၁၁. ၃. ၂၀၁၅ ရက်နေ့က စာရေးသူတို့ နေထိုင်တဲ့ ကျေးလက်တောရွာလေးမှာ မိသားစု အလှူတစ်ခု ကျင်းပပြုလုပ်ဖြစ်ခဲ့ပါတယ်။ ညီအငယ်ကို ရဟန်းခံ၊ တူနှစ်ဦးကို ရှင်သာမဏေပြု၊ တူမနှစ်ဦးကို နားသ မင်္ဂလာပြုခြင်းဆိုတဲ့ ရဟန်းခံ၊ ရှင်ပြု၊ နားသ အလှူမင်္ဂလာပါ။ ကျေးလက်နေ ဆွေမျိုးမိတ်သင်္ဂဟများရဲ့ ၀ိုင်းဝန်းကူညီအားပေးမှုနဲ့ အတူ အလှူပွဲလေး စည်စည်ကားကား ပြီးမြောက်အောင်မြင်ခဲ့ပါတယ်။

          မိဘနှစ်ပါး စုံစုံလင်လင်နဲ့ လှူဒါန်းခွင့်ရတဲ့အတွက်လည်း ညီအစ်ကို မောင်နှမများအနေနဲ့ ၀မ်းသာ ကြည်နူးခဲ့ရပါတယ်။ အမေ၊ အဖေတို့ရဲ့ ၀မ်းသာနေကြတဲ့ပုံ၊ ဆွေမျိုး မိတ်သင်္ဂဟများ သိုက်သိုက်ဝန်းဝန်း လာရောက်နေကြတဲ့ပုံ၊ ကျွေးမွေးဧည့်ခံနေကြတဲ့ပုံ၊ မမော မပန်းနိုင် ဝေယျာဝစ္စ ဆောင်ရွက်နေကြတဲ့ပုံ စသည် စသည်တို့ကို တွေ့မြင်ရတဲ့အတွက်လည်း အလှူရှင်မိသားစုတို့ရဲ့ စိတ်နှလုံးမှာ ပီတိတွေဖုံးခဲ့ကြ ပါတယ်။

          တစ်နည်းအားဖြင့် ဒီနေ့ဟာ မိဘနှစ်ပါးရဲ့ မြှော်လင့်ထားခဲ့ကြတဲ့ ဆန္ဒတွေပြည့်ဝတဲ့နေ့ပါပဲ၊ ချမ်းသာ သည်ဖြစ်စေ၊ ဆင်းရဲသည်ဖြစ်စေ သားယောက်ျားလေး မွေးဖွားလာတဲ့အခါ ဗုဒ္ဓဘာသာ မိဘတိုင်းရဲ့ ရင်ထဲ မှာ ဆန္ဒတစ်ခု ဖြစ်ပေါ်လာခဲ့ပါတယ်။ အဲဒီဆန္ဒက သားငယ်လေး  အရွယ်ရောက်လာရင် သာသနာ့ဘောင် သွတ်သွင်းပြီး ရှင်ပြုမင်္ဂလာ ပြုလုပ်ပေးရတော့မယ်ဆိုတဲ့ အသိတွေ ဆန္ဒတွေပါပဲ။ ဖြစ်ပေါ်လာခဲ့တဲ့ ဆန္ဒ အတိုင်း အရွယ်ရောက်လာတဲ့အခါ ရှင်သာမဏေပြုပေးခြင်း ကုသိုလ်မင်္ဂလာကို ပြုလုပ်ဖြစ်ခဲ့ကြပါတယ်။ ပြုလုပ်ဖြစ်ခဲ့ကြတဲ့အတွက်လည်း အဲဒီနေ့ဟာ မိဘနှစ်ပါးတို့ရဲ့ အနှစ်နှစ်အလလက ဖြစ်ပေါ်ခဲ့တဲ့ မျှော်လင့် ချက် ဆန္ဒတွေ ပြည့်ဝတဲ့နေ့လို့ ဆိုရခြင်းဖြစ်ပါတယ်။

          ဒီလိုလှူဒါန်းနိုင်ခွင့် ရဖို့ဆိုတာ၊ တစ်နည်းအားဖြင့် ရှင့်ဒကာ၊ ရှင်ဒကာမအဖြစ် ခံယူနိုင်ဖို့ဆိုတာ မလွယ်ကူလှပါဘူး၊ အလွန်ပဲ ခဲယဉ်းလှပါတယ်။ မလွယ်ကူကြောင်း၊ ခဲယဉ်းလှကြောင်းနဲ့ ပတ်သက်ကြီး မိထွေးတော် ဂေါတမီက မြတ်စွာဘုရားကို လျှောက်ထားခဲ့တဲ့ စကားကို ကြည့်ခြင်းအားဖြင့် သိရှိနိုင်ပါတယ်။ တစ်နေ့သောအခါမှာ မိထွေးတော် ဂေါတမီက မြတ်စွာဘုရားထံချဉ်းကပ်ပြီး ရညော မာတာ မဟေသီတိ သုလဘံ နာမ မိတ္ထိနံ စသောဂါထာဖြင့် လျှောက်ထားခဲ့ပါတယ်၊ အဓိပ္ပါယ်က အရှင်ဘုရား တပည့်တော်တို့ မိန်းမသားတွေဘ၀မှာ ရှင်ဘုရင်မယ်တော်၊ စကြ၀တေးမင်းရဲ့ မယ်တော်စသည်ဖြစ်ဖို့ရန် လွယ်ကူပါတယ် ဘုရား၊ ဘ၀သံသရာ တစ်လျှောက်လုံးမှာလည်း ဖြစ်ခဲ့ရတဲ့ ဘ၀တွေဟာ မရေမတွက်နိုင်အောင်ပဲ ဖြစ်ခဲ့ရပါ တယ်ဘုရား၊ ဒါပေမယ့် ဘုရားရှင်ရဲ့ မယ်တော်၊ ရဟန်းတော်တို့ရဲ့ မယ်တော်၊ ရှင်သာမဏေတို့ရဲ့ မယ်တော် ဖြစ်ခဲ့ရတာဟာ ပါရမီဖြည့်ခဲ့တဲ့ ဘ၀တစ်လျှောက်လုံးမှာ ပြန်ရေတွက်ကြည့်ရင် ဒီဘ၀နဲ့ ပေါင်းပါမှ သုံးဘ၀ပဲ ဖြစ်ခဲ့ရပါတယ်တဲ့။ ဘုရား ပစ္စေကဗုဒ္ဓါ စတဲ့ သူတော်ကောင်းတို့ရဲ့ မယ်တော်ဖြစ်ဖို့ရန် အင်မတန် ခဲယဉ်း လှပါတယ်ဘုရားလို့ သူ့ရဲ့ အတွေး ပုံရိပ်တွေကို လျှောက်ထားခဲ့ပါတယ်။

          ဒီနေရာမှာ ရှင်ဘုရင်ရဲ့ မယ်တော်ဖြစ်ကြတဲ့ သူတွေဟာ အရာရာပြည့်စုံနေတဲ့ အထက်တန်းလွှာ စာရင်းထဲမှာ ပါဝင်နေတဲ့သူတွေပါ၊ အာဏာပါဝါကလည်း ပြည့်စုံ၊ စည်းစိမ်ကလည်း ပြည့်စုံနေတဲ့အတွက် မာန်မာန၊ ထောင်လွှားမှုတွေ၊ ပြိုင်ဆိုင်မှုတွေနဲ့ များသောအားဖြင့် ခြံရံပြီးနေကြမှာပါ။ ရှင်သာဏေတို့ရဲ့ မယ်တော်၊ ရဟန်းတော်တို့ရဲ့ မယ်တော်များမှာတော့ သားရတနာကို အမှီပြုပြီး မာန်မာနတွေ မခြံရံဘဲ ကုသိုလ်တရားတွေသာ ခြံရံနေကြမှာပါ။ ဆွမ်းခဲဖွယ်ဘောဇဉ်တွေ သွားရောက်လှူဒါန်းနဲ့ နေ့စဉ် သားရတနာကို အမှီပြုပြီး ကုသိုလ်တရားတွေ တိုးပွားနေတဲ့အတွက် ကောင်းကျိုးချမ်းသာတွေကိုသာ အမြဲ ခံစားစံစားနေကြရမှာပါ။ ဘာမှ မာန်မာန၊ အာဃာတတွေ၊ ထောင်လွှားမှုတွေ မပါဘဲ၊ မခြံရံဘဲ ကုသိုလ် တရားတွေသာ ခြံရံနေတဲ့အတွက် ဗုဒ္ဓဘာသာ မိဘတို့အဖို့ ဂုဏ်ယူသင့် ၀မ်းမြောက်သင့်သော ဆန္ဒ ပြည့်ဝခဲ့တဲ့ မြတ်ကုသိုလ်အဖြစ် မှတ်တမ်းတင်အပ်ပါတယ်။

ရွှင်လန်းဝမ်းမြောက်နိုင်ကြပါစေ။

0 comments:

Post a Comment

My Photo Album

Labels

article (38) home (2) photo (2) video (1)
Myspace Clocks, Flowers Clocks at WishAFriend.com

Get the Twitter Widget widget and many other great free widgets at Widgetbox! Not seeing a widget? (More info)

Labels