၂၄. ၀၅. ၂၀၁၅ ရက်၊ စနေနေ့ညနေမှာ ကိုသက်ထွေးအောင် + မချောစု၊ ကိုဇော်ဇော်အောင် + မဖြူဖြူ မိသားစု ကိုသားကြီးတို့နဲ့အတူ Bramming မြို့ကနေ Bjerringbro မြို့ကို ကြွသွားခဲ့ပါတယ်။ (၂း ၀၀) နာရီကြာအောင် ကားနဲ့သွားခဲ့ရပါတယ်။ အဲဒီမြို့မှာနေထိုင်ကြတဲ့ ကိုမြင့်လွင် + မငုဝါမြင့် မိသားစု ပင့်ဖိတ်တဲ့အတွက် ရောက်ရှိခဲ့တာပါ။ ၂၅. ၀၅. ၂၀၁၅ ရက်၊ တနင်္ဂနွေနေ့မှာ အရုဏ်ဆွမ်း၊ နေ့ဆွမ်းတို့ကို စုပေါင်းပြီး ကပ်လှူကြပါတယ်။ မြန်မာ မိသားစုများ သိုက်သိုက်ဝန်းဝန်းနဲ့ ကပ်လှူကြတဲ့ စုပေါင်းအလှူ ဒါနပါ၊ ၀မ်းမြောက်ဖွယ် ကြည်နူးဖွယ် ကောင်းတဲ့ အလှူပါပဲ။ နေ့ဆွမ်းဆက်ကပ် လှူဒါန်းပြီးနောက် သီလဆောက် တည်ပြီး၊ ပရိတ် တရားတော်များကို အတူတကွ နာယူကြပါတယ်၊ လှူဒါန်းမှုအစုစုတို့အတွက် ရေစက် သွန်းချ အမျှအတန်း မပေးဝေခင်  အနုမောဒနာ တရားစကား ဟောပြောခဲ့ပါတယ်။

          ဘ၀မှာ တိုးတက်ချင်တယ်၊ ကြီးပွားချင်တယ်၊ ဘ၀သံရာမှာ ချမ်းသာချင်ကြတယ်၊ မဂ်ဖိုလ် နိဗ္ဗာန်ချမ်းသာကိုလည်း မျက်မှောက်ပြုချင်ကြတယ်ဆိုရင် မည်သူမဆို လိုက်နာကျင့်သုံးရမယ့် အင်္ဂါရပ်တွေ ရှိပါတယ်၊ အဲဒီ အင်္ဂါရပ်တွေထဲက ပထမဆုံးအင်္ဂါရပ်ဟာ အများသိထားကြပြီးဖြစ်တဲ့ မကောင်းမှု ရှောင်၊ ကောင်းမှုဆောင်၊ ဖြူအောင်စိတ်ကိုထား ဆိုတဲ့စကားပါပဲ၊ ဒီစကားဟာလည်း ဗုဒ္ဓညွှန်ပြခဲ့တဲ့ မြတ်ဓမ္မတွေ ထဲက အဆိုအမိန့် အင်္ဂါရပ်ပါပဲ၊ ဒီအဆိုအမိန့် အင်္ဂါရပ်အတိုင်း မကောင်းမှု ဒုစရိုက် အမှုတွေကို မပြုလုပ် ဖြစ်အောင်၊ အကယ်၍ မလွှဲသာလို့ ပြုလုပ်ဖြစ်ခဲ့မယ်ဆိုရင်လည်း နောက်နောင်ဒါမျိုး မပြုလုပ်ဖြစ်အောင် တတ်နိုင်သမျှ ရှောင်ကြဉ်ကြရပါမယ်၊ ကောင်းမြတ်တဲ့ လုပ်ငန်းမှန်သမျှကို တတ်နိုင်တဲ့ဘက်မှ ပါဝင်ကူညီ ဆောင်ရွက်ကြရမှာဖြစ်သလို အမြဲတမ်းလည်း ပါဝင်ဆောင်ရွက်နိုင်အောင် ကြိုးစားကြရပါမယ်၊ ဒါ့ကြောင့် လည်း ပညာရှင်များက ကောင်းမှုမြတ်နိုး ကောင်းအောင်ကြိုး၍ ကောင်းကျိုးကိုယ်၌ တည်စေမင်း လို့ မိန့်ဆိုထားခဲ့ကြတာပါ။  နောက်ပြီး ဖြူစင်တဲ့ စိတ်ထား၊ ဖြောင်မှန်တဲ့ စိတ်ထားတွေ ဖြစ်ပေါ်နေရပါမယ်တဲ့၊ ဖြူစင်မြင့်မြတ်တဲ့ စိတ်ထားတွေ မိမိသန္တာန်မှာ ကိန်းဝပ်နေရမယ်လို့ဆိုလိုတာပါ၊ မကိန်းဝပ်သေးသမျှ ငြိမ်းချမ်းမှုကို ပန်းတိုင်နဲ့ အလှမ်းကွာနေကြမှာပါ၊ သို့အတွက် တစ်နေ့ထက်တစ်နေ့၊ တစ်ရက်ထက်တစ်ရက်၊ တစ်လထက် တစ်လ စသည်ဖြင့် စိတ်နေစိတ်ထားတွေ ဖြူစင်အောင်၊ သန့်ရှင်းအောင် ကြိုးစားနေကြ ရမှာပါပဲ။

ဒုတိယအင်္ဂါရပ်အနေနဲ့က ပြောပြုတွေးလျှင် သတိယှဉ် ဆင်ခြင်ဥာဏ်ရှေ့သွား ဆိုတဲ့ အဆိုအမိန့်ပါ၊ ကံသုံးပါးလုံးနဲ့ သက်ဆိုင်နေပါတယ်၊ ကာယကံမြောက် ပြုမူမယ့်အရာမှန်သမျှ၊ ၀စီကံမြောက် ပြောဆိုမယ့် အရာမှန်သမျှနဲ့ မနောကံမြောက် ကြံစီမယ့်အရာမှန်သမျှတွေမှာ သတိတရားထားပြီး ပြုမူ ပြောဆို ကြံစီသင့် ပါတယ်။ ဖြစ်ပေါ်လာတဲ့ ပြဿနာမှန်သမျှဟာ ကံသုံးပါးကို မစောင့်စည်းနိုင်လို့ ဖြစ်ပေါ်လာတဲ့အတွက် ကြောင့် သတိတရားဟာ အရာရာတိုင်းမှာ အလိုအပ်ဆုံးသောအရာလည်းဖြစ်ပါတယ်၊ မြတ်စွာဘုရားရှင် ကိုယ်တော်တိုင်လည်း (အပ္ပမာဒေန ဘိက္ခဝေ သမ္ပာဒေထ) မမေ့မလျော့သော သတိတရားနဲ့ ပြည့်စုံကြဖို့ ဆွမ်းခံပြန်လာတိုင်း မိန့်ကြားခဲ့သလို နောက်ဆုံး ပရိနိဗ္ဗာန် ၀င်စံခါနီးဆဲဆဲမှာလည်း ဘယ်အရာမှ လောကမှာမြဲတယ်ဆိုတာမရှိဘဲ၊ ဖြစ်လာသမျှ ရလာသမျှ  အရာအားလုံးဟာ တစ်နည်းနည်းနဲ့ ပျက်စီးကြ မှာပဲ၊ ပျက်စီးခြင်းမှာပဲ အဆုံးသတ်ကြရမှာဖြစ်လို့ သတိတရားလက်ကိုင်ထားပြီး နေထိုင်ကြဖို့ မိန့်မှာတော်မူ ခဲ့ပါတယ်။ သတိတရားနှင့်အတူ ဥာဏ်ပညာပါ ရှေ့ကကူပြီး ပြုမူမယ်၊ ပြောဆိုမယ်၊ ကြံစီမယ်ဆိုရင်တော့ အမှားနည်း အမှားကင်းပြီး ပစ္စုပ္ပန်မှာလည်း ကောင်းကျိုးချမ်းသာကို ခံစားရမှာဖြစ်သလို နိဗ္ဗာန်ချမ်းသာကို လည်း ဧကန်မုချ ရရှိကြမှာဖြစ်ပါတယ်။

တတိယအင်္ဂါရပ်အနေနဲ့ စိတ်ထားဖြောင့်မှန် ခွင့်လွှတ်ရန် သည်းခံမေတ္တာထား ဆိုတဲ့ အချက်ပါ။ လုပ်ငန်းကိစ္စ တစ်ခုကို ဆောင်ရွက်တဲ့အခါမှာ စိတ်နေစိတ်ထားတွေ ဖြောင့်မှန်ရမယ်၊ တည်မတ်ရမယ်တဲ့၊ ဒါ့အပြင် လူတိုင်းအပေါ်မှာ အတိုင်းအတာ တစ်ခုအထိ ခွင့်လွှတ်နိုင်မှု အနစ်နာခံ သည်းခံတတ်မှုနဲ့ မေတ္တာ တရားတို့ကိုလည်း ထားရပါမယ်တဲ့။ လူတိုင်းအပေါ်မှာ မထားနိုင်သေးရင်တောင်မှ မိမိနဲ့ အတူတူ လုပ်ကိုင်ဆောင်ရွက်နေကြတဲ့ သူတွေရဲ့ အပေါ်မှာ၊ မိမိပတ်ဝန်းကျင်အပေါ်မှာ ထားနိုင်အောင်တော့ ကြိုးစားကြရပါမယ်။ ဒီထက်ပိုပြီး အများရဲ့ အပေါ်မှာ ထားနိုင်ရင်တော့ အကောင်းဆုံးပါပဲ။ (ပုထုဇဉ်တို့ သဘာဝ အရာအားလုံးရဲ့ အပေါ်မှာ မေတ္တာ စသည် ထားနိုင်ဖို့ဆိုတာ လွယ်ကူတဲ့အရာမှ မဟုတ်ဘဲလို့ ဆင်ခြင်မိတဲ့အတွက် တတ်နိုင်သမျှ မေတ္တာ ထားနိုင်ဖို့ကိုတော့ ကြိုးစားနေကြရအုံးမှာပါ။)

စတုတ္ထ အင်္ဂါရပ်ကတော့ လုံလနှင့်ဇွဲ  မလျှော့ဘဲ အမြဲတင်းတင်းထား တဲ့ ဒီစကားဟာ တိုးတက်ချင် တဲ့သူ၊ ကြီးပွားချမ်းသာချင်တဲ့ သူတွေအတွက် အကောင်းဘက်ကို ရည်ရွယ်ပြီး သူတော်ကောင်းတွေရဲ့ မြှင့်တင်ပေးတဲ့ စကား၊ အားဖြစ်စေတဲ့ စကားပါ။ (မကောင်းတဲ့ဘက်မှာ လုံ့လ၀ီရိယနဲ့ ဇွဲသတ္တိ ရှိဖို့ရန် ညွှန်ပြသည့် တိုက်တွန်းသည့် စကားမျိုးကိုတော့ သူတော်ကောင်းတွေဟာ အမြဲတမ်းရှောင်ကြဉ်လေ့ရှိပါ တယ်။) စီးပွားဥစ္စာ ရှာဖွေရာမှာပဲဖြစ်စေ၊ ပညာ သင်ယူလေ့လာနေတဲ့ အခါမှာပဲဖြစ်စေ၊ တရားဓမ္မကို ကြိုးစားအားထုတ်နေတဲ့ အခါမှာပဲ ဖြစ်စေ၊ ကောင်းမြတ်တဲ့ လုပ်ငန်းမှန်သမျှ လုပ်ကိုင်ဆောင်ရွက်တဲ့အခါမှာ လုံ့လ၀ီရိယ နဲ့ ဇွဲသတ္တိတို့ မလျှော့ဘဲ ကြိုးစားကြဖို့ လိုအပ်ပါတယ်။ ဒါကိုပဲ မြန်မာ့ဆိုရိုးစကားမှာ ငုပ်မိသဲတိုင် တက်နိုင်ဖျားရောက် လို့ တင်စားသုံးနှုန်းထားခဲ့ခြင်းဖြစ်ပါတယ်။ လုံ့လ၀ီရိယ ဇွဲသတ္တိတို့နဲ့အတူ သတိ ဥာဏ်ပညာတွေပါ ဖြည့်ဆည်း ကူညီပြီး ကြိုးစားကြမယ်ဆိုရင် အတိုင်းထက်အလွန် တံခွန်နဲ့ ကုက္ကား ဆိုသလို ရည်မှန်း ချက်ပန်းတိုင်ကို လှမ်းကိုင်နိုင်ကြမှာပါ မလွဲဧကန်ပါပဲ။

နောက်ဆုံး ပဉ္စမ အင်္ဂါရပ်ကတော့ အရာရာတွင် အသုံးဝင် အောင်မြင်ကြောင်းတရား တဲ့ ဆိုခဲ့ပြီးတဲ့ အင်္ဂါရပ်တွေနဲ့ ပြည့်စုံကြမယ်၊ ကြိုးစားကျင့်ကြံကြမယ်ဆိုရင် အရာရာအာလုံးဟာ ဆုတ်ယုတ်မှု မဖြစ်စေဘဲ တိုးတက်ကြီးပွားဖို့ အောင်မြင်နိုင်ဖို့ကိုပဲ ဖြစ်စေမှာပါဆိုတာကို လက်ခံယုံကြည်ပြီး ကြိုးစားကျင့်ကြံ လိုက်နာ နိုင်ကြတဲ့ သူတော်ကောင်းများ ဖြစ်နိုင်ကြပါစေ။

(ကားဖြင့်လိုက်ပါပို့ဆောင်ပေးကြတဲ့ မိသားစုများနဲ့ အလှူရှင်မိသားစုများ အားလုံးကို ကျေးဇူးအထူးတင်လျက်ပါ။)

ရွှင်လန်းချမ်းမြေ့ကြပါစေ။

0 comments:

Post a Comment

My Photo Album

Labels

article (38) home (2) photo (2) video (1)
Myspace Clocks, Flowers Clocks at WishAFriend.com

Get the Twitter Widget widget and many other great free widgets at Widgetbox! Not seeing a widget? (More info)

Labels