widget and many other great free widgets at Widgetbox! Not seeing a widget? (More info)

Labels