မိမိကိုယ်တိုင် ကြိုးစားအားထုတ်လို့ တိုးတက်အောင်မြင်လာတဲ့အခါ ဘ၀င်မမြင့်အောင် မမောက် မာအောင် ဒီထက်ပိုပြီး အောင်မြင် တိုးတက်အောင် ကြိုးစားစေလိုတဲ့အတွက် အထက်ကို မော့ကြည့်လိုက်ပါ၊ ကိုယ့်ထက်အစစအရာရာ သာနေတဲ့သူတွေ လောကမှာ အများကြီးရှိပါလားဆိုတဲ့ အသိသတိလေး ၀င်အောင်ရယ်၊ နောက်ပြီး ကြိုးစားလုပ်ကိုင်ဆောင်ရွက်ရင်း လုပ်ငန်းအဆင်မပြေလို့ စိတ်ဓာတ်ကျ နေသူတွေအတွက် အောက်ကိုငုံ့ကြည့်လိုက်ပါ၊ ကိုယ့်ထက်အစစအရာရာ စီးပွားရေး ကြီးပွားရေး နိမ့်ကျနေတဲ့သူတွေလည်း အများကြီးရှိပါ သေးလားဆိုတဲ့ အသိလေးဝင်ပြီး စိတ်သက်သာရာ ရအောင် ပြန်လည်ကြိုးစားချင်အောင်ရယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ပညာရှင်များက ဒီစကားလေး မိန့်သွားတာ ဖြစ်မယ်လို့ ရေးခဲ့ပါတယ်။
          ရေးပြီးတဲ့နောက် ဒီစကားနဲ့ပတ်သက်ပြီး ဘာသာရေးအမြင်လည်းရှိ၊ ပရဟိတလုပ်ငန်းတွေကို လည်း အားပေးကူညီလေ့ရှိတဲ့ အသိမိတ်ဆွေတစ်ယောက် ပြောပြသွားခဲ့တာကို အမှတ်ရခဲ့ပါတယ်၊ ၂. ၈. ၂၀၁၄ ရက်မှာ အသိမိတ်ဆွေနဲ့ ဆုံဖြစ်ခဲ့ပြီး၊ မိတ်ဆွေက အထက်ကိုမော့ကြည့်၊ အောက်ကိုငုံ့ကြည့်ဆိုတဲ့ စကားကို သူလည်း ယခုလိုမြင်တဲ့အကြောင်းရယ်၊ နောက်ထပ်လည်း အမြင်တစ်မျိုးထပ်မြင်သေးတယ် ဆိုတဲ့အကြောင်း ပြောပြပါတယ်။ သူ့ရဲ့မိတ်ဆွေတွေကိုလည်း ဒီစကားပေါ်မှာ ဘယ်လိုအမြင်မျိုး ထပ်မြင်သေးလဲ လို့ မေးဖြစ်ခဲ့ကြောင်း စာရေးသူကို ပြောပြခဲ့ဖူးပါတယ်။ ဒါပေမယ့် သူ့ရဲ့ မိတ်ဆွေတွေ ဘယ်အမြင် ရှိခဲ့တယ် ဆိုတာတော့ မသိရပေမယ့်၊ သူ့ရဲ့အမြင်တစ်မျိုးကိုတော့ ပြောပြသွားလို့ သိခဲ့ရ ပါတယ်။
          ကောင်းတာကို လုပ်ရင် ကောင်းတဲ့အကျိုးကို ခံစားရမှာဖြစ်လို့ တစ်ချိန်မှာ အထက်တန်းကို ရောက်ရမယ်၊ အထက်တန်းဖြစ်တဲ့ မြင့်မြတ်တဲ့ဘုံဘ၀ကို ရောက်နေကြတဲ့ သူတော်စင် သူတော်ကောင်း တွေဟာ ကောင်းမြတ်တဲ့ လုပ်ငန်းတွေ အကျင့်တွေကို ပြုကျင့်ခဲ့ကြလို့ရောက်ရတာပါ၊ မြင့်မြတ်သူတို့ရဲ့ နေရာကို ရောက်ချင်ကြတယ်ဆိုရင် သူတော်စင် သူတော်ကောင်းတွေရဲ့ ထုံးကိုနှလုံးမူပြီး ကောင်းမြတ်တဲ့ လုပ်ငန်းတွေ အကျင့်တွေကို လုပ်ဆောင်ဖို့လိုပါတယ်။ နောက်ပြီး မကောင်းတာတွေ ပြုမူလုပ်ဆောင်နေ တဲ့သူဟာ နိမ့်ကျတဲ့ဘ၀ကို ရောက်ကြရမယ်၊ နိမ့်ကျတဲ့ဘ၀မှာ ဆင်းဆင်းရဲရဲ ကျင်လည်နေကြရမယ်၊ မည်သူမဆို မကောင်းတာတွေကို ပြူမူ ပြောဆို ကြံစည်နေမယ်ဆိုရင် နိမ့်ကျတဲ့ဘ၀ ဆင်းရဲတဲ့ ဘုံဘ၀ကို ရောက်မှာပဲလို့ သူ့အနေနဲ့ မြင်သေးတဲ့အကြောင်း ပြောပြခဲ့ပါတယ်။ ဒီစကားကို ကောက်ချက်ချ လိုက်ရင် အထက်ဆိုတာ သုဂတိဘ၀ (ကောင်းမြတ်တဲ့ဘုံ)၊ အောက်ဆိုတာ ဒုဂ္ဂတိဘ၀ (မကောင်းတဲ့ဘုံ) ကို ဆိုလိုတာတွေ့ရမှာပါ။ သူ့ရဲ့အမြင်ဟာ ကောင်းတာလုပ်ရင် ကောင်းကျိုးရမယ်၊ မကောင်းတာလုပ်ရင် မကောင်းကျိုးရမယ်ဆိုတဲ့ မြတ်ဗုဒ္ဓရဲ့ ဒေသနာတော်အတိုင်း မြင်တဲ့အမြင် တရားနည်းလမ်းအတိုင်း မှန်ကန်စွာ မြင်တဲ့အမြင်ပါပဲ၊ တစ်နည်းအားဖြင့် လောကရေး ဓမ္မရေး နှစ်မျိုးလုံးမြင်တဲ့ အမြင်ပဲလို့ ယူဆမိရင်း မစိုးရိမ်တိုက်သစ် နာယကချုပ်ဆရာတော်ကြီးမိန့်တော်မူခဲ့တဲ့ ကိုယ့်ကုသိုလ်က ကိုယ့်ဘ၀ မုချမြင့်အောင် မြှင့်လေ့မယ်၊ အကုသိုလ်က ကိုယ့်ဘ၀ မုချနိမ့်အောင်နှိမ့်လေ့မယ် လင်္ကာလေးကို အမှတ်ရခဲ့ပြန်ပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ။




စီးပွားရေး ပညာရေး လူမှုရေး စတဲ့ လုပ်ငန်းဆောင်တာတွေ ဆောင်ရွက်တဲ့အခါ အောင်မြင်တာ တွေ တိုးတက်တာတွေရှိသလို၊ လုပ်ကိုင်ရင်း ကြိုးစားရင်းနဲ့ အဆင်မပြေတာတွေ ပျက်စီး ဆုတ်ယုတ်သွား တာတွေလည်း ရှိတတ်တာဟာ သဘာဝပါပဲ။ ကိုယ်တိုင်လည်း လောကမှာ နေ့စဉ် ကြုံတွေ့နေရသလို အခြားသူများလည်း တွေ့ကြုံနေကြရတာပါပဲ။ အဆင်ပြေ ချောမွေ့တဲ့အခါ ပုထုဇဉ်တို့ သဘာဝ ထောင်လွှား ချင်တဲ့စိတ်၊ ၀ါကြွားချင်တဲ့စိတ်တွေ၊ သူတစ်ပါးအပေါ် အသာစီးဆက်ဆံချင်တဲ့ စိတ်တွေ မသိ မသာရော၊ သိသိ သာသာပါ ၀င်လာတတ်ပါတယ်။ အဲဒီလိုဖြစ်ပေါ်လာတဲ့အခါ ပညာရှင်များက အထက်ကို မော့ကြည့် ပါတဲ့။ ကိုယ့်ထက်သာပြီး ကြီးပွားတိုးတက်အောင်မြင်နေကြတဲ့သူတွေ အများကြီးပါလားဆိုတဲ့ အသိ သတိလေးဝင်သွားအောင်လို့ပါ။

အကြောင်းအမျိုးမျိုးကြောင့် လုပ်ကိုင်ဆောင်ရွက်ရင်း ကြိုးစားရင်းနဲ့ အဆင်မပြေမှုတွေနဲ့လည်း တွေ့ကြုံရတတ်ပြန်ပါတယ်၊ အဲဒီအခါ မခံစားနိုင်လောက်အောင် သောက ပရိဒေ၀တွေ စသည်ဖြစ်လာတတ် ပြန်ပါတယ်။ နောက်ဆုံး လူ့ပတ်ဝန်းကျင် လူ့အသိုင်းအ၀ိုင်းအလည် မရပ်တည်ရဲ မ၀င်ဆံ့ရဲတဲ့အဆင့် ဘ၀ပျက်တဲ့အဆင့်ထိလည်း ရောက်သွားတတ်ပါတယ်။ အဲဒီအခါမျိုးမှာ အောက်ကိုကြည့်ပါတဲ့၊ ကိုယ့်ထက်နိမ့်ကျတဲ့သူတွေ လောကမှာ အများကြီးရှိပါသေးလားလို့ အသိလေးဝင်ပြီး သက်သာရာ ရအောင်လို့ပါ။ အဆင်ပြေသည်ပဲ ဖြစ်စေ၊ အဆင်မပြေသည်ပဲ ဖြစ်စေ၊ ဘယ်လိုအခြေအနေမျိုးမှာပဲ ရပ်တည်နေရ ကြုံတွေ့နေရပါစေ၊  အမြဲတမ်း နှလုံးသွင်းထားသင့်တဲ့ နောက်ထပ်စကားလေးကတော့ ဘ၀ကို ပုံသေတွက်မထားနဲ့ ဆိုတဲ့ စကားလေးပါပဲ။ ဘ၀င်မြင့်နေ ထောင်လွှားနေတဲ့ သူတွေအတွက် သတိပေးနှိုးဆော်ရာ ရောက်နိုင်သလို အားငယ်နေသူတွေ ဒုက္ခရောက် နေသူတွေအတွက်လည်း အတိုင်းအတာ တစ်ခုအထိ စွမ်းအားမြှင့်ပေးရာ ရောက်စေမယ်၊ စွမ်းအားတက်စေမယ်လို့ ယူဆမိပါတယ်။

          ဒီစကားလေးဟာ စာရေးသူရဲ့ နောင်တော်က စာရေးသူးကို တစ်ဆင့် ပြန်ပြောပြတဲ့ စကားလေးပါ။ ငယ်စဉ် စာသင်သားဘ၀ စာမေးပွဲဖြေနေရတဲ့ နေ့တစ်နေ့မှာ နောင်တော်က စာမေးပွဲ မဖြေခင် ကွမ်းယာ သွားဝယ်ပါတယ်၊ ကွမ်းယာရောင်းတဲ့ ကလေးမက ကွမ်းယာအတွက် ပြင်ဆင်ပြီးခါနီးအချိန် အခြားသူများ လည်း ဈေးလာဝယ်ကြလို့ ပြီးအောင် ကွမ်းယာ ထုပ်မပေးသေးဘဲ ဈေးဝယ်လာသူတို့အား အခြားပစ္စည်း လေးများ လှမ်းယူပေး နေရတာနဲ့ ကိုယ့်ဖာသာကိုယ်ပဲ ယူသွားဖို့ ပြောပါတယ်၊ မအားလို့ ပြောလိုက်တာ လား၊ ရင်းနှီးလို့ ပြောလိုက်တာလားတော့ မသိပါ၊ ဒါပေမယ့် နောင်တော်က မယူဘဲ စောင့်နေခဲ့ပါတယ်၊ အခြားသူများ ပြီးမှ ကွမ်းယာ ပြန်ထုပ်ပေးခဲ့ပြီး စောင့်နေတဲ့ နောင်တော်ကို စောင့်မနေဘဲ ကိုယ်ဖာသာကိုယ် ယူသွားလို့ရရဲ့သားနဲ့ ပြောတော့ နောင်တော်က သူသေသေချာချာ မထုပ်တတ်လို့ပါလို့ ပြောလိုက်ပါတယ်၊ အဲဒီအခါမှာ ကလေးမက ဘ၀ကို ပုံသေတွက်မထားနဲ့လေ ဆိုတဲ့ ဒီစကားလေးကို ပြောလိုက်ကြောင်း စာရေးသူကို ပြန်ပြောပြပါတယ်။ အမှတ်တမဲ့ ပြောလိုက်တာလား ဒါမှမဟုတ် ဘ၀အတွက် အမှတ်တရ ပြောလိုက်တာလားတော့ ကာယကံရှင်မှ တစ်ပါး မသိနိုင်ပါ။

ဘာပဲဖြစ်ဖြစ် သာမန်အမှတ် တမဲ့ပဲ ပြောပြော အမှတ်တရဖြစ်အောင်ပဲ ပြောပြော အမြဲအမှတ်ရပြီး ကျန်နေသင့်တဲ့ စကားလေးပဲလို့ အဲဒီအချိန်ထဲက စာရေးသူ ခံယူမိခဲ့ပါတယ်။ သူရဲ့ပြောလိုက်တဲ့ စကားဟာ ဘ၀နဲ့ ရင်းပြီး ရခဲ့တဲ့ အတွေ့အကြုံပေါ်အခြေခံပြီး ပြောလိုက်တဲ့ စကားလား၊ ဒါမှမဟုတ် လောကမှာ ဖြစ်လေ့ ဖြစ်ထရှိတဲ့ သဘော သဘာဝပေါ် အခြေခံပြီး ပြောလိုက်တဲ့ စကားလားဆိုတာ မသိရပေမယ့် စွဲကျန်ရစ်ခဲ့တာတော့ အမှန်ပါ။ အော် တစ်ချိန်တုန်းက မှတ်သားခဲ့ဖူးတဲ့ ဘ၀ကို ပုံသေတွက်မထား နဲ့လေတဲ့….

ရွှင်လန်းချမ်းမြေ့ကြပါစေ။


၇. ၅. ၂၀၁၅ ရက် နံနက်က ဂျာမနီနိုင်ငံ ဖရန့်ဖို့မြို့ကနေ ဒိန်းမက်နိုင်ငံ ဘားမင်းမြို့ကို ရထားစီးပြီး ထွက်လာခဲ့ပါတယ်။ ဒိန်းမက်မှာ နေထိုင်ကြတဲ့ ဗုဒ္ဓဘာသာဝင် မိသားစုများရဲ့ ပင့်ဖိတ်တဲ့အတွက်ကြောင့်ပါ၊ နံနက် ၆း ၃၈ နာရီမှ စထွက်တဲ့ရထားဟာ ဘာမင်းမြို့ကို ညနေ ၅း ၄၅ နာရီမှာ ရောက်ရှိခဲ့ပါတယ်။ ဘာမင်းဘူတာကို ရောက်ရှိတယ်ဆိုရင်ပဲ အသင့်စောင့် ကြိုနေကြ တဲ့ ဒကာ ဒကာမတွေက ကားနဲ့ ဗုဒ္ဓရံသီကျောင်းကို ပို့ဆောင်ပေးခဲ့ကြပါတယ်။ ဗုဒ္ဓရံသီ မိသားစု များ သဒ္ဓါထက်ထက်သန်သန်နဲ့ နေ့စဉ်ဆွမ်းခဲဖွယ်များ လာရောက်လှူဒါန်းကြ၊ သူတို့အားလပ်ရက် များမှာ ဒေသန္တရ ဗဟုသုတအနေနဲ့ လိုက်ပို့ကြလို့လည်း အထူးပင် ကျေးဇူးတင် ၀မ်းမြောက်လျက် ရှိပါတယ်။

          ရထားပေါ်မှာ တစ်နေ့တာစီးပြီးလိုက်လာခဲ့တဲ့ ခရီးစဉ်တစ်လျှောက် တစ်ယောက်တည်း စာအုပ်လေးဖတ်လိုက် ပတ်ဝန်းကျင်ကို ကြည့်လိုက် ဟိုဟိုဒီဒီအတွေးတွေရောက်လိုက်နဲ့ပဲ လိုက်ပါ လာခဲ့တာပါ၊ ရထားတစ်စီးလုံးမှာ ထိုင်ခုံပြည့် ခရီးသည်တွေ ပြည့်နှက်နေပေမယ့် တစ်ဦး တစ်ယောက်မှ သိကျွမ်းသူ မပါခဲ့ပါဘူး၊ အတူတူယှဉ်တွဲ ထိုင်နေကြပေမယ့် သူ့ကိုလည်း ကိုယ်မသိ သလို ကိုယ့်ကိုလည်း သူတို့မသိခဲ့ပေမယ့် ပြုံးပြနှုတ်ဆက်မှုကိုတော့ ယဉ်ကျေးမှုတစ်ရပ် အနေနဲ့ ပြုကြပါတယ်၊ ဒီခရီးသည်တွေ အားလုံးရဲ့ ရည်ရွယ်ချက်ဟာ လိုရာခရီးကို ရောက်ဖို့ရန် စီးနင်းလိုက် ပါလာကြတာပါ၊ တစ်ဦးတည်းလိုက်ပါလာသူတွေ၊ မိသားစုလိုက် လိုက်ပါလာကြသူတွေ သူငယ် ချင်းများ စုပေါင်းပြီး လိုက်ပါလာကြသူတွေ ချမ်းသာ ဆင်းရဲ ပညာတတ် ပညာမဲ့ စသည်ဖြင့် အမျိုးမျိုးပဲ လိုက်ပါလာကြတာပါ၊ သူငယ်ချင်းတွေနဲ့ လာကြ သူတွေကတော့ ပြောလိုက် ဆိုလိုက် ရယ်လိုက် မောလိုက်နဲ့ လိုက်ပါလာကြသလို၊ အချို့ကျတော့လည်း စာအုပ် စာစောင်တွေ ဖတ်ပြီး အေးအေးချမ်းချမ်း လိုက်ပါလာကြသူတွေနဲ့ မျိုးစုံပါပဲ၊ အချိန်တန်လို့ ဂိတ်ဆုံး ရောက်ရင် အားလုံး ဆင်းသွားကြရတာပါပဲ၊ တစ်ချို့ကျတော့လည်း လမ်းခုလပ်မှာပဲ  ဆင်းပြီး လမ်းခုလပ်မှာ ထပ်တက် လိုက်လာကြသူတွေလည်း ကြုံတွေ့ကြရပါတယ်။ ဂိတ်ဆုံး မရောက်ခင်ကတော့ ဆင်းသူဆင်း တက်သူတက်နဲ့ပါပဲ။ ဆင်းသွားကြသူတွေဟာ များသောအားဖြင့် ကိုယ့် အထုပ်အပိုးလေးတွေ ကိုယ်စီယူလို့ ဆင်းသွားကြသလို တက်လာသူတွေကလည်း ထို့နည်းတူ အထုပ်အပိုး အိတ်တွေ ယူဆောင်ပြီးတက်လာကြပါတယ်။ ခရီးသွား အချင်းချင်း ဆင်းသွား လိုက်ကြ၊ အသစ်တက်လာ လိုက်ကြနဲ့ လှုပ်ရှားသွားလာနေကြပုံကို ကြည့်ရင်း ဒို့တစ်တွေလည်း ရထားစီး ခရီးသွားတွေလို သံသရာခရီးသွားတွေပါလားဆိုတာရယ်၊ ရထားစီးခရီးသည်တွေမှာတော့ ဘယ်အချိန်ဆိုရင် ရောက်မယ်ဆိုတဲ့ ရောက်ရှိရမယ့် အချိန်ကို သိနိုင်ပေမယ့် သံသရာ ခရီးသည်တွေဖြစ်ကြတဲ့ ဒို့တစ်တွေမှာတော့ ဘယ်တော့မှ ခရီးဆုံးကို ရောက်မယ်ဆိုတာ ဘယ်လောက်ကြာအောင် သံသရာရထားခုတ်မောင်းတာကို လိုက်ပါစီးနင်းနေရအုံးမယ်ဆိုတာကိုတော့ မခန့်မှန်းနိုင်သေးပါ လားလို့လဲ ၀မ်းနည်းစွာနဲ့ စဉ်းစားဆင်ခြင်ဖြစ်ခဲ့ပါတယ်။



          ပုထုဇဉ် တစ်ယောက်အနေနဲ့ သံသရာခရီးရဲ့ အဆုံးကို မခန့်မှန်းနိုင်သေးပေမယ့် တစ်ဘ၀ တာခရီး ဘယ်တော့ဆုံးမယ်ဆိုတာကိုတော့ လှမ်းမြင်နေကြရပါတယ်။ ယေဘုယျအားဖြင့် နှစ်တစ်ရာရဲ့အတွင်းမှာ တစ်ဘ၀တာရဲ့ ရထားခရီးစဉ်ကတော့ အဆုံးသတ်မှာသေချာပါတယ်။ တစ်နည်းအားဖြင့် လူ့ဘ၀ဆိုတဲ့ ရထားပေါ်က ဆင်းကြရမှာပါ။ ဒီလူ့ဘ၀ဆိုတဲ့ ရထားခရီးစဉ်ထဲမှာ မိသားစုတွေ ဆွေမျိုးတွေ သူငယ်ချင်းတွေ ပညာတတ် ပညာမဲ့၊ ရာထူးရှိ ရာထူးမဲ့၊ ဂုဏ်ရှိ ဂုဏ်မဲ့ ချမ်းသာ ဆင်းရဲ၊ စာရိတ္တကောင်း မကောင်း စသည်ဖြင့် အသီးသီးတွေ့ကြုံ နေထိုင်ကြရင်း သွားလာလှုပ်ရှား ပြုမူရင်းနဲ့  ငယ်ငယ်ရွယ်ရွယ်နဲ့ ဆုံးပါးသွားကြသူတွေ၊ အလယ်အလတ်မှာ ဆုံးပါးသွားကြသူတွေ၊ အသက်အရွယ်ရမှ ဆုံးပါးသွားကြတဲ့သူတွေ များစွာရှိကြသလို မွေးဖွားလာ ကြသူတွေဟာလည်း များစွာပါပဲ၊ နေ့စဉ်နဲ့အမျှ တွေ့ကြုံနေကြရတဲ့ ရထားစီးခရီးသည်များလိုပဲ ဆင်းသူဆင်း တက်သူ တက်နဲ့ သွားလာနေကြရ ရှင်သန်နေကြရတာပါ။ ရထားစီး ခရီးသည်တွေ ဆင်းသွားတဲ့အခါမှာ အသီးသီး ကိုယ်ပိုင်အထုပ်အပိုးလေးတွေ ပါသွားကြသလို၊ တက်လာတဲ့ အခါမှာလည်း ကိုယ်ပိုင်အထုပ်အပိုးတွေ ကိုယ်စီနဲ့ပါ။ ထို့အတူပါပဲ ဒို့တစ်တွေလည်း ဘ၀ရထား ပေါ်က အချိန်တန်လို့ ဆင်းသွားရရင်ဆိုတဲ့ အတွေးနဲ့ အတူ ဘာတွေယူဆောင်ပြီး ဆင်းသွားကြမှာ လဲ၊ ပြန်တက်လာတဲ့ အခါမှာလည်း ဘာတွေယူဆောင်ပြီး ပြန်တက်မှာလာမှာလဲဆိုတာရယ်၊ တစ်ခဏတာ စီးနင်းလိုက်ပါကြတဲ့ ရထားစီးခရီးသည်တွေတောင် ကိုယ်ပိုင်အထုပ်လေးတွေနဲ့ သွားလာကြတာပါ၊ တစ်ဘ၀တာ စီးနင်းလိုက်ပါနေကြတဲ့ မိမိတို့တစ်တွေဟာလည်း ကိုယ်ပိုင် အနေနဲ့  ဘာတွေကို ယူဆောင် သယ်ဆောင်ပြီးတော့သွားကြမှာလဲ၊  မိမိတို့ ယူဆောင် သယ်ဆောင်သွားတဲ့အရာ၊ ယူဆောင် သယ်ဆောင်လာတဲ့ အရာပေါ်မူတည်ပြီး ချမ်းသာ ဆင်းရဲကို ခံစားကြရမှာပါလားဆိုတဲ့ အတွေးများ ဆင့်ကဲဆင့်ကဲ ဖြစ်ပေါ်ခဲ့ပါတယ်။

ရွှင်လန်းချမ်းမြေ့ကြပါစေ။


ဒီခေါင်းစဉ်လေးဟာ တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက ပြည်ဆရာတော်ဘုရား၏ လင်္ကာထဲက ခေါင်းစဉ်လေးပါ၊ နိဓိဂဏ္ဍသုတ္တန်ကို မှီငြမ်းပြုထားတာလည်း ဖြစ်ပါတယ်၊ အဲဒီသုတ္တန်မှာ မြတ်ဗုဒ္ဓ က စီးပွားဥစ္စာတစ်ခုထဲကိုပဲ ကိုယ်ကျိုးအတွက် သဲသဲမဲမဲ ရှာဖွေနေကြသူတွေအတွက် သတိထား ဆင်ခြင်ရမယ့် အချက်အလက်တွေကို ညွှန်ပြထားပါတယ်။
လောကမှာ တစ်ကိုယ်ရေ တစ်ကာယအတွက် စီးပွားရေး ကြီးပွားရေးတွေကို အလေးထား ပြီး ဆောင်ရွက်နေတဲ့သူ၊ အများအကျိုးအတွက် လျစ်လျူရှုနေတဲ့သူဟာ၊ ရှာရင်းဖွေရင်းနဲ့ မမျှော် လင့်ဘဲ ဆုံးပါးသွားနိုင်ပါတယ်၊ အကယ် ဆုံးပါးခဲ့မယ်ဆိုရင် ကောင်းမှုကုသိုလ်ထုပ်တွေ မထုပ် လိုက်မိဘဲ ပစ္စည်းဥစ္စာ ထုပ်တွေကိုသာ ထုပ်သွားခဲ့တဲ့အတွက် ကိုယ်ပိုင် ဥစ္စာရယ်လို့ မယ်မယ်ရရ ယူမသွားနိုင်ခဲ့ပါဘူး၊ ပြီးတော့ ကိုယ်တိုင် ပင်ပင်ပန်းပန်း ကြိုးကြိုးစားစား ရှာဖွေထားတဲ့ ပစ္စည်း ဥစ္စာတွေ၊ မိသားစုတွေ စတဲ့ သက်မဲ့ သက်ရှိ အရာအားလုံးကို စွန့်လွှတ်ပြီးသွားခဲ့ရပါတယ်။ စွန့်လွှတ်ထားခဲ့ရတဲ့ ပစ္စည်းဥစ္စာတွေဟာ ကျန်ခဲ့တဲ့ မိသားစုတွေ ကောင်းစားဖို့အတွက်နဲ့ ဝေစားဖို့ အတွက်ပဲ ဖြစ်ခဲ့မယ်၊ နောင်ဘ၀မှာလည်း ကောင်းမြတ်တဲ့ သုဂတိဘ၀ကို မရောက်ဘဲ၊ မကောင်း တဲ့ ဒုဂ္ဂတိဘ၀လို့ ခေါ်ဆိုရတဲ့ အပါယ်လေးပါး တစ်ပါးပါးကို ကျရောက်ရမယ်ဆိုရင် အဲဒီသူဟာ ဒီဘ၀ကနေ အမြတ်နဲ့ မပြန်ရဘဲ အရှုံးနဲ့ ပြန်သွားရတဲ့သူပါ၊ နောက်ပြီး သံသရာမှ လွတ်မြောက်ရာ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ဖို့ ခက်ခဲလှတဲ့သူ အလှမ်း ကွာဝေးသွားတဲ့သူပါ။
ဒါကြောင့် စီးပွားဥစ္စာ ရှာဖွေတဲ့အခါမှာ ပစ္စုပ္ပန်ကြီးပွားရေးအမြင် တစ်ခုတည်းကိုသာ ကြည့်ပြီး မပြုလုပ်သင့်ပါဘူး၊ သံသရာ ကြီးပွားချမ်းသာရေး အမြင်ပါထားပြီး ပြုမူဆောင်ရွက် သင့်ပါတယ်။ တစ်နည်းအားဖြင့် ဘ၀လွတ် မြောက်ရေး လမ်းစဉ်ကိုလည်း ကြည့်ရပါမယ်၊ ရှာဖွေ ကြရပါမယ်။ အမြင်နှစ်မျိုးထားရမယ်လို့ ဆိုလိုပါတယ်။ ဒါမှလဲ ဘ၀နောင်ရေးအတွက် စိတ်အေးကြ ရမှာပါ၊ သံသရာမှာ ကျင်လည်ရအုံးမယ့်သူတွေအဖို့ ဘ၀နောင်ရေးအေးရန် ဒါန သီလ စတဲ့ ရိက္ခာ ထုပ်တွေ ထုပ်ထားကြရပါမယ်၊ ဓမ္မအသိ ဥာဏ်မျက်စိနဲ့ ကြည့်ရင် ရုပ်နာမ်နှစ်ဖြာ ရထားသူ မှန်သ မျှ ချမ်းသာမှုဆိုတာထက် ဆင်းရဲမှုကိုသာ ပိုပြီးခံစားကြနေကြရတာပါ။ လူ့ဘ၀ရဲ့ သက်တမ်းဟာ ရှည်ရှည်ကြာကြာ နေကြရတာမဟုတ်ဘဲ သက်တမ်းတိုတို ကလေးအတွင်းမှာ နေသွားကြပြီး တစ်နေ့ကျ အားလုံးဟာ သေဆုံးသွားကြရတာပါ၊ မသေခင်ကလေးမှာလည်း လောကဓံရဲ့ နှိပ်စက် မှုဒဏ်၊ အိုဘေး နာဘေးတွေရဲ့ နှိပ်စက်မှုဒဏ်တွေကို သူရောကိုယ်ပါ အားလုံးခံစားကြရတာပါ၊ ခန္ဓာရရှိလာကြတဲ့သူတိုင်း ရှောင်လွှဲလို့ မရကြဘဲ မလွဲမသွေ တွေ့ကြုံ ခံစားကြရပါတယ်၊ ဒီအတွက် နေရတဲ့ အခိုက်အတန့်ကလေးမှာ မနာလိုမှု၊ ၀န်တိုမှု၊ ပြိုင်ဆိုင်မှု စတာတွေကို ခ၀ါချပြီး ပြုမူနေ ထိုင်နိုင်အောင် ကြိုးစားသင့်လှပါတယ်၊ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်မှ ဒီလောကဓံရဲ့ ရိုက်ခတ်မှု ဘေး၊ အိုမှု နာမှုဘေးတွေ အေးငြိမ်းမှာဖြစ်တဲ့အတွက် နိဗ္ဗာန် မရောက်ခင် စပ်ကြား ဓမ္မအသိ လက်ကိုင်ထားပြီး နေထိုင်နိုင်မှ သက်သာရာကို ရကြမှာပါ။  
ဒေသနာတော်အလိုအရ ရှာဖွေလို့ရရှိလာတဲ့ ပစ္စည်းဥစ္စာတွေဟာ ရေ မီး မင်း ခိုးသူ အမွေခံ သားဆိုး သမီးဆိုးဆိုတဲ့ ရန်သူမျိုးငါးပါးတို့နဲ့ နေ့စဉ်ဆက်ဆံနေရတဲ့အတွက် ဒါနကောင်းမှု ထုပ်တွေ တတ်နိုင်သမျှ စုဆောင်းထားနိုင်မှ တော်ကာကျမှာပါ။ ဒီလိုစုဆောင်းထားခြင်းဟာ အပူသောက တွေ ငြိမ်းဖို့ရန်၊ အပူမီးတွေ ငြိမ်းအေးဖိုရန်အတွက်ဖြစ်သလို ဘုံဆိုင်တွေထဲက ကိုယ်ပိုင် ရယူထား ခြင်းလည်း ဖြစ်ပါတယ်။
တရားသဘောနဲ့ စမ်းစစ်ကြည့်ရင် အရာအားလုံးဟာ အစိုးမရတဲ့ အနတ္တသဘောတရား တွေချည်းပါပဲ၊ ဆိုင်တာဆိုင်ကြပေမယ့်၊ သူရောကိုယ်ပါ ပိုင်တာရယ်လို့ ကိုယ်ပြုထားတဲ့ ကောင်းကံ မကောင်းကံတွေပဲရှိတာပါ၊ ဒီကံနှစ်ပါးကလွဲလို့ ဘာတစ်ခုမှ မပိုင်ပါဘူး၊ နောင်ဘ၀အတွက် ဘာပစ္စည်းကိုမှလည်း ယူဆောင်သွားလို့ မရကြပါဘူး၊ ဆင်းရဲမှု ချမ်းသာမှုဆိုတာတွေဟာလည်း သူ့ရဲ့ လုပ်ဆောင်မှုကံအတိုင်း ဖြစ်နေကြရတာပါ၊ ဖြစ်ချိန်တန်လို့ ဖြစ်လာကြပြီး၊ ပျက်ချိန်တန်ရင် လည်း ပျက်ကြရတာဟာ ဓမ္မတာပါပဲ၊ တားထားလို့ ဆွဲထားလို့ မရကြပါဘူး။ ပစ္စည်းနဲ့လူ ထိုနှစ်ဆူ စွန့်သူစွန့်ကာ အပြန်အလှန် ဆိုတဲ့အတိုင်း ပစ္စည်းကို လူကစွန့်ခွါ သွားခဲ့ရတာ ရှိသလို လူကိုလည်း ပစ္စည်းက စွန့်ခွါသွားခဲ့ရတာလည်း မျက်မြင်ကိုယ်တွေ့တွေချည်းပါပဲ၊ လောကသံသရာထဲ ကျင်လည်နေကြရတဲ့ ကျင်လည်နေကြအုံးမယ့် သူတိုင်းဟာ ဖြစ်ချင်တိုင်း မဖြစ်ရတဲ့ ဆင်းရဲ၊ မဖြစ်ချင်ပေမယ့်လည်း ဖြစ်နေကြရတဲ့ ဆင်းရဲတွေကို ကြုံတွေ့ခံစားနေကြရတာပါ။ လောဘ ဒေါသ မောဟ စတဲ့ ကိလေသာတွေကို တရားအသိဥာဏ်နဲ့ မပယ်သက်နိုင်သေးမျှ ဆင်းရဲဒုက္ခဆိုတဲ့ နယ်ပယ်ထဲက လွတ်မြောက်အောင် ပြေးနိုင်ကြမှာ မဟုတ်ပါဘူး။ ကိုယ်ပိုင်အနေနဲ့ ရအောင်ယူ သွားနိုင်တဲ့ ကောင်းမြတ်တဲ့ ဒါန သီလစတဲ့ ရိက္ခာထုပ်တွေကိုသာ အပိုင်ထုပ်နိုင်ဖို့ရာ ကြိုးစားကြ ရမှာပါ။ ဒါ့ကြောင့် ဗုဒ္ဓသာသနာတော်နဲ့ ကြုံတွေ့ခိုက်မှာ သူတော်ကောင်းများ ကောင်းမှု ကုသိုလ် ပြုလုပ်ကြရင်း ကိုယ်ပိုင်ဥစ္စာထုပ်များကို ရယူနိုင်ဖို့ မြတ်စွာဘုရား တိုက်တွန်းတော်မူခဲ့တာ ဖြစ်ပါတယ်။ ဒီသုတ္တန်ကိုပဲ တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက ပြည်ဆရာတော်ဘုရားကြီးက သူတော် ကောင်းများ အလုပ်လုပ်ဆိုတဲ့ ခေါင်းစဉ်နဲ့ လင်္ကာစပ်ဆိုခဲ့ပြီး တိုက်တွန်းထားခဲ့တာပါ။
အထုပ်ကလေးကို တပြင်ပြင်၊ အထုပ်ရှင်မှာ သေလို့သွား
          ကျန်တဲ့သူတွေ ဝေလို့စား၊ သေရွာကျတော့ အပါယ်သွား
          ဘာကမှလည်း ပါမသွား၊ နိဗ္ဗာန်ရောက်ဖို့ အခက်သား။
ကုသိုလ်ပုည ပြုမှတော်၊ အဖော်ပါမှ စိတ်မှာအေး
ဘ၀ဖန်ခါ ရိက္ခာဆေး၊ ရုပ်နာမ်နှစ်ဖြာ ဒုက္ခပေး
သက်တမ်းလေးက အတိုလေး၊ အိုဘေး နာဘေး မကင်းသေး
နိဗ္ဗာန်ရောက်မှ ဒုက္ခအေး၊
ကိုယ့်ပစ္စည်း ကိုယ်နှမြှော စောစောကသိမ်း
          ကိုယ်မသိမ်းလို့ သူများယူ ရင်ဝမီးလိုပူ
          သူမယူအောင် လုံစွာထုပ် ဒေသနာအလုပ်လုပ်
          သူမယူအောင် လုံစွာသိမ်း သောကရင်မှာငြိမ်း
သူ့ကိုလည်း ကိုယ်မပိုင်၊ ကိုယ့်ကိုလည်း သူမပိုင်
          ဘယ့်သူ့ကိုမှ ဘယ်သူမပိုင်၊ ကိုယ့်ကိုသော်မှ ကိုယ်မပိုင်
          ဖြစ်ချိန်တန်လျှင် ကံတိုင်းဖြစ်၊ ပစ္စည်းကိုလည်း လူကပစ်
          လူကိုယ်လည်း ပစ္စည်းကပစ်၊ ဖြစ်တာဖြစ်တဲ့ လောကသံသရာမှာ
          အပိုင်လိုပါလျှင် အထုပ်ထုပ်၊ သူတော်ကောင်းများ အလုပ်လုပ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ။

My Photo Album

Labels

article (38) home (2) photo (2) video (1)
Myspace Clocks, Flowers Clocks at WishAFriend.com
Get the Twitter Widget widget and many other great free widgets at Widgetbox! Not seeing a widget? (More info)

Labels