ဘာကိုလှူရမှာလဲတဲ့
(ကိံ ဒဒ) ကိံ- ဘာကို၊ ဒဒ - လှူရမှာလဲ?
ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းတဲ့ပွဲမှာပဲ ၀ါဆိုလပြည့်နေ့ရဲ့ ထူးခြားတဲ့ နေ့ထူးနေ့မြတ်များ အကြောင်း၊ ရှင်ပြု အလှူပွဲပါ ပူးတွဲကျင်းပခဲ့တဲ့အတွက် ရှင်ပြုအလှူပွဲအကြောင်းနဲ့ ၀ါဆိုသင်္ကန်းအလှူအကြောင်း တို့ကို ဟောပြော ခဲ့သလို့ အဲဒီနေ့မှာပဲ ဂျာမဏီနိုင်ငံရဲ့ ဖရန့်ဖို့မြို့မှာ ဘုန်းတော်ကြီးကျောင်း ၀ယ်ယူနိုင်ရေး အတွက် အသင်း ကော်မတီ မှ တင်ပြဆွေးနွေးခဲ့တာကြောင့် ကျောင်းအလှူနဲ့ ပတ်သက်ပြီး လည်း ဟောပြောဖြစ်ခဲ့ပါတယ်။
စာရေးသူ ဟောပြောခဲ့တဲ့ ကျောင်းအလှူကတော့ ကိံဒဒ သုတ်ကို အခြေခံပြီး ဟောပြောခဲ့တာလည်း ဖြစ်ပါ တယ်။ ကိံဒဒ ရဲ့ အဓိပ္ပါယ်က ဘာကို လှူရမှာလဲတဲ့ - ဒီစကားဟာ နတ်သားတွေ မြတ်စွာဘုရားကို လာရောက်ပြီး မေးမြန်းလျှောက်ထားတဲ့ စကားဖြစ်ပါတယ်။ သူတို့အချင်းချင်း ပြောဆိုဆွေးနွေးရင်းနဲ့ အဖြေမှန် ကို သိချင်တာနဲ့ မြတ်စွာဘုရားထံ ချဉ်းကပ်ပြီး မေးမြန်းလျှောက်ထားခဲ့ကြတာပါ။ မေးတဲ့ အကြောင်း အရာက ငါးမျိုးရှိပါတယ်။
·         ခွန်းအားဗလနဲ့ ပြည့်စုံအောင်၊ ခွန်အားဗလကောင်းအောင် တပည့်တော်တို့ ဘာလှူရမလဲဘုရား၊
·         ရုပ်ရည်အဆင်းလှပအောင် တပည့်တော်တို့ ဘာလှူရမလဲဘုရား၊
·         ချမ်းသာအောင် တပည့်တော်တို့ ဘာလှူရမလဲဘုရား၊
·         မျက်စိကောင်းအောင် တပည့်တော်တို့ ဘာလှူရမလဲဘုရား၊
·         တပည့်တော်တို့ ဘာကို လှူရင် အလုံးစုံကို လှူရာရောက်မလဲဘုရား တဲ့ -
ဒီငါးမျိုးကို သိချင်တာနဲ့ မြတ်စွာဘုရားထံ ချဉ်းကပ်ပြီး လျှောက်ထားမေးမြန်းခဲ့ကြပါတယ်။
Ø  မြတ်စွာဘုရားက ဘ၀တိုင်းဘ၀တိုင်းမှာ ခွန်အားဗလနဲ့ ပြည့်စုံချင်တယ်ဆိုရင် အစာအာဟာရ ကို ပေးလှူရပါမယ်တဲ့၊ အစာအာဟာရကို ပေးလှူခဲ့တဲ့ သူဟာ ခွန်အားဗလပြည့်စုံခြင်းဆိုတဲ့ အကျိုးကို ရရှိပါလိမ့်မယ်တဲ့။ ဒါဆိုရင် လောကမှာ အားခွန်ဗလနဲ့ ပြည့်စုံနေကြတဲ့သူတွေကို တွေ့မြင်ခဲ့ရင် အစာ အာဟာရကို ပေးလှူခဲ့ကြလို့ပဲ သိမြင်ကြရမှာဖြစ်သလို အားခွန်ဗလနဲ့ မပြည့်စုံတဲ့သူ ခွန်အား ချိနဲ့ နေတဲ့သူတွေကို တွေ့မြင်ကြရရင်လည်း အစာအာဟာရကို မပေးလှူခဲ့ကြလို့ပဲလို့လည်း နားလည်နိုင် ကြရမှာ ဖြစ်ပါတယ်။
Ø  ဘ၀တိုင်း ဘ၀တိုင်းမှာ ရုပ်အဆင်း လှပချင်တယ်ဆိုရင် အ၀တ်အထည်ကို လှူဒါန်းကြရပါမယ်။ အ၀တ် အထည်ကို လှူဒါန်းခဲ့ကြမယ်၊ လှူဒါန်းဖူးမယ်ဆိုရင် ရုပ်အဆင်းလှပခြင်းဆိုတဲ့ အကျိုးကို ရရှိခံစား ကြရပါမယ်။ ဒါဆိုရင် ရုပ်အဆင်းလှပကြတဲ့ သူတွေကို တွေ့မြင်တဲ့အခါမှာလည်း သူတစ်ပါးတို့အား အ၀တ်အထည်ကို ပေးလှူခဲ့ကြလို့ ပဲလို့ နားလည်ကြရမှာဖြစ်ပါတယ်။
Ø  ချမ်းချမ်းသာသာ သွားလာချင်ကြတယ်ဆိုရင် ယာဉ်ဒါနဖြစ်တဲ့ ဖိနပ်၊ ခရီးစရိတ်၊ ယာဉ်လက်မှတ်တို့ကို လှူဒါန်း ကြရပါမယ်။ အဲဒီလို ဖိနပ် စသည်တို့ ယာနဒါန အဖြစ်လှူဒါန်းခဲ့ကြမယ်၊ လှူဒါန်းခဲ့ကြဖူးမယ် ဆိုရင် ဖြစ်လေရာ ဘ၀တိုင်းမှာ ချမ်းချမ်းသာသာနဲ့ သွားလာနိုင်ကြပါမယ်တဲ့။
Ø  မျက်စိနဲ့ပတ်သက်ပြီး ကြည်လင်ချင်ကြတယ်၊ မျက်စိအားကောင်းချင်ကြတယ်ဆိုရင် ကျောင်းကန် ဘုရားမှာပဲ ဖြစ်စေ၊ အလင်းရောင် မရှိတဲ့နေရာမျိုးမှာ ဖြစ်စေ ဆီမီးအလှူ၊ လျှပ်စစ်မီး အလှူတို့ကို လှူဒါန်းကြရပါမယ်၊ အဲဒီ လှူဒါန်းခဲ့ကြမယ်၊ လှူလည်း လှူဒါန်းခဲ့ကြဖူးမယ်ဆိုရင် ဖြစ်လေရာ ဘ၀တိုင်း ဘ၀တိုင်းမှာ မျက်စိကြည်လင်ခြင်း၊ မျက်စိအားကောင်းခြင်းနဲ့ ပြည့်စုံကြမှာ ဖြစ်ပါတယ်။
Ø  နောက်ဆုံး ငါးခုမြောက်ဖြစ်တဲ့ အဖြေနဲ့ ပတ်သက်ပြီး မြတ်စွာဘုရားက အလုံးစုံကို ပေးလှူတဲ့ အလှူမျိုး ကို ပေးလှူချင်ကြတယ်၊ အရာအားလုံးကို ပေးလှူချင်တယ်ဆိုရင် ကျောင်းသင်္ခမ်း၊ ဇရပ်၊ ရိပ်သာ၊ နားနေဆောင် စတဲ့ အဆောက်အဦး တစ်ခုခုကို လှူဒါန်းကြရပါမယ်တဲ့၊ အဲဒီလို ကျောင်းစတဲ့ အဆောက်အဦး တစ်ခုခုကို ပေးလှူကြတဲ့သူတွေဟာ အရာအားလုံးကို ပေးလှူရာရောက်ပြီး ခွန်းအား ဗလ ပြည့်စုံခြင်း၊ အဆင်းလှခြင်း၊ ချမ်းသာခြင်း၊ မျက်စိကြည်လင်ခြင်း၊ အသက်ရှည်ခြင်း၊ ကျန်းမာခြင်း စတဲ့ အကျိုးတရား အားလုံးကို ရရှိစေနိုင်ကြောင်း မြတ်စွာဘုရားက မိန့်ကြားခဲ့ပါတယ်။
အဲဒါကြောင့် ကျောင်းအလှူဟာ လောကီပစ္စည်းဥစ္စာ အလှူဒါနများထဲမှာ အသာလွန်ဆုံးအလှူ၊ အမွန် မြတ်ဆုံးသော အလှူဖြစ်ကြောင်းကို မြတ်စွာဘုရားက ၀ိဟာရဒါနံ သံဃဿ အဂ္ဂံ ဗုဒ္ဓေန ၀ဏ္ဏိတံ ဟု မိန့်ကြားတော်မူခဲ့ပါတယ်။
နတ်သားများ မေးလျှောက်ထားတဲ့ မေးခွန်းငါးမျိုးဟာ လောကီအကျိုးကျေးဇူးတွေ ရရှိဖို့ ရန် မေးကြတဲ့ မေးခွန်းတွေပဲဆိုတာကို မြတ်စွာဘုရားက သိတော်မူတဲ့အတွက်ကြောင့် နတ်သား တို့ မေးလျှောက်ထားခြင်း မရှိတဲ့ လိုအပ်နေတဲ့ အချက်တစ်ချက်ကို ဖြည့်စွက်၍ မိန့်ကြားတော်မူခဲ့ ပါသေးတယ်။ လောကီအလှူဒါနတို့ တွင် ကျောင်းအလှူဟာ အမြတ်ဆုံးသော အလှူဖြစ်ပေ မယ့်၊ လောကုတ္တရာ အလှူတို့တွင်တော့ တရား အလှူဟာ အမြတ်ဆုံးသော အမတ အလှူပဲဖြစ်တယ် ဆိုတာကို အမတံ ဒဒေါစ သော ဟောတိ၊ ယော ဓမ္မံ အနုသာသတိ ဟု မိန့်ကြားတော်မူခဲ့ပါတယ်။
နတ်သားများ မေးလျှောက်ထားကြတဲ့ အကြောင်းအရာ ငါးမျိုးလုံးကို လှူဒါန်းခဲဖူးကြသလို လှူဒါန်းလည်း လှူဒါန်းနေကြဆဲ၊ ဆက်လက်ပြီးလည်း လှူဒါန်းကြတဲ့သူတွေလည်း ဖြစ်ပါတယ်။ ၀ါဆိုလပြည့်နေ့ ဓမ္မ စကြာ အခါတော်နေ့အထိမ်းအမှတ် အနေနဲ့လည်း ဓမ္မစကြာတရားတော်တွေကို ရွတ်ဆိုပူဇော်နေ ကြတာဟာ အမြတ်ဆုံးသော ဓမ္မအလှူ (တစ်နည်းအားဖြင့်) အမတအလှူ ကို ပေးလှူကြ သူတွေပဲလို့လည်း ၀မ်းမြောက် ၀မ်းသာ ဖြစ်ကြရမယ့်အကြောင့်နဲ့ ဒီကနေ့ ပြုလုပ်အား ထုတ်ရတဲ့ ဒါန၊ သီလ၊ ဘာဝနာ တို့ကြောင့် ဘုရား အစရှိတဲ့ သူတော်ကောင်းများ စံပျော်ရာဖြစ်တဲ့ နိဗ္ဗာန်ချမ်းသာကို မျက်မှောက်ပြုနိုင်ကြပါစေ ဟု ဆုတောင်း ပတ္ထနာပြုကာ ကုသိုလ်အစုစုကို ရေစက်သွန်းချ အမျှအတန်း များ ပေးဝေခဲ့ကြပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ

အရှင်ပညာဝံ (ကွမ်းခြံကုန်း)
၅.၀၈.၂၀၁၂(တနင်္ဂနွေနေ့)က စာရေးသူ နေထိုင်သီတင်းသုံးတဲ့ ဂျာမဏီနိုင်ငံ၊ ဖရန့်ဖို့မြို့မှာ ၀ါဆို သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို ကျင်းပပြုလုပ်နိုင်ခဲ့ကြပါတယ်။ ဗုဒ္ဓသာသနရံသီ အသင်းမိသားစုများ စုပေါင်း၍ ကျင်းပပြုလုပ်ခဲ့ကြတာလည်း ဖြစ်ပါတယ်။ ၀ါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းတဲ့ အခမ်းအနားကို Nordwestzentrun Saalbau ခန်းမမှာ ကျင်းပခဲ့ကြပါတယ်။ အမိမြန်မာပြည်မှာဆိုရင် ၀ါဆိုလရောက်တာနဲ့ မိမိတို့ရဲ့ နေအိမ်တွေမှာ ဆရာတော် သံဃာတော်များကို ပင့်ဖိတ်ပြီး ဆွမ်းဆက်ကပ်လှူဒါန်းရင်း ပရိတ် တရားတော်များကို နာယူကြကာ ၀ါဆိုသင်္ကန်းများ ဆက်ကပ်လေ့ရှိကြသကဲ့သို့ ကျောင်းတိုက်များမှာ သွားရောက်၍လည်း စုပေါင်းပြီး ၀ါဆိုသင်္ကန်းများ ကပ်လေ့ရှိကြပြန်ပါတယ်။ 
ဒီမှာတော့ တနင်္ဂနွေနေ့ကိုသာ အဓိကအားထားပြီး လှူဒါန်းကြရတာ ဖြစ်တဲ့အတွက် တနင်္ဂနွေနေ့မှာပဲ စုပေါင်းပြီး ၀ါဆိုသင်္ကန်းလှူဒါန်းခြင်းပွဲကို ပြုလုပ်ကျင်းပကြရတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံသား ဗုဒ္ဓဘာသာဝင်များရဲ့ ထက်သန်တဲ့ သဒ္ဓါတရားကတော့ အထူး ၀မ်းမြောက်ဂုဏ်ယူစရာပဲလို့ ပြောရမှာပါပဲ။ ဘယ်အရပ် ဘယ်ဒေသပဲ ရောက်နေနေ ဗုဒ္ဓဘာသာဝင်တို့ရဲ့ အထွဋ်အမြတ်ထားရာ နေ့ထူးနေ့မြတ်တွေမှာ ဆိုရင် ဘုရားအမှူးထား၍ ရဟန်း သံဃာတော်များ ပင့်ဖိတ်ပြီး အလှူဒါန ပြုလုပ်လေ့ရှိကြပါတယ်။ ဒါ့အပြင် ဗုဒ္ဓဘာသာဝင်များ စုပေါင်းပြီးလည်း အသင်းအဖွဲ့များ ဖွဲ့စည်းနိုင်ခဲ့ကြပြီး အသင်းရဲ့ နာမည်ကို ဗုဒ္ဓသာသနရံသီ ဟု ကမ္ပည်း တင်နိုင်ခဲ့ကြပါတယ်။
အသင်း တည်ထောင်ထားနိုင်ရုံတင် မကပဲ ဗုဒ္ဓဘာသာဝင်များ ကုသိုလ်ကောင်းမှု အမြဲတမ်းပြုလုပ်နိုင်ရန် တရားဓမ္မများ နာယူနိုင်ကြရန် တရားဓမ္မများ နှလုံးသွင်းဆင်ခြင်နိုင်ရန်၊ ရင်သွေးငယ်တို့အတွက် မြတ်ဗုဒ္ဓရဲ့ ဆုံးမလမ်းညွှန်မှုများ သင်ယူနိုင်ရန်အတွက် ဗုဒ္ဓသာသနရံသီ မြန်မာဘုန်းတော်ကြီးကျောင်းကိုလည်း လစဉ် အလှူငွေများ ထည့်ဝင်ကြပြီး တည်ထားနိုင်အောင် ကြိုးစားခဲ့ကြပြန်ပါတယ်။ ဒါ့ကြောင်လည်း ဗုဒ္ဓဘာသာဝင် များရဲ့ သဒ္ဓါတရားဟာ အထူးဝမ်းမြောက်စရာ ပီတိဖြစ်စရာပဲလို့ ဆိုရတာဖြစ်ပါတယ်။
ဒီဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းတဲ့ ပွဲမှာ သင်္ကန်းအလှူနဲ့ ပတ်သက်လို့ အနည်းငယ် ဟောပြောဖြစ်ခဲ့ပါ တယ်။ သင်္ကန်းလှူဒါန်းခြင်းကြောင့် အကျိုး (၈) မျိုး ရရှိစေနိုင်ပုံကို
ရွှေသို့အဆင်း ညစ်ကြေးကင်း၍ 
ရောင်ဝင်းထိန်ပ နူးညံ့ရ၏။
မကသိန်းဖိုး ပိုဆိုးရလေ
ညို ရွှေ ဖြူ နီ ဤရှစ်လီသည်
ကျမ်းညီသင်္ကန်း လှူကျိုးတည်း - ဆိုတဲ့ လင်္ကာဆောင်ပုဒ်လေးဖြင့် ရှင်လင်းတင်ပြခဲ့ပါတယ်။ အ၀တ်သင်္ကန်း ကို လှူဒါန်းရတဲ့ အတွက်ကြောင့် ဖြစ်လေရာ ဘ၀တိုင်းမှာ ရုပ်ရည်အဆင်း လှပခြင်းစတဲ့ အကျိုးထူးများကို ရရှိကြမှာ ဖြစ်သလို မဟာလတာ တန်းဆာဆိုတဲ့ ၀ိသာခါ ကျောင်းအမကြီးတို့ ဆင်မြန်းဝတ်ဆင်ရတဲ့ အ၀တ် ထည်ကောင်းများကို ၀တ်ဆင်ကြရမယ်၊ ဧဟိ ဘိက္ခု ခေါ်ဆိုခံရပြီး ပရိက္ခရာရှစ်ပါး ပြည့်စုံတဲ့ ရဟန်းအဖြစ်ကို လည်း ရရှိပြီး သန္တိသုခ နိုင်ငံတော်ဖြစ်တဲ့ နိဗ္ဗာန်ရွှေမြို့တော်ကိုလည်း ချမ်းသာသောအကျင့် လျင်မြန်သော အသိဥာဏ်တို့ဖြင့် မျက်မှောက်နိုင်ကြမှာ မလွဲဧကန် အမှန်ပင် ဖြစ်ပါကြောင်း ဟောကြား တင်ပြခဲ့ပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ။
အရှင်ပညာဝံသ (ကွမ်းခြံကုန်း)

ဂျာမဏီနိုင်ငံ၊ ဖရန့်ဖို့မြို့တွင် တည်ရှိတဲ့ ဗုဒ္ဓသာသနရံသီ အသင်းမိသားစုများ စုပေါင်း၍ ၀ါဆိုလပြည့်နေ့ အထိမ်းအမှတ်ပွဲတော်အဖြစ် ဓမ္မစကြာ တရားတော်များကို ရွတ်ဖတ်ပူဇော်ခြင်းနဲ့ ၀ါဆိုသင်္ကန်းများ ဆက်ကပ် လှူဒါန်းခြင်းတို့ကို Nordwestzentrun Saalbau ခန်းမမှာ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နိုင်ခဲ့ ကြပါတယ်။ အမိမြန်မာပြည်မှ ဗုဒ္ဓဘာသာ မိသားစုများ သိုက်သိုက်ဝန်းဝန်းနဲ့ ကျင်းပ ပြုလုပ်ခဲ့လို့လည်း အထူးပင် ၀မ်းမြောက်ကြည်နူးမှု ဖြစ်ခဲ့ရပါတယ်။ 

ဒီအခမ်းအနားတွင် စာရေးသူအနေနဲ့ ၀ါဆိုလပြည့်နေ့နဲ့ ပတ်သက်တဲ့ အကြောင်းအရာများ၊ Ludwigshafen မြို့နေ ရှင်ဒါယကာ ဒေါက်တာဦးကျော်ကျော် + ရှင်ဒါယိကာမ ဒေါက်တာ ဒေါ်သင်းသင်းဦး တို့ရဲ့ တစ်ဦးတည်းသော သားလှရတနာ မောင်ဇေယျာမိုး ရဲ့ သာမဏေရ ပဗ္ဗဇ္ဇ ရှင်ပြုအလှူပွဲပါ ကျင်းပပြုလုပ်ခဲ့တဲ့အတွက် ရှင်ပြုအလှူနဲ့ ပတ်သက်တဲ့ အကြောင်းအရာများကို ဟောပြောခွင့် ရခဲ့သလို ကျောင်းဝယ်ယူနိုင်ရန် မတည်လှူဒါန်းကြတဲ့အတွက် ကျောင်းအလှူဒါနရဲ့ အကျိုးကြီးမြတ်ပုံ အကြောင်းတို့ကိုလည်း ထည့်သွင်း ဟောပြောခဲ့ရပါသေးတယ်။ 

ဝါဆိုလပြည့်နေ့နဲ့ ပတ်သက်လို့ ထူးခြားချက် (၁၀) ရပ်ရှိကြောင်း စာရေးသူ ငယ်စဉ်ကတည်းက  မှတ်သားခဲ့ ဖူးပါတယ်။ အဲဒီထူးခြားချက် (၁၀) ရပ်ကို ဟောပြောဖြစ်ခဲ့ပါတယ်။ အဲဒီ (၁၀) ရပ်ကတော့ -
  • ဘုရားအလောင်း ပဋိသန္ဓေယူတော်မူတဲ့နေ့
  • ဘုရားအလောင်း တောထွက်တော်မူတဲ့နေ့
  • ပဉ္စ၀ဂ္ဂီငါးဦးတို့အား တရားဦးဓမ္မစကြာ တရားတော်မြတ်ကို ဟောကြားတော်မူတဲ့နေ့
  • တိတ္ထိတို့အား သရက်ဖြူပင်ရင်းမှာ တန်ခိုးပြာဋိဟာကို ပြတော်မူတဲ့နေ့
  • ပဉ္စ၀ဂ္ဂီငါးဦးတို့အား ငါဘုရားဖြစ်ပြီလို့ ၀န်ခံပြောကြားတဲ့ အတွက် ဘုရားရတနာ စတင်ပေါ်ပေါက်တဲ့နေ့
  • ဓမ္မစကြာတရားတော်မြတ်ကို စတင်ဟောကြားတော်မူတဲ့အတွက် တရားရတနာ စတင် ပေါ်ပေါက်တဲ့နေ့
  • ပဉ္စ၀ဂ္ဂီငါးဦးတို့ သာသနာဘောင် ၀င်ပြီး ရှင်ရဟန်းအဖြစ်ကို ခံယူခဲ့တဲ့အတွက် သံဃာရတနာ စတင်တဲ့နေ့
  • ပဉ္စ၀ဂ္ဂီငါးဦးတို့ သာသနာ့ဘောင်တွင်းသို့ ၀င်ရောက်တဲ့အခါ ဧဟိ ဘိက္ခု ဟု စတင်ခေါ်ဝေါ်တဲ့နေ့
  • ပုထုဇဉ်အနွယ်မှ အရိယာအနွယ်သို့ အရှင်ကောဏ္ဍည စတင်ရောက်ရှိတဲ့နေ့
  • တာဝတိံတာ နတ်ပြည်၌ မယ်တော်အပါဝင် နတ်၊ ဗြဟ္မာများအား အဘိဓမ္မာတရားတော်မြတ်ကို စတင်ဟောကြားပြီး ကျေးဇူးဆပ်တော်မူတဲ့နေ့ တို့ ဖြစ်ပါတယ်။
ဒီထူးခြားချက် (၁၀) ရပ်ကို တစ်ခုချင်းလည်း ရှင်းလင်းဟောပြဖြစ်ခဲ့ပြီး ဒီနေ့ရှင်ပြုပွဲ အလှူကျင်းပ ပြုလုပ်ခဲ့ကြ တဲ့ အလှူရှင် မိသားစုများလည်း ၀ါဆိုလပြည့်နေ့ရဲ့ ထူးခြားတဲ့ ဂုဏ်အင်္ဂါ (၁၀) ရပ်ပြည့်စုံတဲ့နေ့မှာ ရှစ်ပါးပရိက္ခရာ စုံလင်စွာနဲ့ မြတ်ဗုဒ္ဓရဲ့ သာသနာ့ဘောင်တွင်း သွတ်သွင်းချီးမြှောက်ကြတာဟာ အလွန်ပဲ ၀မ်းမြောက်ဖွယ်ကောင်းကြောင်း၊ အရှင်ကောဏ္ဍည၊ အရှင်ဝပ္ပ၊ အရှင်ဘဒ္ဒိယ၊ အရှင်မဟာနာမ် နှင့် အရှင်အဿဇိ (ပဉ္စ၀ဂ္ဂီ) ငါးဦးတို့ သာသနာ့ဘောင်ဝင်ပြီး ရှင်ရဟန်းအဖြစ် ခံယူတဲ့နေ့နဲ့ တိုက်ဆိုင်တဲ့ အတွက်ကြောင့် အလွန်ပဲ ၀မ်းသာပီတိ ဖြစ်ကြရမှာဖြစ်ကြောင်းတို့ကိုလည်း ဟောပြောဖြစ်ခဲ့ပါတယ်။ 
အဲဒီနောက် ၀ါဆိုသင်္ကန်းနဲ့ ပတ်သက်တဲ့အကြောင်း၊ ကျောင်းအလှူဒါနနဲ့ ပတ်သက်တဲ့ အကြောင်း တို့ကို ဟောကြားခဲ့ပြီး ရေစက်သွန်းချ အမျှအတန်းများ ပေးဝေခဲ့ကြပါတယ်။
(၀ါဆိုသင်္ကန်း အလှူ၊ ကျောင်းအလှူ တို့နဲ့ ပတ်သက်သော အကြောင်းအရာများကို ဆက်လက်ရေးသား တင်ပြသွားပါမည်။)
ရွှင်လန်း ချမ်းမြေ့ကြပါစေ။
အရှင်ပညာဝံသ (ကွမ်းခြံကုန်း)

My Photo Album

Labels

article (38) home (2) photo (2) video (1)
Myspace Clocks, Flowers Clocks at WishAFriend.com

Get the Twitter Widget widget and many other great free widgets at Widgetbox! Not seeing a widget? (More info)

Labels