၇. ၅. ၂၀၁၅ ရက် နံနက်က ဂျာမနီနိုင်ငံ ဖရန့်ဖို့မြို့ကနေ ဒိန်းမက်နိုင်ငံ ဘားမင်းမြို့ကို ရထားစီးပြီး ထွက်လာခဲ့ပါတယ်။ ဒိန်းမက်မှာ နေထိုင်ကြတဲ့ ဗုဒ္ဓဘာသာဝင် မိသားစုများရဲ့ ပင့်ဖိတ်တဲ့အတွက်ကြောင့်ပါ၊ နံနက် ၆း ၃၈ နာရီမှ စထွက်တဲ့ရထားဟာ ဘာမင်းမြို့ကို ညနေ ၅း ၄၅ နာရီမှာ ရောက်ရှိခဲ့ပါတယ်။ ဘာမင်းဘူတာကို ရောက်ရှိတယ်ဆိုရင်ပဲ အသင့်စောင့် ကြိုနေကြ တဲ့ ဒကာ ဒကာမတွေက ကားနဲ့ ဗုဒ္ဓရံသီကျောင်းကို ပို့ဆောင်ပေးခဲ့ကြပါတယ်။ ဗုဒ္ဓရံသီ မိသားစု များ သဒ္ဓါထက်ထက်သန်သန်နဲ့ နေ့စဉ်ဆွမ်းခဲဖွယ်များ လာရောက်လှူဒါန်းကြ၊ သူတို့အားလပ်ရက် များမှာ ဒေသန္တရ ဗဟုသုတအနေနဲ့ လိုက်ပို့ကြလို့လည်း အထူးပင် ကျေးဇူးတင် ၀မ်းမြောက်လျက် ရှိပါတယ်။

          ရထားပေါ်မှာ တစ်နေ့တာစီးပြီးလိုက်လာခဲ့တဲ့ ခရီးစဉ်တစ်လျှောက် တစ်ယောက်တည်း စာအုပ်လေးဖတ်လိုက် ပတ်ဝန်းကျင်ကို ကြည့်လိုက် ဟိုဟိုဒီဒီအတွေးတွေရောက်လိုက်နဲ့ပဲ လိုက်ပါ လာခဲ့တာပါ၊ ရထားတစ်စီးလုံးမှာ ထိုင်ခုံပြည့် ခရီးသည်တွေ ပြည့်နှက်နေပေမယ့် တစ်ဦး တစ်ယောက်မှ သိကျွမ်းသူ မပါခဲ့ပါဘူး၊ အတူတူယှဉ်တွဲ ထိုင်နေကြပေမယ့် သူ့ကိုလည်း ကိုယ်မသိ သလို ကိုယ့်ကိုလည်း သူတို့မသိခဲ့ပေမယ့် ပြုံးပြနှုတ်ဆက်မှုကိုတော့ ယဉ်ကျေးမှုတစ်ရပ် အနေနဲ့ ပြုကြပါတယ်၊ ဒီခရီးသည်တွေ အားလုံးရဲ့ ရည်ရွယ်ချက်ဟာ လိုရာခရီးကို ရောက်ဖို့ရန် စီးနင်းလိုက် ပါလာကြတာပါ၊ တစ်ဦးတည်းလိုက်ပါလာသူတွေ၊ မိသားစုလိုက် လိုက်ပါလာကြသူတွေ သူငယ် ချင်းများ စုပေါင်းပြီး လိုက်ပါလာကြသူတွေ ချမ်းသာ ဆင်းရဲ ပညာတတ် ပညာမဲ့ စသည်ဖြင့် အမျိုးမျိုးပဲ လိုက်ပါလာကြတာပါ၊ သူငယ်ချင်းတွေနဲ့ လာကြ သူတွေကတော့ ပြောလိုက် ဆိုလိုက် ရယ်လိုက် မောလိုက်နဲ့ လိုက်ပါလာကြသလို၊ အချို့ကျတော့လည်း စာအုပ် စာစောင်တွေ ဖတ်ပြီး အေးအေးချမ်းချမ်း လိုက်ပါလာကြသူတွေနဲ့ မျိုးစုံပါပဲ၊ အချိန်တန်လို့ ဂိတ်ဆုံး ရောက်ရင် အားလုံး ဆင်းသွားကြရတာပါပဲ၊ တစ်ချို့ကျတော့လည်း လမ်းခုလပ်မှာပဲ  ဆင်းပြီး လမ်းခုလပ်မှာ ထပ်တက် လိုက်လာကြသူတွေလည်း ကြုံတွေ့ကြရပါတယ်။ ဂိတ်ဆုံး မရောက်ခင်ကတော့ ဆင်းသူဆင်း တက်သူတက်နဲ့ပါပဲ။ ဆင်းသွားကြသူတွေဟာ များသောအားဖြင့် ကိုယ့် အထုပ်အပိုးလေးတွေ ကိုယ်စီယူလို့ ဆင်းသွားကြသလို တက်လာသူတွေကလည်း ထို့နည်းတူ အထုပ်အပိုး အိတ်တွေ ယူဆောင်ပြီးတက်လာကြပါတယ်။ ခရီးသွား အချင်းချင်း ဆင်းသွား လိုက်ကြ၊ အသစ်တက်လာ လိုက်ကြနဲ့ လှုပ်ရှားသွားလာနေကြပုံကို ကြည့်ရင်း ဒို့တစ်တွေလည်း ရထားစီး ခရီးသွားတွေလို သံသရာခရီးသွားတွေပါလားဆိုတာရယ်၊ ရထားစီးခရီးသည်တွေမှာတော့ ဘယ်အချိန်ဆိုရင် ရောက်မယ်ဆိုတဲ့ ရောက်ရှိရမယ့် အချိန်ကို သိနိုင်ပေမယ့် သံသရာ ခရီးသည်တွေဖြစ်ကြတဲ့ ဒို့တစ်တွေမှာတော့ ဘယ်တော့မှ ခရီးဆုံးကို ရောက်မယ်ဆိုတာ ဘယ်လောက်ကြာအောင် သံသရာရထားခုတ်မောင်းတာကို လိုက်ပါစီးနင်းနေရအုံးမယ်ဆိုတာကိုတော့ မခန့်မှန်းနိုင်သေးပါ လားလို့လဲ ၀မ်းနည်းစွာနဲ့ စဉ်းစားဆင်ခြင်ဖြစ်ခဲ့ပါတယ်။



          ပုထုဇဉ် တစ်ယောက်အနေနဲ့ သံသရာခရီးရဲ့ အဆုံးကို မခန့်မှန်းနိုင်သေးပေမယ့် တစ်ဘ၀ တာခရီး ဘယ်တော့ဆုံးမယ်ဆိုတာကိုတော့ လှမ်းမြင်နေကြရပါတယ်။ ယေဘုယျအားဖြင့် နှစ်တစ်ရာရဲ့အတွင်းမှာ တစ်ဘ၀တာရဲ့ ရထားခရီးစဉ်ကတော့ အဆုံးသတ်မှာသေချာပါတယ်။ တစ်နည်းအားဖြင့် လူ့ဘ၀ဆိုတဲ့ ရထားပေါ်က ဆင်းကြရမှာပါ။ ဒီလူ့ဘ၀ဆိုတဲ့ ရထားခရီးစဉ်ထဲမှာ မိသားစုတွေ ဆွေမျိုးတွေ သူငယ်ချင်းတွေ ပညာတတ် ပညာမဲ့၊ ရာထူးရှိ ရာထူးမဲ့၊ ဂုဏ်ရှိ ဂုဏ်မဲ့ ချမ်းသာ ဆင်းရဲ၊ စာရိတ္တကောင်း မကောင်း စသည်ဖြင့် အသီးသီးတွေ့ကြုံ နေထိုင်ကြရင်း သွားလာလှုပ်ရှား ပြုမူရင်းနဲ့  ငယ်ငယ်ရွယ်ရွယ်နဲ့ ဆုံးပါးသွားကြသူတွေ၊ အလယ်အလတ်မှာ ဆုံးပါးသွားကြသူတွေ၊ အသက်အရွယ်ရမှ ဆုံးပါးသွားကြတဲ့သူတွေ များစွာရှိကြသလို မွေးဖွားလာ ကြသူတွေဟာလည်း များစွာပါပဲ၊ နေ့စဉ်နဲ့အမျှ တွေ့ကြုံနေကြရတဲ့ ရထားစီးခရီးသည်များလိုပဲ ဆင်းသူဆင်း တက်သူ တက်နဲ့ သွားလာနေကြရ ရှင်သန်နေကြရတာပါ။ ရထားစီး ခရီးသည်တွေ ဆင်းသွားတဲ့အခါမှာ အသီးသီး ကိုယ်ပိုင်အထုပ်အပိုးလေးတွေ ပါသွားကြသလို၊ တက်လာတဲ့ အခါမှာလည်း ကိုယ်ပိုင်အထုပ်အပိုးတွေ ကိုယ်စီနဲ့ပါ။ ထို့အတူပါပဲ ဒို့တစ်တွေလည်း ဘ၀ရထား ပေါ်က အချိန်တန်လို့ ဆင်းသွားရရင်ဆိုတဲ့ အတွေးနဲ့ အတူ ဘာတွေယူဆောင်ပြီး ဆင်းသွားကြမှာ လဲ၊ ပြန်တက်လာတဲ့ အခါမှာလည်း ဘာတွေယူဆောင်ပြီး ပြန်တက်မှာလာမှာလဲဆိုတာရယ်၊ တစ်ခဏတာ စီးနင်းလိုက်ပါကြတဲ့ ရထားစီးခရီးသည်တွေတောင် ကိုယ်ပိုင်အထုပ်လေးတွေနဲ့ သွားလာကြတာပါ၊ တစ်ဘ၀တာ စီးနင်းလိုက်ပါနေကြတဲ့ မိမိတို့တစ်တွေဟာလည်း ကိုယ်ပိုင် အနေနဲ့  ဘာတွေကို ယူဆောင် သယ်ဆောင်ပြီးတော့သွားကြမှာလဲ၊  မိမိတို့ ယူဆောင် သယ်ဆောင်သွားတဲ့အရာ၊ ယူဆောင် သယ်ဆောင်လာတဲ့ အရာပေါ်မူတည်ပြီး ချမ်းသာ ဆင်းရဲကို ခံစားကြရမှာပါလားဆိုတဲ့ အတွေးများ ဆင့်ကဲဆင့်ကဲ ဖြစ်ပေါ်ခဲ့ပါတယ်။

ရွှင်လန်းချမ်းမြေ့ကြပါစေ။

0 comments:

Post a Comment

My Photo Album

Labels

article (38) home (2) photo (2) video (1)
Myspace Clocks, Flowers Clocks at WishAFriend.com

Get the Twitter Widget widget and many other great free widgets at Widgetbox! Not seeing a widget? (More info)

Labels