စာရေးသူသည် ၂၀၀၈ ခုနှစ်တွင် ဇာတိမြို့၏ မိခင်ကျောင်းတိုက်မှာ ၀ါဆိုဖြစ်ခဲ့၏။ ဤ ၂၀၀၈ ခုနှစ်သည်ကား စာရေသူတို့ တစ်မြို့လုံး ဒုက္ခပင်လယ်ဝေခဲ့ရသည့် နှစ်လည်းဖြစ်ပါ၏။ အကြောင်းမှာ ၂၀၀၈ ခုနှစ်၊ မေလ ၂ ရက်နေ့ညတွင် ဆိုးရွားစွာ တိုက်ခတ်ဖျက်ဆီးခဲ့သည့် နာဂစ်ဆိုင်ကလုံမုန်တိုင်းကြောင့် လူပေါင်းများစွာ၊ တိရစ္ဆာန်ပေါင်းများစွာ အသက်ဆုံးရှုံးခဲ့ရ၊ အိုးမဲ့ အိမ်မဲ့ဖြစ်ခဲ့ရသောကြောင့်ဖြစ်၏။ ထို့ကြောင့် ဇာတိမြို့သို့ ပြန်ရောက်ခဲ့ပြီး ဆရာတော်အား ဖူးမြှော် အလ္လာပ သလ္လာပ စကားများပြောဆိုလျှောက်ထားပြီး၊ မိဘရပ်ထံ သို့လည်း ပြန်ခဲ့၏။ ထို့နောက်ဇာတိမြို့ မှာရှိသည့် မိခင်ကျောင်းတိုက်သို့ ပြန်လာခဲ့၏။ ကျောင်းတိုက်သို့ ရောက်ပြီး မကြာခင်ပင် ဆရာတော်၏ တပည့်တစ်ပါး စာရေးသူထံရောက်လာကာ ဆရာတော်က ဘယ်စာဝါပို့ချ မှာလည်း မေးခိုင်းလိုက်လို့ဆိုပြီး လာရောက်မေး မြန်း၏။ စာရေးသူလည်း ဘာပြန်ပြောရမှန်းမသိအောင် ချက်ချင်းတွေဝေသွားခဲ့၏။ စာရေးသူက မြို့ကြီးသို့ ပြန်ပြီး ၀ါဆိုမည်။ ပညာရေးအတွက် ပြင်ဆင်စရာရှိသည် များကို ပြင်ဆင်မည်ဟု စိတ်ကူးထားသောကြောင့်ဖြစ်၏။ သို့သော်လည်း ဆရာတော်အပေါ် ချစ်ကြောက်ရိုသေ သည်ကတစ်ကြောင်း၊ မြို့ကြီးသို့ပြန်ပြီး ၀ါဆိုမည်ဟု မလျှောက်ထားဝံ့သည်ကတစ်ကြောင်း၊ လက်ရှိအခြေ အနေအရ ကူညီသင့်သည်ဟု သိရှိနားလည်မိသည်ကတစ်ကြောင်း စသည့်အကြောင်းတို့ကြောင့် ဆရာ တော် အမိန့်ရှိသည့် စာဝါကို ပို့ချပါမည်ဟု အကြောင်းပြန်ခဲ့၏။ စာဝါပို့ချပါမည်ဟု အကြောင်းပြန်လျှောက် ထားခဲ့သော်လည်း စာဝါများနှင့် ကင်းကွာနေခဲ့သည်မှာ နှစ်ပေါင်း ၁၅ နှစ်ကျော်ခဲ့ပြီဖြစ်၏။ ပို၍အခက်အခဲနှင့်ကြုံ ခဲ့သည်မှာ စာရေးသူ တစ်နေ့နေ့ တစ်ချိန်ချိန်တွင် စာဝါပြန်ပို့ချမည်ဟူသော ရည်ရွယ်ချက်ဖြင့် ငယ်စဉ်က သင်ယူ လေ့လာခဲ့သော မှတ်စုစာအုပ်များကို သိမ်းဆည်းထားခဲ့၏။ သို့သော် နာဂစ်ဆိုင်ကလုံမုန်တိုင်းကြောင့် စာအုပ်စာတမ်များလည်း ပျက်စီးခဲ့ရ၏။ ထို့ကြောင့်လည်း စာအုပ်များရှာဖွေလျက် စာဝါပြန်လည်ပို့ချနိုင်ရန် ပြင်ဆင်ခဲ့ရ၏။ ထို့ပြင် ဇာတိမြို့တွင် ပြန်၍၀ါမဆိုဖြစ်ခဲ့သည်မှာ အတော်ပင်ကြာညောင်းခဲ့ပြီဖြစ်၏။ ဆရာ ဘုန်းကြီး၏ ဆန္ဒကို ဖြည့်ဆည်းသောအားဖြင့် ၀ါဆိုခဲ့ခြင်းလည်း ဖြစ်ပါ၏။ ဤသို့ဖြင့် မိခင်ကျောင်းတိုက် ဆရာသမား၏ မေတ္တာရင်ခွင်အောက် ခိုလှုံလျက် စာဝါပို့ချမှုနှင့် တိုက်တာဝေယျာဝစ္စတို့ကို တတ်နိုင်သမျှ ဆောင်ရွက်ခဲ့ရ၏။ အတိုင်းအတာတစ်ခုအထိ ပေးဆပ်ခွင့်ရရှိခဲ့၍လည်း ၀မ်းမြောက်ခဲ့ရပါ၏။

ငယ်စဉ်က ပညာရည်နို့အတူတူသောက်စို့ခဲ့ကြသည့် သူငယ်ချင်းများ မိခင်ကျောင်းတိုက်မှာ တစ်ပါးမျှမရှိကြ သည်ကို တွေးပြီးလွမ်းဆွေးမှုလည်း ဖြစ်ခဲ့သေး၏။ ငယ်စဉ်က ဆရာ့ထံမှာ စာပြန်၊ စာတက်၊ စာကျက်နှင့် ဆင်းဆင်းရဲရဲ အပင်ပန်းခံခဲ့ကြရပုံများကိုလည်း ပြန်လည်သတိရမိခဲ့၏။ အချိန်ကာလ၏ ရွေ့လျားမှုနှင့်အတူ သူငယ်ချင်းများ နေရာဌာနအသီးသီးမှာ ကျောင်းထိုင်ဆရာတော်များဖြစ်နေကြ၏။ သူငယ်ချင်းများ ကျောင်း ထိုင်ဆရာတော်များဖြစ်နေကြသည်ကို တွေ့မြင်ကြားသိရ၍လည်း ၀မ်းမြောက်ကြည်နူးခဲ့ရ၏။ စာရေးသူလည်း စာဝါပို့ချ၊ ကျောင်းတိုက်ဝေယျာဝစ္စများကို ဆောင်ရွက်လျက်နှင့်ပင် ၀ါလကင်းလွတ် သီတင်းကျွတ်ခဲ့၏။ ၀ါကျွတ်သည့်အခါ ဆွမ်းအောင်ပွဲများ ဆွမ်းဆန်စိမ်းလောင်းလှူပွဲများ နှစ်ကျိပ်ရှစ်ဆူဘုရားများ လှည့်လည်ပူဇော်ပွဲများနှင့် စာရေးသူတို့မြို့တွင် အလွန်ပင်စည်ကားလျက်ရှိသည်ကို တွေ့မြင်ခဲ့ရ၏။ ငယ်စဉ်ကတွေ့ကြုံခဲ့ဖူးသည့် နှစ်ကျိပ်ရှစ်ဆူပူဇော်ပွဲများနှင့်မတူဘဲ တစ်မူထူးခြားပြီး ခြိမ့်ခြိမ့်သဲသဲ ကျင်းပကြသည်ကိုလည်း စိတ်ဝင်စားဖွယ်ရာ ဖူးတွေ့ခဲ့ရ၏။ ထို့ပြင် ကထိန်ပွဲများကိုပါ ဆက်လက်ကျင်းပကြ၏။ စာရေးသူ၏ သူငယ်ချင်းများသည် ကျောင်းထိုင်ဆရာတော်များဖြစ်နေကြသဖြင့် သူတို့၏ကျောင်းတိုက် ကထိန် များတွင် စာရေးသူကိုပါ ကြွရောက်ရန်ပင့်ဖိတ်ကြ၏။ တချို့သူငယ်ချင်း ကျောင်းတိုက်များတွင် ကထိန်အနုမောဒနာ တရားကို ဟောကြားပေးရန် တိုက်တွန်းကြသဖြင့် ဟောကြားခဲ့ရသည်လည်းရှိ၏။

စာရေးသူလည်း အားပေးသည့်အနေဖြင့် စွမ်းနိုင်သမျှ ကြိုးစားပြီး မ၀ံ့မရဲနှင့် သူငယ်ချင်း ကျောင်းထိုင်ဆရာတော် များကြားတွင် ဟောကြားခဲ့၏။ သူငယ်ချင်းက တိုက်တွန်း၍သာ ဟောကြားခဲ့ခြင်းဖြစ်သော်လည်း တရားဟော လေ့ ဟောထမရှိခဲ့သည်မှာ နှစ်နှင့်ချီ၍ ကြာမြင့်ခဲ့ပြီဖြစ်၏။ ထို့ကြောင့် အဆင်ပြေအောင်ကြိုးစားပြီး ဟောမည်ဟု တွေးကာ ဟောကြားခဲ့ရ၏။ စာရေးသူဟောကြားခဲ့သောတရားမှာ ကထိန်အနုမောဒနာ တရားဆိုသော်လည်း အလှူအားလုံးနှင့် သင့်လျော်မည့် အကြုံးဝင်မည့်တရားကိုသာ အဓိကထားကာ ဟောကြားခဲ့ပါ၏။ ထို့ကြောင့် လည်း တရားတော်၏နာမည်ကို သူတော်ကောင်းတို့၏ အလှူဟု နာမည်ပေးကာ ဟောကြားခဲ့ခြင်းဖြစ်ပါ၏။ အလှူတတ်စေချင်၊ အလှူမြတ်စေချင်သော ရည်ရွယ်ချက်ဖြင့် ဤတရားစကာားကို ဟောကြားခဲ့ခြင်းလည်းဖြစ် ပါ၏။

ဤတရားတော်သည် အင်္ဂုတ္တရနိကာယ် ပဉ္စကနိပါတ်ထဲမှာပါသည့် သပ္ပုရိသဒါနသုတ်ဖြစ်၏။ ဤသုတ္တန်တရား တော်ကိုပဲ မြန်မာနာမည်နှင့် သင့်လျော်အောင် သူတော်ကောင်းတို့၏ အလှူဟု နာမည်ပေးထားခြင်းဖြစ်၏။ မင်းကွန်းတိပိဋက ဆရာတော်ကြီးသည်လည်း ဤတရားတော်ကို ဟောကြားပြီး စာအုပ်ထုတ်ဝေဖြန့်ချိထား၏။ ဆရာတော်ကြီး၏ စာအုပ်ထဲမှာ ပြည့်ပြည့်စုံစုံ ဟောကြားထားသည်ကို တွေ့ရ၏။ ဖတ်လည်းဖတ်ခဲ့ဖူး၏။ ကြိုက်နှစ်သက်၍လည်း ဆရာတော်ကြီး၏ ဆောင်ပုဒ်လင်္ကာများကို ကျက်မှတ်ထားခဲ့ပါ၏။ ဤထဲမှာပါသည့် ဆောင်ပုဒ်လင်္ကာများသည် မင်းကွန်းတိပိဋက ဆရာတော်ကြီး၏ ဆောင်ပုဒ်လင်္ကာများသာဖြစ်၏။

မြတ်စွာဘုရားသည် အလှူဒါနနှင့် ပတ်သက်ပြီး မြင့်မြတ်သည့်အလှူဒါနမျိုးဖြစ်စေရန်၊ အကျိုးရှိရှိ လှူဒါန်းတတ်ကြစေရန်ဆိုသည့် ရည်ရွယ်ချက်နှင့် ဤတရားတော်ကို ဟောကြားခဲ့ခြင်းဖြစ်၏။ အလှူဒါန တစ်ခုကို ပြုလုပ်မည်၊ လှူဒါန်းမည်ဆိုလျှင် ဘုရားအစရှိသည့် သူတော်ကောင်းများ ကျင့်သုံးကြသည့်မူအတိုင်း ကျင့်သုံးကြပြီး လှူဒါန်းတတ်ကြရန်နှင့် ဤကဲ့သို့ လှူဒါန်းခြင်းမျိုးကိုလည်း ဘုရားအစရှိသည့် သူတော်ကောင်းများ ချီးမွှမ်းကြကြောင်း ဟောကြားထား၏။ ဤသို့ဆိုလျှင် ဤတရားတော်ကို သူတော်ကောင်းတို့၏ အလှူဟု နာမည်ပေး၍ ရသကဲ့သို့၊ သူတော်ကောင်းတို့ ချီးမွှမ်းသော အလှူဟုလည်း နာမည်ပေးမည်ဆိုလျှင် ရနိုင်မည်ဖြစ်၏။

အလှူဒါနပြုလုပ်သည့်အခါမှာ အင်္ဂါရပ်ငါးချက်နှင့်အညီ လှူဒါန်းတတ်ကြရန် အလွန်ပင်အရေးကြီး၏။ ဤအင်္ဂါရပ် ငါးချက်နှင့် ညီညွတ်မှလည်း သူတော်ကောင်းတို့၏ အလှူဟု ခေါ်ဆိုထိုက်မှာဖြစ်သကဲ့သို့ သူတော်မြတ်တို့ ချီးမွှမ်းသည့် အလှူဟုလည်း ခေါ်ဆိုနိုင်မှာဖြစ်၏။ ယင်းအင်္ဂါရပ်ငါးချက်မှာ -

၁။ ယုံယုံကြည်ကြည်နှင့် အလှူဒါနကို ပေးလှူခြင်း။
၂။ ရိုရိုသေသေနှင့် အလှူဒါနကို ပေးလှူခြင်း။
၃။အချိန်ကာလနှင့်အညီ အလှူဒါနကို ပေးလှူခြင်း။
၎။ လွတ်လွတ်ကျွတ်ကျွတ် အလှူဒါနကို ပေးလှူခြင်း။
၅။ မိမိနှင့်သူတစ်ပါးကိုပါ မထိမပါးဘဲနှင့် အလှူဒါနကို ပေးလှူခြင်းတို့ ဖြစ်၏။

ဤအင်္ဂါရပ်ငါးချက်နှင့်အညီ ပေးကမ်းလှူဒါန်းကြမည်ဆိုလျှင် ဤကဲ့သို့သောအလှူမျိုးကို ဘုရားရှင်က သူတော်ကောင်းတို့၏အလှူ (သို့မဟုတ်) သူတော်မြတ်တို့ ချီးမွမ်းသည့်အလှူ ခေါ်ဆိုကြောင်း မိန့်ကြားတော်မူခဲ့၏။ ဤအင်္ဂါရပ်ငါးချက်ကိုပဲ မင်းကွန်းတိပိဋကဓရ ဆရာတော်ကြီးက သဒ္ဓါကြည်ညို၊ ရိုသေလှစွာ၊ အခါကိုသိ၊ မစွန်းငြိဘဲ၊ မထိမပါး၊ လှူတုံငြား၊ ငါးပါးသပ္ပုရိသ၊ မြတ်ဒါန ဟု ဆောင်ပုဒ်လင်္ကာ စပ်ဆိုတော်မူခဲ့၏။

နံပါတ်တစ်အင်္ဂါရပ်မှာ သဒ္ဓါကြည်ညိုဖြစ်၏။ အလှူဒါနတစ်ခုပြုလုပ်မည်ဆိုလျှင် အလှူရှင်များ၏ သန္တာန်မှာ ရှေးဦးစွာ ယုံကြည်မှုသဒ္ဓါတရား ရှိနေရမည်။ ပြည့်စုံနေရမည်ဟု ဆိုလိုခြင်းဖြစ်၏။ ယုံကြည်မှုသဒ္ဓါတရားသည် မည်သည့်အပေါ်မှာ ယုံကြည်ရမည်နည်းဆိုလျှင် ဘုရား၊ တရား၊ သံဃာ၊ ကံနှင့် ကံ၏အကျိုး ဤငါးမျိုးတို့၏အပေါ်မှာသာ သက်ဝင်ယုံကြည်ရ၏။ ဤငါးမျိုးအပေါ်၌ ယုံကြည်မှုကိုသာလျှင် သဒ္ဓါတရားနှင့် ပြည့်စုံသည်၊ သဒ္ဓါတရားနှင့်အညီ ပေးလှူသည်မည်၏။

နံပါတ်နှစ် အင်္ဂါရပ်မှာ ရိုသေလှစွာဖြစ်၏။ နံပါတ်တစ် အင်္ဂါရပ်ဖြစ်သည့် သဒ္ဓါတရားနှင့် ပြည့်စုံပြီး၍ အလှူဒါနပြုလုပ်သည့်အခါမှာလည်း အလှူရှင်များသည် အလှူခံပုဂ္ဂိုလ်များအတွက် နေရာထိုင်ခင်းများ သေသပ်ကျနစွာ ခင်းကျင်းပေးထားရ၏။ လှူဒါန်းဖွယ် ပစ္စည်းများကို စင်စင်ကြယ်ကြယ် သန့်သန့်ရှင်းရှင်း ပြုလုပ်ထားရ၏။ အလှူခံအရှင်မြတ်တို့အား လှူဖွယ်ဝတ္ထုပစ္စည်းများကို လှူဒါန်းဆက်ကပ်လျှင်လည်း သက္ကစ္စဂါရ၀ ရှေ့ထားပြီး ရိုရိုသေသေ လေးလေးစားစားနှင့် လှူဒါန်းဆက်ကပ်မှုကို ပြုကြရ၏။

နံပါတ်သုံး အင်္ဂါရပ်မှာ အခါကိုသိဖြစ်၏။ ဤအင်္ဂါရပ်သည် အချိန်ကာလကိုကြည့်ပြီး ထိုအချိန်ကာလနှင့် သင့်လျော်လျှောက်ပတ်သည့် ကာလဒါနအလှူမျိုးကို လှူဒါန်းဆက်ကပ်ကြရမည်ဟု ဆိုလိုခြင်းဖြစ်၏။ တစ်နည်းအားဖြင့် ကာလဒါနဆိုသည်မှာ ၀ါဆိုခေတ်ကာလမှာ ၀ါဆိုသင်္ကန်းစသည် ဆက်ကပ်လှူဒါန်းသကဲ့သို့၊ ကထိန်ခေတ်ကာလတွင်လည်း ကထိန်သင်္ကန်းစသည် ဆက်ကပ်လှူဒါန်းခြင်းမျိုးကို ဆိုလိုခြင်းဖြစ်၏။ သူ့အချိန် သူ့ကာလနှင့် လိုက်ဖက်အောင် လှူဒါန်းခြင်းမျိုးကိုပဲ အခါကိုသိဟု ဆိုထားခြင်းဖြစ်၏။

နံပါတ်လေး အင်္ဂါရပ်မှာ မစွန်းငြိဘဲဖြစ်၏။ အလှူဒါန ပြုလုပ်သည့်အခါ အလှူရှင်များ၏ စိတ်သန္တာန်မှာ ၀မ်းမြောက်ဝမ်းသာ ဖြစ်နေကြရပါမည်။ လှူဒါန်းမည့်၊ လှူဒါန်းသည့် အလှူဒါနအပေါ်၊ အလှူဝတ္ထုအပေါ် နှမြောသည့်စိတ်၊ ဆုတ်နစ်သည့်စိတ်၊ တွန့်တိုသည့်စိတ် မထားဘဲနှင့် မုတ္တစာဂီ လွတ်လွတ်ကျွတ်ကျွတ် လှူဒါန်းတတ်ကြရမည်၊ လှူဒါန်းမှုကို ပြုကြရမည်ဟု ဆိုလိုခြင်းဖြစ်၏။

နံပါတ်ငါး အင်္ဂါရပ်မှာ မထိမပါး လှူတုံငြားဖြစ်၏။ ဤအင်္ဂါရပ်မှာ အလှူရှင်များသည် ကြွားဝါလိုသည့်၊ ထင်ပေါ်စေလိုသည့် အတ္တုက္ကံသနစိတ် ကင်းရှင်းကြရမည်။ အခြားအခြားသော သူများ၏ အပေါ်မှာလည်း နှိမ်ချလိုသည့်၊ လွှမ်းမိုးလိုသည့် ပရ၀မ္ဘနစိတ်၊ အနိုင်ယူလိုသည့်စိတ်လည်း ကင်းရှင်းကြပြီး အားလုံး၏အပေါ်မှာ မုဒိတာစိတ်ပွားများပြီး လှူဒါန်းတတ်ကြရမည်ဟု ဆိုလိုခြင်းဖြစ်၏။

ဤဆိုပြီးခဲ့သည့် အင်္ဂါရပ်ငါးချက်နှင့်အညီ လှူဒါန်းတတ်ကြမည်၊ လှူဒါန်းကြမည်ဆိုလျှင် ဤကဲ့သို့သော အလှူမျိုးကို ဘုရားအစရှိသည့် သူတော်ကောင်း၊ သူမြတ်လောင်းများ လှူဒါန်းကြသည့်အလှူနှင့် တူညီသည့်အတွက်ကြောင့် သူတော်ကောင်းတို့၏ အလှူဟု ခေါ်ဆိုထိုက်၏။ ထို့ကြောင့်အလှူဒါနပြုလုပ်ကြသည့် အလှူရှင်၊ အလှူအမများ၊ ကထိန်ဒကာ၊ ကထိန်ဒကာမများအနေနှင့် ဆင်ခြင်နှလုံးသွင်းသင့်သည်မှာ ယနေ့ ယခုလှူသော အလှူဒါနသည် သဒ္ဓါအစရှိသော အင်္ဂါရပ်ငါးချက်နှင့် ညီညွတ်သည့်အလှူ ဖြစ် မဖြစ်ဆိုသည်ကို ဆန်းစစ်ကြည့်ရမည်၊ ဆင်ခြင်ကြည့်ရမည်။ ဤကဲ့သို့ ဆန်းစစ်ကြည့်၊ ဆင်ခြင်ကြည့်ပြီး ဤအင်္ဂါရပ်ငါးချက်နှင့် ညီညွတ်မည်၊ ဤအင်္ဂါရပ်ငါးချက်နှင့်အညီ လှူဒါန်းသည့် အလှူဒါနဖြစ်မည်ဆိုလျှင် ယနေ့ ယခုလှူသောအလှူကို သူတော်ကောင်း၊ သူမြတ်လောင်းများ ချီးမွှမ်းကြမည်ဖြစ်သောကြောင့် ဤအလှူမျိုးကို သူတော်ကောင်းတို့၏ အလှူဟု ခေါ်ဆိုထိုက်၏။

ဤအင်္ဂါရပ်ငါးချက်၏ အကျိုးများကို တစ်ခုချင်း ပြန်လည်ဆန်းစစ်ကြည့်မည်ဆိုလျှင် နံပါတ်တစ်အင်္ဂါရပ်ဖြစ်သည့် သဒ္ဓါကြည်ညိုဟူသော အင်္ဂါရပ်နှင့်ပြည့်စုံညီညွတ်ပြီး ပေးလှူခဲ့မည်၊ ပေးလှူကြမည်ဆိုလျှင် သဒ္ဓါကြည်လင် လှူဒါန်းလျှင် ဆင်းပြင်ရုပ်ရည်လှ ဆိုသည့်အတိုင်း ဖြစ်လေရာဘ၀တိုင်းမှာ ရုပ်ရည်အဆင်း လှပခြင်းအကျိုးကို ခံစားကြရပါမည်။ ဤသို့ဆိုလျှင် ရုပ်ရည်လှပကြသူများကို တွေ့မြင်လျှင် အလှူဒါနပြုလုပ်ခဲ့စဉ်၊ ပေးလှူခဲ့စဉ်က ယုံကြည်မှု သဒ္ဓါတရားအပြည့်အ၀နှင့် ပေးလှူခဲ့ကြသောကြောင့် ယခုကဲ့သို့ လှပနေကြသည်ဟု နားလည်သဘောပေါက်ကြရမှာဖြစ်သကဲ့သို့ ရုပ်ရည်အဆင်းမလှသူများကို တွေ့မြင်လျှင်လည်း သဒ္ဓါတရား အားနည်းသောကြောင့် မလှကြခြင်းဖြစ်မည်ဟု တရားသဘောအရ ဆင်ခြင်ကြည့်မည်ဆိုလျှင် တွေ့မြင်ရမည်ဖြစ်၏။

နံပါတ်နှစ်အင်္ဂါရပ်ဖြစ်သည့် ရိုသေလှစွာဟူသော အင်္ဂါရပ်နှင့် ပြည့်စုံညီညွတ်ပြီး သက္ကစ္စဂါရ၀ မြောက်စွာ ပေးလှူခဲ့မည်၊ ပေးလှူကြမည်ဆိုလျှင် ရိုသေလှူငြား သူ့စကား အများနာယူရ ဆိုသည့်အတိုင်း မိမိပြောဆိုသည့် စကားကို အများက တလေးတစားလိုက်နာကြ၏။ မိဘတို့၏ စကားကို သား၊ သမီးများ မြေ၀ယ်မကျလိုက်နာကြ၏။ နားထောင်ကြ၏။ ဆရာသမားများ၏ ဆိုဆုံးမသည့် စကားကို တပည့်များ တစ်ဝေမတိမ်းလိုက်နာကြ၊ ဆောင်ရွက်နေကြသည်ကို လောကမှာတွေ့မြင်နေကြရ၏။ တရားသဘောအရ ဆင်ခြင်ကြည့်မည်ဆိုလျှင် ဤမိဘ၊ ဤဆရာသမားမျာသည် ပေးလှူခဲ့စဉ်အခါ အလှူခံပုဂ္ဂိုလ်တို့အား သက္ကစ္စဂါရ၀တရား၊ နိဝါတတရာများရှေ့ထားပြီး ပေးလှူခဲ့သူများ ဖြစ်ကြ၏ဟု နားလည်ကြရပါမည်။ မိဘများ၏ ဆိုဆုံးမမှုအတိုင်း မလိုက်နာ၊ ဆရာသမားများ၏ သွန်သင်ပြသမှုကို မလိုက်နာကြသည့် သား၊ သမီးများ၊ တပည့်များကို တွေ့မြင်ရလျှင် ဤသား၊ သမီးများ၊ ဤတပည့်များသည် အလွန်ဆိုးသည့် သား၊ သမီးများ၊ တပည့်များပဲဟု သာမန်ကြည့်လျှင် ဤကဲ့သို့မြင်တတ်ကြပါလိမ့်မည်။ သို့သော်လည်း တရားသဘောရှုထောင့်မှ ကြည့်လျှင် ဤမိဘ၊ ဤဆရာသများသည် ပေးလှူခဲ့စဉ်အခါက သက္ကစ္စဂါရ၀တရားများ အားနည်းခဲ့ကြသောကြောင့် ဖြစ်မည်ဟု ဆင်ခြင်ကြည့်နိုင်၏။

နံပါတ်သုံးအင်္ဂါရပ်ဖြစ်သည့် အခါကိုသိဟူသော အင်္ဂါရပ်နှင့်အညီ လှူဒါန်းခဲ့ကြမည်၊ လှူဒါန်းကြမည်ဆိုလျှင် အခါသိသဖြင့်၊ လှူတုံလင့်၊ ချိန်သင့်ကောင်းကျိုးရ ဆိုသည့်အတိုင်း အရွယ်အပိုင်းအခြားအလိုက် ပစ္စည်းဥစ္စာများကို သုံးဆောင်ခံစားရပါလိမ့်မည်။ အချို့ငယ်ငယ်ရွယ်ရွယ်တွင် ပြည့်ပြည့်စုံစုံ ချမ်းချမ်းသာသာ သုံးဆောင်ခံစားခဲ့ကြရသော်လည်း၊ ကြီးပြင်းလာသည့်အခါ ဆင်းဆင်းရဲရဲ ပင်ပင်ပန်းပန်း သုံးဆောင်ခံစားကြရ၏။ အချို့ငယ်ငယ်ရွယ်ရွယ်မှာ ဆင်းဆင်းရဲရဲ ပင်ပင်ပန်းပန်း သုံးဆောင်ခံစားခဲ့ကြရသော်လည်း၊ အသက်အရွယ် ကြီးရင့်လာသည့်အခါ ချမ်းချမ်းသာသာ သုံးဆောင်ခံစားကြရ၏။ အချို့အရွယ်သုံးပါးလုံးမှာ ချမ်းချမ်းသာသာ သုံးဆောင်ခံစားကြရ၏။ အချို့အရွယ်သုံးပါးလုံးမှာ ဆင်းဆင်းရဲရဲ သုံးဆောင်ခံစားကြရ၏။ ဤကဲ့သို့ သုံးဆောင်ခံစားကြရသည်ကို တရားသဘောရှုထောင့်ကနေ လေ့လာကြည့်မည်ဆိုလျှင် ကာလဒါနမြောက်စွာ လှူဒါန်းတတ်မှုနှင့် ကာလဒါန ချွတ်ယွင်းအားနည်းမှုတို့ကြောင့် ဖြစ်ကြရသည်ကို တွေ့မြင်ကြရမည်ဖြစ်၏။

နံပါတ်လေးအင်္ဂါရပ်ဖြစ်သည့် မစွန်းငြိဘဲဟူသော အင်္ဂါရပ်နှင့်အညီ လှူဒါန်းခဲ့ကြမည်၊ လှူဒါန်းတတ်ကြမည်ဆိုလျှင် မစွန်းငြိတောင်း လှူတုံရှောင်း အကောင်းသုံးဆောင်ရ ဆိုသည့်အတိုင်း ကောင်းမွန်သည့် ပစ္စည်းဥစ္စာများကိုသာ သုံးဆောင်ခံစားကြရ၏။ အချို့ပစ္စည်းဥစ္စာများ ပေါများကြ၏။ သို့သော် မ၀တ်ရက်၊ မစားရက်၊ မသုံးရက်သူများ လောကမှာတွေ့ဖူးကြ၏။ ဖြစ်သလိုဝတ်၊ ဖြစ်သလိုစား၊ ဖြစ်သလိုနေပြီး ဆင်းဆင်းရဲရဲနှင့် သေသွားကြ၊ သေသွားကြရ၏။ ကျန်ရစ်ခဲ့သောသူများသာ သုံးဆောင်ခံစားကြရ၏။ ဤသို့ဖြစ်ရသည်မှာ နံပါတ်လေးအင်္ဂါရပ်ဖြစ်သည့် ပေးလှူခဲ့စဉ်အခါက နှမြောတွန့်တိုပြီး လှူဒါန်းခဲ့ခြင်းကြောင့် ဖြစ်သည်ကို တွေ့မြင်သိရှိကြရမှာဖြစ်၏။ ကောင်းကောင်းမွန်မွန်ဝတ်နိုင်၊ စားနိုင်၊ သုံးဆောင်နိုင်သူများကိုလည်း တွေ့ဖူးကြပါလိမ့်မည်။ ထိုသူများသည် ပေးလှူခဲ့စဉ်အခါက ၀မ်းမြောက်ဝမ်းသာနှင့် ပေးလှူခဲ့ကြ၏။ နှမြောတွန့်တိုသည့်စိတ်မရှိဘဲ လွတ်လွတ်ကျွတ်ကျွတ် မုတ္တစာဂီမြောက်စွာ လှူဒါန်းခဲ့ကြသူများဖြစ်၏ဟု နားလည်ကြရမှာဖြစ်၏။

နံပါတ်ငါးအင်္ဂါရပ်ဖြစ်သည့် မထိမပါး၊ လှူတုံငြားဟူသော အင်္ဂါရပ်နှင့်အညီ ပေးကမ်းလှူဒါန်းခဲ့ကြမည်ဆိုလျှင် မထိမပါး လှူတုံငြားမူ ထိုသည့်သူ၏ ပြောထူများပြား စည်းစိမ်အား ငါးပါးရန်မခ ဆိုသည့်အတိုင်း မိမိကိုယ်ကို ထင်ပေါ်လို ကြွားဝါလိုသည့် အတ္တုက္ကံသနစိတ်၊ သူတစ်ပါးကို နှိမ်ချလိုသည့် ပရ၀မ္ဘနစိတ် မထားဘဲ လှူဒါန်းကြသူများ၏ ရှာဖွေစုဆောင်း၍ရလာသော စီးပွားဥစ္စာများကို ရေ မီး မင်း ခိုးသူ မချစ်မနှစ်သက်သော အမွေခံသားဆိုး သမီးဆိုးဟူသော ရန်သူမျိုးငါးပါးတို့ နှောက်ယှက်ဖျက်ဆီး၍ မရနိုင်ပါ။ ရန်သူမျိုးငါးပါးဘေးမှ ကင်းဝေးခြင်းအကျိုးကျေးဇူးကို ခံစားကြရမည်ဖြစ်၏။ ဤသို့ဆိုလျှင် ရန်သူမျိုးငါးပါးဘေးနှင့် တွေ့ကြုံနေရ၍ စီးပွားဥစ္စာများ ပျက်စီးကြရခြင်းသည် အလှူဒါနပြုလုပ်ခဲ့စဉ်အခါက မိမိသူတစ်ပါး နှစ်ဦးသားတို့ကို ထိပါးပုတ်ခက်ပြီး လှူဒါန်းခဲ့ခြင်းကြောင့် ဖြစ်မည်ဟု နားလည်ကြရမည်ဖြစ်၏။

ထို့ကြောင့် အထက်ဖော်ပြပါ အင်္ဂါရပ်များကိုကြည့်၍ အလှူဒါနပြုလုပ်ကြမည့် အလှူရှင်များ၊ အလှူ့အမများ၊ အလှူဒါနပြုလုပ်နေကြသည့် အလှူ့ရှင်များ၊ အလှူ့အမများသည် သူတော်ကောင်းတို့၏ အလှူဟူသောနာမည်နှင့် သင့်လျော်ညီညွတ်မှု ရှိ၊ မရှိ ဆန်းစစ်ကြည့်သင့်၏။ သင့်လျော်ညီညွတ်မှုရှိလျှင် ယနေ့ ယခုလှူဒါန်းသော အလှူသည် သူတော်ကောင်း၊ သူမြတ်လောင်းများ ချီးမွှမ်းသောအလှူ၊ သင့်လျော်ညီညွတ်မှု မရှိသေလျှင်လည်း သင့်လျော်ညီညွတ်မှုရှိအောင် လိုအပ်ချက်များကို ပြုပြင်ပြီး သူတော်ကောင်းတို့၏အလှူမျိုးဖြစ်အောင်၊ သူတော်မြတ်တို့ ချီးမွှမ်းသည့် အလှူမျိုးဖြစ်အောင် ကြိုးစားအားထုတ်နိုင်ကြပါစေ၊ မြတ်နိဗ္ဗာန်ကိုလည်း မြတ်မှောက်ပြုနိုင်ကြပါစေဟု ပတ္ထနာပြုလျက် သူတော်ကောင်းတို့၏ အလှူဟူသော ဆောင်းပါးကို အဆုံးသတ်လိုက်ပါ၏။

မှတ်ချက်။ ။ရန်ကုန်မြို့ အာရှတော်ဝင် အထူးကုဆေးခန်းကြီးတွင်လည်းကောင်း၊ ကွမ်းခြံကုန်းမြို့၊ စံပြရပ်ကွက်၊ ၀ိဇယမင်္ဂလာ ပရိယတ္တိစာသင်တိုက်တွင် လည်းကောင်း ဟောကြားခဲ့သော ကထိန်အနုမောဒနာ တရားကို ပြင်ဆင်၍ ရေးသားထားခြင်းဖြစ်ပါ၏။



ကာင်းမှုကုသိုလ်ကို အပြည့်အ၀ပြုလုပ်ခွင့်ရ၊ ရှင် ရဟန်းပြုခွင့်လည်းရ၊ လူချမ်းသာ၊ နတ်ချမ်းသာ၊ ဗြဟ္မာချမ်း သာ၊ နိဗ္ဗာန်ချမ်းသာကိုလည်း ရရှိအောင် ပေးစွမ်းနိုင်သော လူ့ဘ၀သည် တန်ဖိုးမဖြတ်နိုင်သော နေရာဒေသ ဖြစ်၏။ တန်ဖိုးမဖြတ်နိုင်သော နေရာဒေသဖြစ်သည့် လူ့ဘ၀ကို ရရှိနေကြသူတို့သည် ကုသိုလ်တရားတို့၌ မေ့လျော့ပြီး အာရုံငါးပါး ကာမဂုဏ်တရားတို့ကို ခင်မင်လိုက်စားကာ နေ့ရက်များ မကုန်လွန်သင့်ပေ။ အကယ်၍ ကုသိုလ်တရား တို့ကို မေ့လျော့ကာ အာရုံငါးပါး ကာမဂုဏ်တရားတို့နှင့် လိုက်စားပျော်ပါးပြီး သေလွန်လျှင် အပါယ်ဆင်းရဲ၌ နစ်မွန်း မျောပါရမည်ဖြစ်၏။ လူ၊ နတ်၊ နိဗ္ဗာန် ချမ်းသာတို့နှင့်လည်း ဝေးကွာမည်သာဖြစ်၏။ အပါယ်ဆင်းရဲ၌ နှစ်ပေါင်းများစွာ နစ်မွန်းမျောပါရမည့်အဖြစ်ကို ဆင်ခြင်စဉ်းစား သင့်၏။

လူ့ဘ၀မှ သေဆုံးကြသူတို့သည် များသောအားဖြင့် အပါယ်သို့ ကျရောက်ကြသည့် ပုဂ္ဂိုလ်တို့သာ များကြောင်း၊ လူ့ပြည်၌ ပြန်ဖြစ်ကြသူ နည်းကြောင်းတို့ကို မဟာဝဂ္ဂသံယုတ် (သံ၊ ၃၊ ၄၁၂) ၌ ဤသို့ပြဆိုထား၏။ မြတ်စွာဘုရားသည် လက် သည်းဖျားပေါ်၌ မြေမှုန့်အနည်းငယ်ကို တင်ထား၍ ဤလက်သည်းဖျားပေါ်၌ တင်ထားသော မြေမှုန့်နှင့် ဤကမ္ဘာ မြေကြီးသည် အဘယ်ကပို၍ များသနည်းဟု ရဟန်းတို့ကို မေးတော်မူသောအခါ လက်သည်းဖျားပေါ်၌ မြတ်စွာဘုရား တင်ထားသော မြေမှုန့်သည် အနည်းငယ်သာဖြစ်ကြောင်း၊ ကမ္ဘာမြေကြီးသည် မရေမတွက်နိုင် အောင် မနှိုင်းယှဉ်နိုင်လောက်အောင် များကြောင်း လျှောက်ထားကြ၏။ ထိုအခါ မြတ်စွာဘုရားသည် လက်သည်း ပေါ်ရှိ မြေမှုန့်နှင့် ကမ္ဘာမြေကြီးတို့ကို ဥပမာပြု၍ ဤအတူပင် လူ့ဘ၀မှ စုတေပြီး လူ့ဘ၀၌ ပြန်ဖြစ်ကြသော သတ္တ ၀ါတို့သည် နည်းပါးကြောင်း၊ အပါယ်ငရဲ၌ ဖြစ်ကြသော သတ္တ၀ါတို့သည်သာ ပို၍များကြောင်း ရဟန်းတို့ကို ဟော ကြားတော်မူ၏။

မြတ်စွာဘုရားဟောကြားပြသသည့် တရားတော်များကို သိရှိနားလည်ပြီး ကောင်းမှုကုသိုလ်တို့ကို ပြုလုပ်ကြရ မည်။ ယခုအခါတွင် မြတ်စွာဘုရား၏ သာသနာတော်နှင့် ကြုံတွေ့ဆဲကာလဖြစ်သောကြောင့် တရားစစ် တရား မှန်များ အထင်အရှားရှိ၏။ ထို့ပြင် မြတ်စွာဘုရား ဟောကြားတော်မူထားသည့် တရားတော်များ မပျောက်ပျက်ရ အောင် ထိန်းသိမ်းစောင့်ရှောက်နေကြသော ရဟန်းသံဃာတော်များလည်း အထင်အရှားရှိနေ၏။ ဤကဲ့သို့ အခွင့် အခါကောင်းသော ကာလကို ရနေကြသူတို့သည် ပျင်းရိမေ့လျော့ကာ မနေသင့်ပေ။

ကာမဂုဏ်အာရုံတို့ အပေါ် တပ်မက်မှုရာဂကို စွန့်လွှတ်နိုင်အောင် ကြိုးစားပြီး ကောင်းမှုကုသိုလ်တရားတို့ကို ပြုလုပ်အားထုတ်နေလျှင် ပစ္စုပ္ပန်၊ သံသရာ နှစ်ဖြာသော လောကတွင် ချမ်းသာသုခကို အစဉ်ထာဝရ ခံစားကြရ မည်ဖြစ်၏။ မြတ်စွာဘုရား၏ သာသနာတော်နှင့် ကြုံတွေ့ခိုက်တွင် ဒါန၊ သီလ၊ ဘာဝနာတို့ကို ပြုလုပ်ဆောင်ရွက် မှု၊ လိုက်နာကျင့်ကြံမှု မရှိလျှင် အမိုက်မဲဆုံးသောပုဂ္ဂိုလ်သာ ဖြစ်မည်။ ထို့ပြင် အခွင့်သာဆဲတွင် ကြိုးစားအားခဲပြီး မဆောင်ရွက်လျှင်လည်း သံသရာတစ်လျှောက် မြတ်စွာဘုရား၏ သာသနာတော်နှင့် လွဲမည်မှာလည်း သေချာ ၏။ အခွင့်သာနေတုန်းအချိန်တွင် သံသရာဝဋ်မှ လွတ်မြောက်ရန် ကြိုးစားရုန်းကန်မှုမရှိလျှင်လည်း နောင်ဘ၀ ဆက်တိုင်း အရှုံးနှင့်သာ ရင်ဆိုင်ရမည်ဖြစ်၏။

ထို့ကြောင့် တန်ဖိုးရှိလှသော လူ့ဘ၀ကို ရရှိနေကြသော သူတို့သည် မြတ်စွာဘုရား၏ သာသနာတော်ကြီးနှင့် ကြုံတွေ့ဆဲဖြစ်သော ယခုအချိန်တွင် ကုသိုလ်ကောင်းမှုတို့ကို လိုက်စားကြရမည်။ အခွင့်သာနေဆဲမှာ အားခဲကြရမည်။ အခွင့်သာနေတုန်းမှာ တရားဓမ္မတို့ကို ကြိုးစားရုန်းကန်ပြီး ကျင့်ကြံအားထုတ် ကြရမည်ဖြစ်၏။ ဤကဲ့သို့ ကြိုးစားအားထုတ်မှသာလျှင် တန်ဖိုးရှိလှသော လူ့ဘ၀ကို ရရှိကျိုးနပ်မည်ဖြစ်၏။

လယ်တီဆရာတော်ဘုရားကြီးသည်လည်း တပည့်ဖြစ်သူ မောင်သြဘာအား အာရုံငါးပါး ကာမဂုဏ်တရားတို့နှင့် လိုက်စားပျော်ပါးကာ နေ့ရက်များကုန်ပြီး ကုသိုလ်တရားတို့ကို မေ့လျော့၍မနေသင့်ကြောင်းကို ဂမ္ဘီရကဗျာကျမ်း (နှာ၊ ၉၂) ၌ သံဝေဂတေးထပ်ဖြင့် ဤသို့ဆုံးမတော်မူခဲ့၏။

ငါးအာရုံ ဘင်စု၊
ခင်မှုနှင့်နေ့ကုန်။
နင်ယခုမေ့ပုံလို တွေ့မကြုံစခန်း၊
ပါယ်လေးဝ သောကဘုံမှာ
မျောရရုံ ရှိတော့ခမန်း။

အောက်အ၀ီစိ သောင်းအငူမှာ
ခေါင်းမပြူစတန်း
နှစ်အရှည် နစ်မည်လမ်းကိုလ
နင်မျှော်စမ်း နင့်ကိုယ်
ဒေသနာ ထင်အလင်းရယ်နဲ့
နင်အဖျင်း ပိုထက်သာပို။

သည်လောဘ စရိုက်အိုကို
မလိုက်လို ရှောင်ပစ်လို့
နောင်အသစ် တကယ်ပြင်လျှင် ကောင်းဘို့အစဉ်
ခွင့်သာခိုက်ကမ မလိုက်ချင်လျှင် အမိုက်နင့်ပြင် ရှိသေးလေလိမ့်လား။

ခွင့်သာဆဲကမ မခဲချင်လျှင် အလွဲနင့်ပြင် ရှိသေးလေလိမ့်လား။

ခွင့်သာတုန်းကမ မရုန်းချင်လျှင် အရှုံးနင့်ပြင် ရှိသေးလေလိမ့်လား။


တက္ကသိုလ်မောင်ပညာ



အစဉ်အလာပြောဆိုနေကြ ကြားဖူးနားဝရှိနေကြသော စကားမှာ ငယ်စဉ်အခါတွင် ပညာရှာကြရမည်။ ပညာရှာရမည့် အရွယ်သည် ငယ်စဉ်အခါတွင်ဖြစ်သည်ဟု ဆိုလိုခြင်းဖြစ်၏။ သို့သော် ကလေးသူငယ်များသည် ပထမအရွယ်တွင် ပညာသင်ယူရသည်ကို တစ်ခါတစ်ရံ စိတ်ဝင်းစားမှုမရှိဘဲ ပျင်းရိတတ်ကြ၏။ ကျောင်းလည်း ပြေးတတ်ကြ၏။ မိဘများက အတင်းအကြပ်တိုက်တွန်း ဆုံးမ မာန်မဲ၍ ကျောင်းသို့ စေလွှတ်ရသည်လည်း ရှိ၏။ တစ်ခါတစ်ရံတွင် ကျောင်းမတက်ဘဲနေရသည်ကို ပျော်နေတတ်၏။ အကြောင်းမှာ ကျောင်းတက်ရသည့်အခါ ကျောင်းတွင် ဆရာ၊ ဆရာမများက သင်ခန်းစာများကို မေးလေ့ရှိ၏။ မဖြေနိုင်ပါက ရိုက်၍ဆုံးမခြင်း၊ ထိုင်ထလုပ် ခိုင်း၍ ဆုံးမခြင်း၊ မာန်မဲ၍ ဆုံးမခြင်းတို့ကို ကြောက်သောကြောင့်လည်း ကျောင်းသွားရမည်ကို ထိတ်လန့်နေ ခြင်းဖြစ်၏။ ကျေးလက်တောရွာများတွင် အများအားဖြင့် ကြုံတွေ့ရသည်မှာ သင်ခန်းစာများကို နားမလည်ပါက ရှင်းပြနိုင်သည့်သူ၊ ရှင်းပြနိုင်မည့်သူ မရှိခြင်းကြောင့်လည်း ကလေးသူငယ်များမှာ ကျောင်းတွင် ဆရာ၊ ဆရာမ ဆူမည်ကို ကြောက်ရွံ့နေကြ၊ ထိတ်လန့်နေကြခြင်းလည်း ဖြစ်နိုင်၏။ ဆရာ၊ ဆရာမများကို မိဘများထက်ပင် ပို၍ လေးစားကြသောကြောင့်လည်း နားမလည်သည့် သင်ခန်းစာများကို မမေးမမြန်းဘဲ နှုတ်ဆိတ်နေတတ် ကြခြင်းလည်း ဖြစ်နိုင်၏။ ထို့ပြင် မိဘများဆင်းရဲနွမ်းပါးခြင်းကြောင့်လည်း ကျောင်းစာအပေါ် စိတ်ဝင်စားမှု နည်းပါးခြင်းလည်း ရှိတတ်ကြ၏။ ထို့ကြောင့် ကျေးလက်တောရွာများတွင် ကလေးသူငယ်များ ပညာသင်ကြား ရမည့် အရွယ်တွင် လေလွင့်နေကြ၊ ပျက်စီးနေကြရသည်ကို ၀မ်းနည်းဖွယ်ရာ တွေ့မြင်နေကြရခြင်းဖြစ်၏။ အချို့ ကလေးသူငယ်များမှာ ပညာသင်ကြားရမည့်အရွယ် ပညာသင်ကြားနိုင်ခြင်းမရှိဘဲ ၀မ်းရေးအတွက်၊ မိသားစု စားဝတ်နေရေးအတွက် အရွယ်နှင့်မတန်အောင် ရုန်းကန်လှုပ်ရှားနေကြရ၏။ ဤကဲ့သို့ အဖြစ်မျိုး မတွေ့ကြုံကြ စေရန် မသိနားမလည်သေးသည့် အရွယ်မရောက်သေးသော ကလေးသူငယ်များအား ပညာသင်ကြားရေး၌ စိတ်ဝင်တစား ရှိလာစေရန်၊ ပညာရေးအလားအလာရှိသော ကလေးသူငယ်များအား ကြိုးစားသင်ယူလိုစိတ် ပြင်းပျ ထက်သန်လာစေရန်၊ ဆင်းရဲနွမ်းပါးသည့် ကလေးသူငယ်များအတွက် တတ်နိုင်သည့်ဘက်မှ ၀ိုင်းဝန်း ကူညီ မြေတောင်မြှောက်ပေးကြရန်နှင့် အခမဲ့ပညာဒါနများလည်း ဖြန့်ဖြူးပေးနိုင်ကြရန် အထူးတလည် လိုအပ်လျက်ရှိ၏။

ပညာသင်ကြားရမည့်အရွယ်တွင် လေလွင့်နေကြခြင်းသည် မိမိဘ၀၊ မိမိပတ်ဝန်းကျင် တိုးတက်မှုကို များစွာ ဆုတ်ယုတ်သွားစေနိုင်၏။ ပညာတတ်မှလည်း အရာရာကို နှိုင်းနှိုင်းချိန်ချိန် စဉ်းစားတွေးခေါ် ဆုံးဖြတ် နိုင်၏။ အပြောအဆို အနေအထိုင် ယဉ်ကျေးသိမ်မွေ့နိုင်၏။ အများအကျိုးကိုလည်း များစွာသယ်ပိုး ရွက်ဆောင် ပေးနိုင်၏။ အများသူငှာကိုလည်း အသိပညာများ အတတ်ပညာများ များစွာဖြန့်ဖြူးပေးနိုင်၏။ ပညာရှင်တစ်ဦး တစ်ယောက် ပေါ်ပေါက်လာပါက ရပ်ရွာနယ်ပယ်သည် များစွာတင့်တယ်နိုင်၏။ တိုးတက်မှုများစွာလည်း ဖြစ် ထွန်းလာနိုင်၏။ ကမ္ဘာ့နိုင်ငံအသီးသီးကို လေ့လာကြည့်လျှင် သိရှိနိုင်၏။ ပညာတတ်သောနိုင်ငံနှင့် ပညာမဲ့သော နိုင်ငံတို့သည် နှစ်ပေါင်းများစွာ ကြာလာသည့်နှင့်အမျှ လိုက်၍ မမီနိုင်လောက်အောင်ပင် တိုးတက်မှုများ ဆုတ် ယုတ်မှုများ များစွာကွာခြားနေသည်ကို တွေ့မြင်ရမည်ဖြစ်၏။ ပညာတတ်နိုင်ငံများသည် များစွာချမ်းသာနေ ကြပြီး၊ ပညာတတ်မထွန်းကားသော ထွန်းကားမှုနည်းပါးသော နိုင်ငံ၊ ပညာတတ်ထွန်းကားသော်လည်း ပညာ တတ်ပုဂ္ဂိုလ်များကို အလေးမထား ဦးစားမပေးသော နိုင်ငံသည် ကြာလေ ဆင်းရဲလေ၊ ကြာလေဆင်းရဲတွင်းနက် လေသာ ဖြစ်နေကြရ၏။

ပညာမဲ့ခြင်းကြောင့် အသိဥာဏ်ပညာလည်း ခေါင်းပါးသထက် ခေါင်းပါးလာကြ၏။ အသိဥာဏ် ခေါင်းပါးခြင်းကြောင့် ဆင်းရဲ၊ ဆင်းရဲခြင်းကြောင့် အကျင့်စာရိတ္တများ ချွတ်ယွင်းပျက်စီးလာကြ၏။ ကြင်နာမှု ညှာတာမှုစတဲ့ ဗြဟ္မစိုရ်တရားများ တစ်စတစ်စ ပို၍ပို၍ခေါင်းပါးလာနေကြ၏။ ကိုယ်ကြီးပွားချမ်းသာ ရေးအတွက် ရှေ့ရှုလာသဖြင့် အတ္တစိတ်များလည်း မသိမသာလွှမ်းမိုးလာနေကြ၏။ အများကောင်းကျိုးအတွက် ရှေ့တန်းမတင်ဘဲ၊ တစ်ကိုယ်ကောင်းဆန်ဆန် မိမိအကျိုးကို ရှေ့တန်းတင်နေကြ၏။ မျှတမှု ညီညွတ်မှုမရှိ၊ တစ်ဖက်စောင်းနင်း ဖြစ်လာကြ၏။ ဤကဲ့သို့ ဖြစ်ပေါ်လာရခြင်း၏ အကြောင်းရင်းမှာ ငယ်စဉ်အခါ ပညာရှာရ မည့် အရွယ်တွင် ပညာမသင်ကြားနိုင်ခြင်း၏ ဘေးထွက်ဆိုးကျိုးများဟု ဆိုရမည်ဖြစ်၏။

ပညာရေးကို အမှီပြုပြီး အသက်မွေးဝမ်းကျောင်း ပြုရခြင်းသည် များစွာစိတ်ချမ်းသာမှုကို ပေးစွမ်းနိုင် ၏။ ပညာတတ်မှ စီးပွားဥစ္စာကို ချမ်းချမ်းသာသာ ရှာဖွေနိုင်၏။ စည်းကမ်းတကျလည်း သုံးစွဲတတ်၏။ အသုံး အဖြုန်းကိုလည်း ကောင်းစွာနားလည်နိုင်သကဲ့သို့ အဆိုးအကောင်းကိုလည်း ဝေဖန်ပိုင်းခြား ဆန်းစစ်နိုင်၏။ ပညာတတ်သူနှင့်၊ ပညာတတ်ထွန်းကားသောတိုင်းပြည်ကို လူတိုင်းလိုလားကြ၏။ လေးစားမြတ်နိုးကြ၏။ တန်ဖိုးလည်း ထားကြ၏။ အကြောင်းမှာ ပညာမြင့်မှ လူမျိုးတင့်မည်ဟု နားလည်ကြထားသောကြောင့်ဖြစ်၏။ ထို့ကြောင့်လည်း လူကြီးသူမများက ငယ်စဉ်အခါ ပညာရှာဟု ဆိုခဲ့ကြခြင်း ဖြစ်နိုင်၏။ ငယ်စဉ်အခါ ပညာရှာဆို သည့် စကားကိုပင် ပထမအရွယ်မှာ ပညာရှာဟုလည်း ဆိုတတ်ကြသေး၏။ မှန်ပါသည်။ လူ့ဘ၀သက်တမ်းကို သုံးပိုင်းပိုင်း၍ ဆိုထားသည့် စကားဖြစ်၏။ ထို့ကြောင့် ရှေးပညာရှိ သူတော်ကောင်းများသည် ပထမအရွယ်တွင် ပညာ၊ ဒုတိယအရွယ်တွင် ဥစ္စာ၊ တတိယအရွယ်တွင် ဘာဝနာ ဟု သုံးပိုင်းပိုင်း၍ သတ်မှတ်ခဲ့ကြ၏။

ပထမအရွယ် ငယ်ရွယ်စဉ်မှာ ပညာရှာထားမှ ဒုတိယအရွယ်တွင် စီးပွားဥစ္စာကို ချမ်းချမ်းသာသာ မပင် မပန်း လုပ်ကိုင်ရှာဖွေနိုင်၏။ ဒုတိယအရွယ် စီးပွားရေးပြေပြေလည်လည် ရှာဖွေထားနိုင်မှလည်း တတိယ အရွယ်တွင် တရားဘာဝနာလုပ်ငန်းကို စိတ်အေးချမ်းသာစွာ အားထုတ်နိုင်မည်ဖြစ်၏။ အစဉ်အဆက် ဘ၀တစ် လျှောက်လုံး ချမ်းသာပျော်ရွှင်စွာ နေနိုင်ရန် အစကောင်းရန် လိုအပ်လှ၏။ အစကောင်းမှ အနှောင်းသေချာ ဟု ရှေးရှေးပညာရှိကြီးများ အစဉ်အဆက် ပြောခဲ့ကြ၏။ အစဖြစ်သည့် ငယ်ရွယ်စဉ်အခါက ပညာရေးကို ကောင်းမွန် စွာ မသင်ကြားခဲ့ရသူများသည် စားဝတ်နေရေးတို့အတွက် ပင်ပန်းကြီးစွာ ကြိုးစားလုပ်ကိုင် ရှာဖွေစားသောက် ကြရပြီး ဘ၀နေ၀င်ကာ မိုးချုပ်ခဲ့ကြရ၏။ ထိုအခါ နောင်တကြီးစွာ ရတတ်ကြ၏။ ငယ်စဉ်က ပညာမသင်နိုင်ခြင်း ကြောင့် ပင်ပန်းဆင်းရဲရသည်ဟုလည်း သိမြင်လာကြ၏။ သို့သော် ပြင်ဆင်နိုင်ရန်အချိန်ကား နှောင်းသွားခဲ့၏။ ဟောင်းသွားခဲ့၏။ အသိတွေ နောက်ကျခဲ့၏။ ထို့ကြောင့် ဖြစ်သလိုနှင့် ဘ၀ရှင်သန်နိုင်ရေး အတွက် ဆင်းဆင်းရဲ ရဲ ရုန်းကန်နေကြရ၏။

ထို့ကြောင့် မိဘများသည် သားသမီးများအား သူတို့ကဲ့သို့ ဘ၀ကို ပင်ပင်ပန်းပန်း မရုန်းကန်စေချင်ကြ။ ချမ်းချမ်းသာသာနှင့် ဘ၀ကို ရင်ဆိုင်ကျော်လွှားစေချင်ကြ၏။ ကိုယ်ချင်းစာတတ်ကြ၏။ ပညာတတ်မှ လူရာဝင် တင့်တယ်မည်ကိုလည်း နားလည်လာကြ၏။ သို့အတွက် ရင်သွေးငယ်များအား ပညာရေးဖြင့် ဘ၀ကို ရင်ဆိုင် နိုင်ရန်၊ အဆင့်အတန်းမြင့်မြင့် ရပ်တည်နိုင်ရန် ကျောင်းထားပေးကြ၏။ စီးပွားရေးအဆင်ပြေကြသည့် မိဘများ ကလည်း အဆင့်မြင့် ကျူရှင်များ၊ ဘောဒါဆောင်များတွင်အပ်ကာ ပညာသင်ကြားစေကြ၏။ ယနေ့ခေတ် လူငယ်များသည် နောင်သောအခါ အကြီးအကဲများဖြစ်လာကြမည်မှာ အမှန်တကယ်ပင်ဖြစ်၏။ ပညာတတ် အသိုင်းအ၀ိုင်းမှ အကြီးအကဲဖြစ်ပါမှလည်း အစစအရာရာတိုးတက်လာနိုင်၏။ ပညာမတတ်သူများ၊ ပညာ မဲ့သူ များ အကြီးအကဲဖြစ်လာပါက တိုင်းသူပြည်သားများမှာ များစွာနစ်နာကြရ၏။ ဆင်းရဲသည့် ဘ၀မှ ရုန်းထွက် နိုင်ရန် လွန်စွာခဲယဉ်းလှ၏။ ထို့ကြောင့် ငယ်စဉ်အခါမှာ ပညာသင်ထားကြရန် အထူးလိုအပ်လှ၏။

ပညာတတ်ရေးသည် အဓိကအခန်းကဏ္ဍမှ ပါဝင်နေလျက်ရှိသောကြောင့် ပညာရေးကို ဦးစားပေးသင့် ၏။ ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်ဆီသို့ ချီတက်ရာတွင်လည်း ပညာရေးသည် အလွန်အရေးပါ သောကြောင့် ပိုစတာများ ဆိုင်းဘုတ်များတွင် ပညာရေးဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်ကို တည်ဆောက်မည်ဟု ကြေညာထားကြခြင်းဖြစ်၏။ နိုင်ငံတစ်နိုင်ငံ၏ အဓိက အရေးပါဆုံးသောအချက်မှာ ပညာ ရေးနှင့် ကျန်းမာရေးပင်ဖြစ်၏။ ပညာရေးနှင့် ကျန်းမာရေးကို တိုးတက်သည့် နိုင်ငံတိုင်း အဓိကထားဆောင်ရွက် နေကြ၏။ ထို့ကြောင့်လည်း တိုးတက်သည်ထက်တိုးတက် အောင်မြင်သည်ထက် အောင်မြင်နေကြပြီး ခေတ်နှင့် အညီ ရင်ဘောင်တန်းကာ နေထိုင်နိုင်ကြခြင်းဖြစ်၏။ ဤသည်ကိုပင် ပညာသည် လူ၏တန်ဖိုး၊ တိုင်းပြည်၏ တန်ဖိုးဟုပင် ဆိုသင့်လှသည်မဟုတ်ပါလော။

ထို့ကြောင့် တိုးတက်မှုကို လိုလားကြသူ၊ ငြိမ်းချမ်းသာယာမှုကို ချစ်ခင်မြတ်နိုးကြသူ၊ ချမ်းသာကြွယ်ဝမှု ကို နှစ်သက်ကြသူတိုင်းသည် ပညာရေးကို အထူးတလည် အလေးပေးဆောင်ရွက်သင့်ကြောင်း၊ ကျောင်းနေ အရွယ် ကလေးသူငယ်များအားလုံး ပညာသင်ကြားနိုင်ရန် ထောက်ပံ့ကူညီလှူဒါန်းပေးသင့်ကြောင်း၊ မြို့နယ် အသီးသီး၊ ကျေးလက်တောရွာ အသီးသီးတွင် စာကြည့်တိုက်များ ထားရှိနိုင်ရေး၊ စာအုပ်စာပေများ၊ ဂျာနယ် များ၊ မဂ္ဂဇင်းများ ထားရှိပေးနိုင်ရေးတို့ကို တတ်နိုင်သမျှ အလေးထားဆောင်ရွက်သင့်ကြောင်းနှင့် ငယ်စဉ်အခါ ပညာကို ကြိုးစား သင်ယူစေချင်ကြောင်း၊ သင်ယူသင့်ကြောင်းတို့ကို တင်ပြလိုက်ရပါသည်။

တက္ကသိုလ်မောင်ပညာ

အနန္တောအနန္တငါးပါးထဲတွင် ဆရာသည် တစ်ပါးအပါအ၀င်ဖြစ်၏။ ဆရာသည် သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာဟူ၍ အသီးသီးရှိ၏။ ထိုဆရာအသီးသီးတို့ထံမှ အတတ်ပညာများကို သင်ယူကြရ၏။ ဆရာတို့၏ သွန်သင်ပြသမှုကြောင့် အကောင်း အဆိုး၊ အကြောင်း အကျိုးတို့ကို ဝေဖန်စိစစ် ခွဲခြားနိုင်၏။ ဆရာတို့သည် လည်း မိမိတို့ထံမှ ပညာရည်နို့သောက်စို့ကြသော တပည့်များစွာတို့အား ကျောသား ရင်သားမခွဲခြားဘဲ အတတ် ပညာများကို သင်ကြားပေးလေ့ရှိကြ၏။ တတ်မြောက်စေချင်သော စေတနာ၊ လိမ္မာယဉ်ကျေးစေချင်သော စေတနာ အပြည့်အ၀ထားကာ သင်ကြားပေးကြ၏။ ထို့ကြောင့် ဆရာများကို အနန္တောအနန္တငါးပါးထဲတွင် ထည့် သွင်းထားခြင်းဖြစ်၏။

ဆရာအားလုံးထဲတွင် အမြတ်ဆုံးသောဆရာ၊ အသာလွန်ဆုံးသောဆရာ၊ အနှိုင်းမဲ့ဂုဏ်နှင့် ပြည့်စုံပြည့်ဝ သော ဆရာမှာ မြတ်စွာဘုရားပင်ဖြစ်၏။ ထို့ကြောင့်လည်း သတ္ထာ ဒေ၀ မနုဿာနံ = လူ၊ နတ်တို့၏ဆရာဟု ဘုရားဂုဏ်တော် ကိုးပါးထဲတွင် ထည့်သွင်းထားခြင်းဖြစ်၏။ မြတ်စွာဘုရားကို လူ၊ နတ်တို့၏ ဆရာတစ်ဆူအဖြစ် ထည့်သွင်းရခြင်း၊ ဂုဏ်တော်ကိုးပါးထဲတွင် ပါဝင်ရခြင်းကို ကြည့်လျှင် ဆရာတင်ထိုက်သောဂုဏ်၊ လေးစားထိုက် သောဂုဏ်၊ မြတ်နိုးထိုက်သောဂုဏ်တို့နှင့် ပြည့်စုံနေသည်ကို တွေ့မြင်ကြရမည်ဖြစ်၏။ ဝေနေယျတို့အတွက် အနစ်နာခံကာ ပါရမီတော်များကို ဖြည့်ကျင့်ခဲ့ပြီး ဘုရားအဖြစ်သို့ ရောက်ခဲ့ရ၏။ ဘုရားအဖြစ်သို့ ရောက်ပြီး သည်မှစ၍ လူ၊ နတ်၊ ဗြဟ္မာတို့၏ ကောင်းကျိုး ချမ်းသာအလို့ငှာ အ၀ိဇ္ဇာအမှောင်ထုကို ရှင်းလင်းပေးခဲ့၏။ ၀ိဇ္ဇာ အလင်းရောင်၊ တစ်နည်းအားဖြင့် သစ္စာအလင်းရောင်ကို မီးမောင်းထိုးပြတော်မူခဲ့၏။ ဝေနေယျတို့၏ အပူ သောကမီးကို ငြိမ်းအေးစေမည့် ဓမ္မဆေးကို တိုက်ကျွေးပေးခဲ့၏။ မြတ်စွာဘုရား၏ ဓမ္မဆေး၊ ဓမ္မရေအေးကို နည်းမှန် လမ်းမှန်အတိုင်း လိုက်နာဆောင်ရွက်ကြသူ၊ သောက်သုံးကြသူတိုင်း ချမ်းသာသုခနှင့် ပြည့်စုံမှုကို အပြည့်အ၀ ရရှိခံစားခဲ့ကြရ၏။ ဓမ္မဆေးကို သောက်သုံးခွင့်ရပါက ချမ်းသာသုခကို ပေးစွမ်းနိုင်မည့်သူများကို တွေ့မြင်လျှင်လည်း ဆင်းရဲချမ်းသာမရွေး၊ နေ့ ညဥ့်မရွေး၊ အချိန်အခါမရွေး၊ နေရပ်ဒေသမရွေး၊ ပင်ပန်း နွမ်းနယ် မှုကို ပဓာန မထားဘဲ အရောက်သွား၍ တိုက်ကျွေးတော်မူခဲ့၏။ ပေးဆပ်လိုမှု၊ ချမ်းသာလိုမှု သက်သက်သာ အဓိက ထား၍ ကြွရောက်တော်မူခြင်းလည်း ဖြစ်၏။ ထို့ကြောင့်လည်း လူ၊ နတ်၊ ဗြဟ္မာတို့၏ အလေးအနက် ဦးခိုက်ပူဇော်မှုကို ခံယူတော်မူထိုက်သည့် ဆရာတစ်ဆူဟု ဆိုထားခြင်းဖြစ်၏။ ဤကဲ့သို့သော ဆရာမျိုးကား မြတ်စွာဘုရား တစ်ပါးတည်းသာရှိပါ၏။ အတုမရှိသော ဆရာ၊ အတူမရှိသော ဆရာမြတ်သာ ဖြစ်ပါ၏။ တွေ့ကြုံ ရရန် လွန်စွာခဲယဉ်းလှပါ၏။ သို့သော်လည်း အတုမရှိသော ဆရာ၊ အတူမရှိသော ဆရာကဲ့သို့ဆရာမျိုးကို နှိုင်း ယှဉ်၍ မရနိုင်သော်လည်း စိတ်ထားမြင့်မြတ်စွာဖြင့် အသိပညာ၊ အတတ်ပညာများကို သင်ကြားပြသပေးနေကြ သော ဆရာများလည်း ဤလောကတွင် များစွာရှိပါ၏။ ထိုဆရာများကိုလည်း ရိုသေသင့်၊ မြတ်နိုင်းသင့်လှပါ၏။ ထို့ကြောင့်လည်း အနန္တောအနန္တငါးပါးတွင် ထည့်သွင်း၍ တံဆိပ်ခပ်နှိပ်ထားခြင်း ဖြစ်ပါ၏။

ဆရာတစ်ယောက်၏ စိတ်ဓာတ်ကား အလွန်ဖြူစင်လှ၏။ အသက်မွေးဝမ်းကြောင်းပြုရာမှာလည်း အလွန်စင် ကြယ်လှ၏။ သမ္မာအာဇီဝလည်းကျလှ၏။ ဆရာများသည် တပည့်များအပေါ် စေတနာ၊ ၀ါသနာ၊ အနစ်နာ၊ အကြင်နာ၊ နည်းနာဟူသော နာငါးနာထားကာ သင်ကြားပေးလေ့ရှိကြ၏။ တပည့်များအပေါ် မုန်းတီး စိတ်ကင်း ရှင်းစွာဖြင့် သင်ကြားပြသပေးလေ့လည်းရှိကြ၏။ အပြစ်ပြ၍ ဆိုဆုံးမရသည့်အခါ လိမ္မာစေချင်၊ သိစေချင်၊ တတ် စေချင်၍သာ ဆိုဆုံးမခြင်းဖြစ်၏။ မုန်းတီး၍ ဆုံးမခြင်းမရှိ။ မိမိသင်ကြား ပြသပေးလိုက်သော တပည့်များ ထူးချွန် ပြောင်မြောက်လာပါက ဆရာတို့၏ စိတ်နှလုံးဝယ် ပီတိတို့ဖြင့် ပြည့်ဖုံးလျှက်ရှိ၏။ ဤသည်မှာ ဆရာတိုင်း၏ တပည့်များပေါ်တွင် ဖြစ်ပေါ်လေ့ရှိသော ထားရှိလေ့ရှိသော မွန်မြတ်သန့်စင်သောစိတ်ဓာတ်ပင်ဖြစ်၏။ ထို့ကြောင့် လည်း ဆရာများအပေါ်တွင် တပည့်များက ချစ်ကြောက်ရိုသေကြ၊ မြတ်နိုးကြခြင်းဖြစ်၏။

ဆရာတို့၏ ဂုဏ်ရည်နှင့် ပတ်သက်၍ သိင်္ဂါလောဝါဒသုတ်တွင် အတတ်လည်းသင်၊ ပဲ့ပြင်ဆုံးမ၊ သိပ္ပမချန်၊ ဘေး ရန်ဆီးကာ၊ သင့်ရာအပ်ပို့ ဆရာတို့ ကျင့်ဖို့ဝတ်ငါးဖြာဟု မြတ်စွာဘုရား ဟောဖော်ညွှန် ပြထားသည်ကို တွေ့ရှိရ သိရှိရ၏။ ဤဂုဏ်ရည်အင်္ဂါရပ်များနှင့်အညီလည်း နေထိုင်ကျင့်သုံးကြသည်ကို တွေ့မြင်နေကြရ၏။ ထို့သို့သော ဂုဏ်ရည်အင်္ဂါရပ်များနှင့်ပြည့်စုံသောကြောင့်လည်း ဆရာဟု ခေါ်ဝေါ်သတ်မှတ်ခဲ့ကြသည့်အပြင် မြင့်မြတ်သော လုပ်ငန်းဖြစ်သောကြောင့်လည်း ဆရာဆိုသည့်နာမည်ရှေ့တွင် ၀ိသေသနမ၍ မြတ်ဆရာဟုပင် တင်စားခဲ့ကြ ခြင်းဖြစ်၏။

ထို့ပြင် မာန်လည်ဆရာတော်ဘုရားကြီးကလည်း မဃဒေ၀ လင်္ကာသစ်၌ ရတနာတစ်ဆူ ဘသည်းအူကား နာနာ ကြင်ကြင် အပြစ်မြင်တိုင်း ၀မ်းတွင်မသို ဟုတ်တိုင်းဆို၍ ကျိုးလိုစိတ်က ဆုံးမတတ်သူ ဆရာဟူလော့ ဟူ၍လည်း ဆရာနှင့်ပတ်သက်၍ စပ်ဆိုထား၏။ တပည့်တို့၏ကောင်းကျိုးကို မြှော်ကိုးပြီး ၀မ်းတွင်းထဲမှာ သိုဝှက်မထားဘဲ ဆို ဆုံးမတတ်သူကိုလည်း ဆရာဟု ခေါ်ဆိုသင့်ကြောင်း မိန့်ဆိုထားခဲ့ခြင်းဖြစ်၏။

ဆရာကို လေးစားမြတ်နိုးတတ်သူထဲတွင် အရှင်သာရိပုတ္တရာလည်း တစ်ပါးအပါအ၀င်ဖြစ်၏။ အရှင်သာရိပုတ္တရာ လောင်း ဥပတိဿသည် ပဉ္စ၀ဂ္ဂီငါးဦးတွင် တစ်ပါးအပါအ၀င်ဖြစ်သည့် အရှင်အဿဇိထံမှ ယေဓမ္မာ ဟေတုပ္ပ ဘ၀ါ စသောဂါထာကို ကြားနာလိုက်ရသဖြင့် သောတာပန်တည်ခဲ့၏။ ထို့ကြောင့် အရှင်သာရိပုတ္တရာသည် အရှင် အဿဇိ ရဟန္တာအရှင်မြတ်အား ဆရာတစ်ဆူအဖြစ် အလေးအမြတ်ထား၏။ ကျိန်းစက်သည့်အခါတွင်လည်း အရှင်အဿဇိမထေရ်ရှိရာအရပ် ဦးခေါင်းထားကာ ကျိန်းစက်လေ့ရှိ၏ဟု မှတ်သားခဲ့ရ၏။ ဆရာကို အလေး အမြတ်ထားသောအားဖြင့် ဦးခေါင်းထားကာ ကျိန်းစက်ခြင်းဖြစ်၏။ ပညာအရာတွင် ဧတဒဂ်ဘွဲ့ထူး ဆွတ်ခူးတော် မူခဲ့သည့် အရှင်မြတ်၏ ကြည်ညိုဖွယ်စိတ်ဓာတ်ကား နောင်လာနောက်သားများအတွက် အတုယူဖွယ် ကောင်းပုံ ကို မီးမောင်းထိုးပြထားသကဲ့သို့ထင်ရ၏။
ပေါရိသာဒသည် အလွန်ကြမ်းတမ်းခက်ထန်ခဲ့၏။ လူသားစားသဖြင့် တိုင်းပြည်မှ နှင်ထုတ်ခံခဲ့ရ၏။ တစ်ရာ့တစ်ပါး သော မင်းတို့၏လည်ချောင်းသွေးဖြင့် ယဇ်နတ်ပူဇော်ရန်စီစဉ်ခဲ့၏။ သို့သော်လည်း မဟာသုတသောမမင်းထံမှ သဗ္ဘိရေ၀ သမာသေထ စသော ဂါထာကို ကြားနာလိုက်ရသဖြင့် အကျွတ်တရားရသွားခဲ့၏။ ဆရာအရာ၌ ထား၍ ပူဇော်ခဲ့ ချီးမြှောက်ခဲ့၏။ တစ်ရာ့ တစ်ပါးသော မင်းအပေါင်းတို့သည်လည်း အသက်ချမ်းသာရာ ရရှိခဲ့ကြ၏။ ဆရာ တို့၏ တပည့်များအပေါ်ထားရှိသည့် မေတ္တာတရားကြီးမားသောကြောင့်လည်း လေးစားမြတ် နိုးခဲ့ခြင်းဖြစ်၏။ ဤ ရှေးသူတော်ကောင်းတို့၏ ထုံးကို နှလုံးမူ၍လည်းကောင်း၊ ဆရာများ၏ ကျေးဇူးဂုဏ်ကို သိနားလည်လာကြသော ကြောင့်လည်းကောင်း အာစရိယပူဇော်ပွဲများကို နေရာအတော်များများတွင် ကျင်းပလာခဲ့ ကြသည်ကို တွေ့မြင် နေကြရ၏။ ထို့ပြင် ကမ္ဘာ့နိုင်ငံအသီးသီးမှလည်း ဆရာများနေ့ကို အထူးတလည် အသိအမှတ်ပြု ကျင်းပပေးလျှက် လည်း ရှိလာကြ၏။

ကောင်းမြတ်သောမူ၊ ကောင်းမွန်သောထုံးကို အတုယူလိုက်နာ ကျင့်သုံးသည့်အနေဖြင့် ကျွန်ုပ်တို့၏ကျောင်း တိုက်တွင်လည်း အာစရိယပူဇော်ပွဲကို နှစ်စဉ် သီတင်းကျွတ်လပြည့်နေ့ ညနေပိုင်းတွင် ကျင်းပလေ့ရှိ၏။ ပူဇာစ ပူဇနေယျာနံ ဟူသော မင်္ဂလာတရားတော်နှင့်အညီ ပူဇော်သင့် ပူဇော်ထိုက်သည့် ဆရာအား ပူဇော်ကျင်းပသည့် အာစရိယပူဇာ၊ မြတ်ဆရာပူဇော်ပွဲဟုပင် ဆိုလျှင်လည်း လွန်မည်မထင်ပါ။ ယင်းနေ့တွင် ကျောင်းအမ၊ ရဟန်း အမကြီး မိသားစုမှ ကျောင်းတိုက်ရှိ စာသင်သား ရဟန်း၊ သာမဏေများ၊ ကြွရောက်လာကြသော ဧည့်ပရိသတ် များအား အရုဏ်ဆွမ်းဖြင့် နှစ်စဉ် ဆက်ကပ်လှူဒါန်း ဧည့်ခံခဲ့၏။ တိုက်အုပ် ဆရာတော်မှ စာချဆရာတော်များ၊ စာသင်သားများ၊ ကျောင်းသားများ၊ ကျောင်းဒါယကာ၊ ကျောင်းဒါယိကာမများ အားလုံးတို့အား ပူဇော်ကန်တော့ပွဲ မကျင်းပခင် အာစရိယပူဇော်ပွဲနှင့် စပ်လျဉ်းသည့် စကားကို ရှင်းလင်းလျှောက်ထား ပြောကြား၏။ ထို့နောက် တိုက်အုပ်ဆရာတော်မှပင် ညီညီဖျဖျ တိုင်ပေးပြီး ဆရာတော်အား တောင်းပန်ကန် တော့ကြ၏။ ဆရာတော်မှ တပည့်ရဟန်း၊ သာမဏေများ၊ ကျောင်းသားများ၊ ကျောင်းဒါယကာ၊ ကျောင်းဒါယိ ကာမများအားလုံးကို ဆုပေးပြီး တရားစကားများ မိန့်ကြားပါ၏။

တရားစကားများ မိန့်ကြားပြီးသောအခါ အားလုံးက ပြိုင်တူ သာဓုသုံးကြိမ်ခေါ်ဆိုကြကာ အခမ်းအနား ရုတ်သိမ်း လိုက်ကြ၏။ အာစရိယ ပူဇော်ပွဲ အခမ်းအနားပြီးဆုံးသောအခါ တပည့်ရဟန်း၊ သာမဏေများ၊ ကျောင်းသားသူ ငယ်များ၊ ကျောင်းဒါယကာ၊ ကျောင်းဒါယိကာမများအားလုံး ဖရောင်းတိုင်ကိုယ်စီ မီးညှိထွန်း၍ ကျောင်းတိုက် တွင်းရှိ ကိုးန၀င်းစေတီတော် နှစ်ဆူအား ပူဇော်ကန်တော့ကြပြန်၏။ ဤယနေ့အာစရိယပူဇော်ပွဲသည် မြတ်ဆရာ ပူဇော်ပွဲ တစ်ခုတည်းဟုပင် ထင်ရသော်လည်း မြတ်ဗုဒ္ဓ ပူဇော်ပွဲကိုပါ ပူးတွဲကျင်းပသည့်ပွဲ၊ တရားဓမ္မတို့ကို နာယူ ပူဇော်ခွင့်ရသည့်ပွဲ၊ သံဃာတော်တို့အား ဂါရ၀ပြုခွင့်ရသည့် ပူဇော်ပွဲလည်း ဖြစ်သည်ဟု ဆိုသင့်လှ၏။ ရိုးရာ ဓလေ့ထုံးတမ်းစဉ်လာနှင့်အညီ တပည့်များ၏ ညီညွတ်စွာဖြင့် ဂရုဂါရ၀ ရှေ့ထားကာ ပူဇော်မှုပြုကြသည့် မြင်ကွင်း မှာ ဖူးမြင်ရသူအပေါင်း၏ စိတ်နှလုံးကို သာယာကြည်နူးမှု၊ စိတ်ချမ်းမြေ့မှုတို့နှင့်အတူ သဒ္ဓါစိတ်များ ယိုဖိတ်မှုကို လည်း ဖြစ်ပေါ်စေခဲ့ပါ၏။

နှစ်စဉ်နှစ်တိုင်းလည်း စည်းလုံးညီညွတ်စွာဖြင့် မြတ်ဆရာပူဇော်ပွဲကို အောင်မြင်စွာ ဆောင်ရွက်နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်း၍ ဆရာအရှင်မြတ်၏ ဂုဏ်အပေါင်းကို ညွတ်ပြောင်းဦးခိုက်လျက် ရေးသား ပူဇော်လိုက် ပါ၏။
မဟာဗောဓိစေတီ

ဤစာအုပ် မှတ်တမ်းလွှာ

ဤနတ်တို့တောင့်တ လူ့ဘ၀စာအုပ်ကို ၁၃၆၅ ခုနှစ်၊ ကဆုန်လဆန်း ၁၁ ရက်၊ (၁၅.၅.၂၀၀၃) တွင် နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်များ ဗဟိုစာစစ်အဖွဲ့သို့ မဟာဓမ္မာစရိယ M.A (Buddhism) ဘွဲ့အတွက် တင်သွင်းခဲ့ပါ သည်။

သက်ဆိုင်ရာ စာစစ်ပညာရှင်များက စစ်ဆေးအတည်ပြုပြီး ၁၃၆၇-ခုနှစ်၊ နတ်တော်လပြည့်နေ့၊ (၁၅.၁၂.၂၀၀၅)တွင် ဤကျမ်းဖြင့် နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ် (ရန်ကုန်) မှ မဟာဓမ္မာစရိယ M.A (Buddhism) ဘွဲ့ကို ရရှိခဲ့ပါသည်။

ဤအမည်ဖြင့်ပင် ပုံနှိပ်ထုတ်ဝေရန်အတွက် (၄.၁.၂၀၀၆) တွင် မဟာဓမ္မာစရိယ ဘွဲ့ယူကျမ်းစာ စိစစ်ရေးအဖွဲ့သို့ ခွင့်ပြုချက်တောင်းခံခဲ့ရာ (၂၂. ၁၂.၂၀၀၁) နေ့က ကျင်းပပြုလုပ်သော မဟာဓမ္မာစရိယ ဘွဲ့ယူကျမ်းစာ စိစစ်ရေးအဖွဲ့၏ အစည်းအဝေး ဆုံးဖြတ်ချက်အရ စိစစ်ရေးအဖွဲ့မှတစ်ဆင့် ကျမ်းကြီးကြပ်ရေးအဖွဲ့သို့ ပြန်လည် စိစစ်ရန် ပေးပို့ခဲ့ပါသည်။

ယခုအခါ ကျမ်းကြီးကြပ်ရေးအဖွဲ့က ပုံနှိပ်ထုတ်ဝေရာ၌ လူပုဂ္ဂိုလ်များ နားလည် နိုင်ခဲသော အသုံးအနှုန်းများ၊ ကျမ်းပုံစံအရ ရေးသားထားသော အချို့အသုံး အနှုန်းများကို ပြင်ဆင်ဖြည့်စွက်ရန် မှတ်ချက်များပေးခဲ့ပါသည်။ ထိုမှတ်ချက်များ အတိုင်း ပြင်ဆင်တည်းဖြတ်၍ စာအုပ်အဖြစ် ရိုက်နှိပ်ထုတ်ဝေလိုက်ပါသည်။

My Photo Album

Labels

article (38) home (2) photo (2) video (1)
Myspace Clocks, Flowers Clocks at WishAFriend.com

Get the Twitter Widget widget and many other great free widgets at Widgetbox! Not seeing a widget? (More info)

Labels