ဗုဒ္ဓ သာသန ရံသီ အသင်း မိသားစုများ စုပေါင်း၍ ၀ါဆို သင်္ကန်း ဆက်ကပ်ပွဲကို ဂျာမဏီနိုင်ငံ၊ ဖရန့်ဖို့မြို့ Bornheim Saalbau ခန်းမမှာ ၂၄. ၀၇. ၂၀၁၁ ရက်နေ့တွင် ကျင်းပ ပြုလုပ် ခဲ့ကြပါတယ်။ အခမ်းအနားတွင် အင်္ဂလန်မှ သာသနရံသီ ဆရာတော်၊ ဖင်လန်မှ ဗုဒ္ဓ ဓမ္မရံသီ ဆရာတော် တို့လည်း ကြွရောက် ချီးမြှင့် ပေးခဲ့ ကြပါတယ်။ အခမ်းအနားမှာ စာရေးသူမှ အနု မောဒနာ တရား ဟောကြား ချီးမြှင့် ပေးခဲ့ရပါတယ်။ မြန်မာ ပြည်မှာ ကျင်းပပြုလုပ်သကဲ့သို့ ကျင်းပပြုလုပ်ကြတာကို တွေ့မြင်ရလို့ ၀မ်းသာကြည် နူးမှု ဖြစ်ခဲ့ရပါ သေးတယ်။ အခမ်းအနား ပြီးဆုံးတဲ့ အခါ ပရိသတ်များမှ ဘာသာရေးနှင့် ပတ်သက်၍ သိရှိ ချင်တာများကို မေးမြန်း လျှောက်ထားခဲ့ ကြပါတယ်။

မေးမြန်းကြတဲ့ မေးခွန်းများထဲမှ စာရေးသူအား မေးမြန်းတဲ့ မေးခွန်းက အရှင်ဘုရား ဘာဖြစ်လို့ ငယ်ငယ် ရွယ်ရွယ်နဲ့ သင်္ကန်း ၀တ်တာပါလဲ၊ အခြားသူများ ပျော်ရွှင်ကြသလို မပျော်ရွှင်ချင် ကြဘူးလားဆိုတဲ့ မေးခွန်း ပါပဲ။ အဲဒါကို ဖြေပေးပါတဲ့၊ သူသိချင် ပါတယ်လို့ လျှောက်ထား မေးမြန်းပါတယ်။ ဒီမေးခွန်း အမေးခံရတော့ မဇ္ဈိမ ပဏ္ဏာသ ပါဠိတော် (မ၊ ၂၊ ၂၄၅ - ၆) မှာ လာတဲ့ ရဋ္ဌပါလသတိုးသား အကြောင်း သတိရမိခဲ့တယ်။ ရဋ္ဌပါလ သတိုးသားလည်း ငယ်ငယ်ရွယ်ရွယ်နဲ့ သာသနာ့ဘောင် ၀င်ပြီး ရှင်၊ ရဟန်းပြုခဲ့ပါတယ်။ နောက်ပိုင်း တိုင်းပြည် အုပ်ချုပ် မင်းလုပ်တဲ့ ဘုရင် ကောရဗျနဲ့ တွေ့တဲ့အခါ ဘုရင် ကောရဗျကလည်း အခုလိုပဲ ငယ်ငယ်ရွယ်ရွယ်နဲ့ ဘာဖြစ်လို့ ရှင်၊ ရဟန်း ပြုရတာလဲဆိုတဲ့ အမေးကို ရှင်ရဋ္ဌပါလအား မေးမြန်းခဲ့ဖူးပါတယ်။ မေးမြန်းခဲ့ပုံချင်း တူပေမယ့် ဖြေပုံချင်းကတော့ မတူခဲ့ပါဘူး။

ငယ်ငယ်ရွယ်ရွယ် သင်္ကန်းဝတ်တာနဲ့ ပတ်သက်လို့ မေးတယ် ဆိုတာကလည်း အခမ်းအနားတွင် အသင်း အမှုဆောင် ဒကာတစ်ဦးမှ စာရေးသူရဲ့ အတ္ထုပ္ပတ္တိ အကျဉ်းကို ဖတ်သွားတဲ့ အတွက်ကြောင့် ကလေး ဘ၀ထဲက သင်္ကန်း ၀တ်ခဲ့တယ် ဆိုတာကို သိလို့ မေးတာ ဖြစ်မယ်လို့ ထင်ပါတယ်။ ပြီးတော့လည်း မေးမြန်းတဲ့သူက ငယ်ရွယ်သူ မိန်းကလေး တစ်ဦးပါ၊ သူကလည်း ငယ်ရွယ်စဉ်ထဲက ဂျာမဏီနိုင်ငံကို ရောက်နေတာဆိုတော့ သူ့ရဲ့ အတွေးအခေါ်တွေမှာ တော်တော်များများ အနောက်တိုင်း အတွေးအခေါ်တွေပဲ ပါဝင်နေတာကို သိရှိခဲ့ရပါတယ်။ ဥရောပဘက်မှာက ၁၈ နှစ်ကျော်ရင် ကိုယ်ပိုင် လွတ်လပ်ခွင့် အပြည့်ရှိနေပြီလေ၊ မိဘအုပ်ထိန်းမှု အောက်က လွတ်မြောက် သွားပြီ။ သူ့ကိုယ်ပိုင် ဆုံးဖြတ်ခွင့် ရှိနေပြီ၊ တားပိုင်ခွင့် မိဘတွေမှာ မရှိတော့ဘူး။ ဒါကြောင့်လည်း ဒီဘက်နဲ့ နှိုင်းယှဉ်ပြီး မေးမြန်းတာ ဖြစ်မယ်လို့လည်း ယူဆမိပါတယ်။

စာရေးသူ ငယ်စဉ် ကလေး ဘ၀ထဲက သင်္ကန်း ၀တ်ခဲ့တာဟာ မိဘများက ရှင်ပြုပေးခဲ့တဲ့ အတွက်ကြောင့်ပါ။ ဗုဒ္ဓဘာသာ ဓလေ့ထုံးတမ်း အစဉ်အလာ အရ ယောက်ျားလေး မှန်သမျှ ကလေးဘ၀မှာ မိဘများ ကိုးကွယ် ဆည်းကပ်ကြတဲ့ ဘုန်းကြီးကျောင်းမှာ ရှင်သာ မဏေ ပြုပေးလေ့ ရှိကြပါတယ်။ မိဘများကလည်း သူတို့ရဲ့ သားယောက်ျား ကလေးတွေကို ရှင်သာမဏေ ပြုပေးရမယ် ဆိုတဲ့ ဆန္ဒ သူတို့ရဲ့ ရင်ထဲမှာ အမြဲကိန်းဝပ်လျက် ရှိခဲ့ကြ ပါတယ်။ ရှင်သာမဏေ ပြုပေးလိုက်ရမှ သူတို့အတွက် တာဝန် ကျေတယ်လို့လည်း ယူဆထား ကြပါတယ်။ အဲဒါကြောင့် စာရေးသူလည်း ငယ်ငယ် ရွယ်ရွယ် ကလေးဘ၀မှာ သင်္ကန်းဝတ် ခဲ့ရခြင်း ဖြစ်ပါတယ်၊ သင်္ကန်းဝတ်ပြီးတဲ့ အခါမှာလည်း အနည်းဆုံး ခုနစ်ရက်ခန့် ၀တ်ကြရပါတယ်။ မပျော်လို့ လူဝတ်လဲလိုပါက လဲနိုင်ပြီး၊ ပျော်ရင်လည်း ပျော်သလောက် ဆက်ဝတ်လေ့ ရှိကြပါတယ်။ သင်္ကန်းဝတ် ရခြင်းနဲ့ ပတ်သက်လို့ သိနားလည်၍ ၀တ်ခဲ့ခြင်း မဟုတ်ပါ၊ သင်္ကန်းဝတ်စဉ် အခါမှာလည်း ဆရာဘုန်းကြီးရဲ့ တိုင်ပေးတာကို နောက်က လိုက်ဆိုပြီး ၀တ်ခဲ့တာပါပဲ။ ဘာကြောင့်ပဲ ၀တ်ခဲ့ရ ၀တ်ခဲ့ရ အဲဒီလို အလှူအတန်းပြုလုပ်ပြီး ၀တ်ပေးလိုက် ရတာကိုပဲ ရှင်သာမဏေရော၊ မိဘများ ဆွေမျိုးများပါ ပျော်ရွှင်ဝမ်းမြောက် နေကြတာကို တွေ့မြင် သိရှိခဲ့ရ ပါတယ်။ အဲဒီနောက် ဆရာဘုန်းကြီးမှ ဘာသာရေး အခြေခံ စာပေတွေကို တစ်စတစ်စ သင်ကြား ပေးခဲ့ပါတယ်။

အခြေခံစာပေများ အတန်အသင့် ရှိလာတဲ့အခါ သင့်ရာအပ်ပို့ ဆရာတို့ ဆိုတဲ့ ဆရာတို့ရဲ့ ၀တ္တရား အတိုင်း သင့်တော်မည့် နေရာကို ဆက်လက် ပို့ဆောင်ပေးပြီး ပညာရည်နို့ သောက်စို့ စေခဲ့ပါတယ်။ အဲဒီလိုနဲ့ အဆင့်ဆင့် စာပေ ကျမ်းဂန် ပညာရပ်များကို အတိုင်းအတာ တစ်ခုထိ သင်ယူခဲ့ပါတယ်။ သင်ယူပြီးတဲ့ အခါ ပျော်ရွှင်ချင်တဲ့ စိတ်ကို ဦးစားမပေးဘဲ သင်ယူ တတ်မြောက်ထားတဲ့ ပညာရပ်များကို ပြန်လည် ပို့ချပေးချင်၊ ဖြန့်ဖြူးပေးချင်တဲ့ ဆန္ဒတွေ ဖြစ်ပေါ်ခဲ့ပြီး အဲဒီဘက်ကိုပဲ ဦးစားပေးခဲ့ပါတယ်။ တစ်နည်းအားဖြင့် ပြောရမယ်ဆိုရင် ပရဟိတ စိတ်ဓာတ်၊ သာသနဟိတ စိတ်ဓာတ်များ ဖြစ်ပေါ်လာခဲ့ပါတယ်။ ဒါဟာလည်း မိဘ ဆရာ သမားများရဲ့ လမ်းညွှန်မှုရယ် ၊ ပင်ကိုယ် စိတ်ဓာတ်ရယ် တို့ကြောင့်လို့ ထင်မြင်မိပါတယ်။ အဲဒါကြောင့် ဆက်လက်ပြီး သာသနာ့ တာဝန်များကို စွမ်းနိုင်သမျှ ထမ်းဆောင်နေခြင်း ဖြစ်တဲ့အကြောင်း ဖြေကြားခဲ့ရပါတယ်။
ဗုဒ္ဓသာသန ရံသီ အသင်းဟာ ဂျာမဏီ နိုင်ငံ၊ ဖရန့်ဖို့မြို့ရဲ့ စည်ကား သည့် နေရာလို့ သတ်မှတ် လို့ရတဲ့ နေရာတွင် တည်ရှိပါတယ်။ သာယာ အေးချမ်းတဲ့ နေရာလည်း ဖြစ်သလို အပန်းဖြေ အနားယူရန် ကောင်းတဲ့ နေရာလည်း ဖြစ်ပါတယ်။ နံနက် စောစောဖြစ်စေ၊ ညနေပိုင်းဖြစ်စေ အနားယူ အပန်းဖြေ လမ်းလျှောက် ထွက်ရန် အလွန် သင့်လျော် လှပါတယ်။


အသင်း တိုက်ဟာ မြစ်ကမ်း အနီးတွင် တည်ရှိပါတယ်။ မြစ်ကမ်းခြေ တစ်လျှောက် ဂျာမဏီ မြို့သူ၊ မြို့သား အများအပြား နေ့စဉ် အပန်းဖြေကြ၊ အပြေး လေ့ကျင့်ကြ၊
စက်ဘီး စီးကြနဲ့ ကျန်းမာ ရေးနဲ့ အညီ လေ့ကျင့်ခန်း လုပ်လို့ အကောင်းဆုံး နေရာလည်း ဖြစ်ပါတယ်။ အချို့ ဆိုရင် အပျော်တန်းစီး လှေများ ငှားရမ်း ပြီး လှေလှော် ထွက်ကြ တာဟာလည်း ပျော်ရွှင် ကြည်နူးမှုကို ဖြစ်စေ သကဲ့သို့ ကိုယ်လက် လှုပ်ရှားမှုကို ဖြစ်စေပါတယ်။ ဖရန့်ဖို့ ဖြစ်ကမ်းပေါ်တွင် တံတား အစင်းပေါင်း များစွာကိုလည်း တည်ဆောက် ထားပါတယ်။ တံတားပေါင်း များစွာအနက် ဤတံတားဟာ သမိုင်းဝင် တံတား တစ်စင်းဖြစ်ပါတယ်။ ဒုတိယ ကမ္ဘာစစ် ဖြစ်ခဲ့ပြီး နောက်ပိုင်းမှာ ရုရှားအစိုးရမှ တည်ဆောက် ပေးထားတဲ့ တံတားဖြစ်ပါတယ်။ ကျန်တဲ့ တံတားများ အားလုံးဟာ အသစ် တည်ဆောက်ထားတဲ့ တံတားတွေချည်းပါပဲ။

ဖရန့်ဖို့မြို့ရဲ့ မြစ်ဆိုပေမယ့် မြန်မာ ပြည်က မြစ်များလို အကျယ်ကြီး မဟုတ်ပါ၊ မြန်မာပြည်က ချောင်းတွေ လောက်ပဲ ရှိပါတယ်။ သို့သော် သန့်ရှင်းမှု သပ်ရပ်မှုက အလွန်ပဲ ကွာခြားလှပါတယ်။ မြစ်ကမ်း တစ်လျှောက် ကတ္တရာလမ်း ခင်းပေးထားပြီး အနားယူ အပန်းဖြေရန်လည်း ထိုင်ခုံများ စီစဉ် ပေးထားပါတယ်။ ရေပေါ် စားသောက် ဆိုင်များကိုလည်း ဖွင့်လှစ် ရောင်းချ ပေးထားပါတယ်။ ဂျာမန် လူမျိုးတွေဟာ ခွေးကလေးများ ငှက်ကလေးများကို ချစ်ခင်ကြတာကို တွေ့မြင်ရပါတယ်။ မြစ်ကမ်းခြေ တစ်လျှောက်မှာ ခွေးကလေးများနဲ့ လမ်းလျှောက် ထွက်ကြတယ်။ ပြီးတော့ ရေဘဲများကို အစားကျွေး မွေးလေ့လည်း ရှိကြတယ်။ အခုရာသီဟာ နွေရာသီဖြစ်လို့ ရေဘဲငှက်များကို လာရောက်လွှတ်ပေးထားတာ ဖြစ်ပြီး ဆောင်းရာသီရောက်တဲ့အခါမှာ ရေဘဲငှက်များ အားလုံးကို ဖမ်းပြီး နွေးထွေးတဲ့ နေရာတွေ ထားပေးကြတယ်လို့ သိရပါတယ်။ ဒီက နွေရာသီဆိုပေမယ့် မြန်မာပြည်က ဆောင်းရာသီလောက် အေးနေပါ သေးတယ်။

အခုအချိန်မှာ ဂျာမဏီ နိုင်ငံ၊ ဖရန့်ဖို့မြို့ရဲ့ ရာသီဥတုဟာ အကောင်းဆုံး အချိန်လို့ ပြောလို့ရပါတယ်။ အအေး သက်သာတဲ့ အချိန်ဖြစ်လို့ပါပဲ။ နွေရာသီ အချိန်လို့ ဆိုကြပေမယ့် မိုးလည်း မကြာမကြာ ရွာလေ့ရှိပါတယ်။ နေထိုင်လို့ အကောင်းဆုံး အချိန်လည်း ဖြစ်ပါတယ်။ ၁၀ လပိုင်းရောက်ရင် ဆောင်းရာသီကို ရောက်မှာပါ၊ အဲဒီ အချိန်ဆိုရင် အပြင်မထွက်ချင် လောက်အောင် အေးလွန်းတဲ့အတွက် တိုက်ခန်းတွေထဲမှာ အနွေးပေး စက်တွေ အမြဲ ဖွင့်ထား ရတယ်၊ ဆီးနှင်း တွေကလည်း ထူထပ်စွာ ကျလေ့ ရှိတယ်လို့ သိရပါတယ်။ နံနက် စောစော ဒကာတစ်ဦးနှင့် အတူ လမ်းလျှောက်ထွက်ရင်း ဒကာ ပြောပြသမျှ အမှတ်တရ မှတ်တမ်း တင်ထား လိုက်ခြင်းဖြစ်ပါတယ်။


စာရေးသူ အိန္ဒိယ နိုင်ငံမှ မြန်မာ နိုင်ငံသို့ ပြန်ရောက်ပြီးနောက် ဂျာမဏီ နိုင်ငံသို့ ကြွရောက်ရန် ရန်ကုန်မြို့ရှိ ဂျာမဏီ သံရုံးတွင် ဗီဇာ လျှောက်ထား ခဲ့ရပါတယ်။ ဗီဇာရ ပြီး၍ ဂျာမဏီသို့ မကြွ ရောက်ခင် ဇာတိမြို့သို့ ပြန်ခဲ့ ပါတယ်။ စာရေးသူ ငယ်စဉ်က ပညာရည်နို့ သောက်စို့ ခဲ့တဲ့ မိခင် ကျောင်းတိုက်သို့ ပြန်ခဲ့ခြင်း ဖြစ်ပြီး ဆရာတော်နှင့် မိဘတို့အား အသိပေး လျှောက်ထားရန် အတွက် ဖြစ်ပါတယ်။ ဆရာတော်အား ဂျာမဏီနိုင်ငံသို့ စာရေးသူ ကြွရောက်ရမည့် အကြောင်း လျှောက်ထားရင်း ဂျာမဏီမှ ပင့်ဖိတ်သည့် စာကို ပြသခဲ့ပါတယ်။ ဆရာတော်မှ စာရေးသူအား ကြွရောက်ရမည့် ရက်ကို မေးမြန်းခဲ့ပါတယ်။ အဲဒီနောက် စာရေးသူအား ရန်ကုန်မှ ဦးရှုအောင် + ဒေါ်အေးအေးဝင်း မိသားစုတို့ သိက္ခာထပ် ပေးမည့် အကြောင်း မိန့်ကြားပါတယ်။ ဂျာမဏီသို့ မကြွခင် သိက္ခာထပ် အလှူတော် မင်္ဂလာကို ကွမ်းခြံကုန်းမြို့၊ ဓမ္မိကာရုံ ပရိယတ္တိ စာသင်တိုက်တွင် ကျင်းပ ပြုလုပ်ခဲ့ပါတယ်။




မေတ္တာ ဖွံ့ဖြိုးရေး ဖောင်ဒေးရှင်းမှ အလှူရှင် ဦးလွင်သိန်း + ဒေါ်တင်အေး၊ ဒေါ်အေးအေးဝင်း၊ ဒေါ်စန်းစန်းနုတို့ သိက္ခာထပ်ရန် သင်္ကန်း ပရိက္ခရာများ ဆက်ကပ်နေစဉ်









မေတ္တာ ဖွံ့ဖြိုးရေး ဖောင်ဒေးရှင်း ဒကာမကြီး ဒေါ်တင်အေးနှင့် အတူ နေ့ဆွမ်း ဆက်ကပ်နေစဉ်




ဖရန့်ဖို့မြို့၊ ဗုဒ္ဓသာသန ရံသီတွင် သီတင်းသုံးရန် အသင်း အမှုဆောင် များက ပင့်ဖိတ်ခဲ့ကြ သဖြင့် ဂျာမဏီနိုင်ငံ၊ ဖရန့်ဖို့မြို့သို့၊ မလေးရှား အဲယားလိုင်းဖြင့် ထွက်ခွါခဲ့ ပါတယ်။ ဂျာမဏီ နိုင်ငံသို့ ရန်ကုန်မှ မလေးရှားသို့ ဦးစွာ ထွက်ခွါခဲ့ပြီး မလေးရှားမှ တစ်ဆင့် ဖရန့်ဖို့မြို့သို့ ဆက်လက် ထွက်ခွါခဲ့ ရပါတယ်။ မလေးရှား လေဆိပ်တွင် ဖရန့်ဖို့သို့ ပျံသန်းထွက်ခွါမည့် လေယာဉ် စောင့်ဆိုင်း နေစဉ် ဖရန့်ဖို့မြို့တွင် နေထိုင်တဲ့ မြန်မာပြည်မှ ဒကာ တစ်ဦးနဲ့ ဆုံတွေ့ခဲ့ပြီး ဒကာနဲ့ အတူ ဖရန့်ဖို့မြို့သို့ ထွက်ခွါခဲ့ပါတယ်။ ဒကာရဲ့ နာမည်က ဦးတင်ထွန်းပါ။ ဒကာ ဦးတင်ထွန်းရဲ့ အကူအညီဖြင့်လည်း အစစအရာရာ အဆင်ပြေ ချောမွေ့ခဲ့တဲ့ အတွက် အထူးပင် ကျေးဇူးတင် ခဲ့ရပါတယ်။



ဗုဒ္ဓသာသနရံသီ အသင်း အမှုဆောင် ဦးသိန်းယု၊ ဦးတင်ထွန်း တို့နှင့် ဂျာမဏီနိုင်ငံ၊ ဖရန့်မြို့၊ ဖရန့်ဖို့ လေဆိပ်တွင် တွေ့ဆုံခဲ့ ကြစဉ်က အမှတ်တရ





အသင်း အမှုဆောင် ဦးသိန်းယု၊ ကိုအောင်ဇေယျ (ခ) ကိုဖိုးလပြည့်တို့ ဖရန့်ဖို့ လေဆိပ်တွင် ကြိုဆိုခဲ့စဉ်က အမှတ်တရ

ဝိသိဋ္ဌ ဥဘတောဝိဘင်္ဂဓရဘွဲ့၊ သာသနဓဇဓမ္မာစရိယဘွဲ့၊ သာမဏေကျော်ဘွဲ့၊ ၀ိနယ၀ိဒူဘွဲ့၊ ၀ိသိဋ္ဌအင်္ဂုတ္တရ၀ိဒူဘွဲ့များရ အရှင်ပညာဓဇာလင်္ကာရ အား ရေးစပ်ပူဇော်သည့် ရှစ်ဆယ်ပေါ်တေးထပ်

· ပိဋကတ်တော် စာသဘင်ပွဲ

· ဆင်ကာနွှဲဖို့ နေ့ညစဉ်

· ရည်သန်ဇွဲ မြတ်အရှင်မှာ

· အောင်ပွဲဝင် ဂုဏ်ရည်နှင်း

· ဓမ္မိကာရုံတိုက် တပည့်လိမ္မာ

· အသိပညာ ထွန်းတောက်လာခြင်း။

v ခက်ခဲလှ အဆင့်မြင့်ပညာ

v ဖူးပွင့်ဝေဆာ အရှင်သား

v ထူးတင့်ဂုဏ်ဖြာ ပြိုင်ယှဉ်ရှားပါလို့

v ဇာနည်တစ်ပါး အောင်ပွဲဆင်

v ၀ိနည်းဒေသနာ အာဂုံကျက်

v ဥာဏ်စွမ်းထက်သည့် အာဂ … အရှင်……….

Ø ၀ိသိဋ္ဌနှင့် ဂုဏ်ထူးဝင်

Ø ကွမ်းခြံတစ်ခွင် ကျော်ကြား

Ø ပရိယတ်နယ်တွင် ခန့်ငြားပါလို့

Ø ထင်ရှားမည့် ဘွဲ့များပိုင် … ရှင်…….

Ø အရှင်ပညာဓဇာလင်္ကာရ ဂုဏပူဇာ

Ø ကျောင်းတိုက်သာသနာ မော်ကွန်းတင်ဖို့လေး ……..

Ø ဥဘတောဝိဘင်္ဂဓရ အရှင့်ပညာ

Ø နေလပမာ ထွန်းပနိုင်ဖို့လေး……

အရှင်ပညာဝံသ (ကွမ်းခြံကုန်း)


မွေးနေ့ပွဲကို လူမျိုးအသီးသီး၊ ဘာသာဝင်အသီးသီး ပြုလုပ်ကျင်းပလေ့ရှိကြ၏။ သို့သော် ကိုးကွယ်သည့်ဘာသာ တရားအလိုက်၊ ယဉ်ကျေးမှုအလိုက်၊ အရပ်ဒေသအလိုက်၊ ချမ်းသာကြွယ်ဝမှုအလိုက် ကွဲပြားခြားနားမှုကား ရှိတတ်စမြဲဖြစ်၏။ မည်သို့ပင်ရှိကြစေကာမူ မွေးနေ့ပွဲကျင်းပခြင်းသည် ကာယကံရှင်နှင့် မိတ်ဆွေသူငယ်ချင်း အပေါင်းအသင်းများအားလုံး ပျော်ရွှင်ချမ်းမြေ့မှုကို ဖြစ်ပေါ်စေသည်မှာ အမှန်တကယ်ပင်ဖြစ်၏။ မွေးနေ့ရှင်က မွန်မွန်မြတ်မြတ် ကျွေးမွေးဧည့်ခံခြင်းပြုသကဲ့သို့ မိတ်ဆွေသူငယ်ချင်း၊ ဆွေမျိုးများကလည်း အမှတ်တရ လက်ဆောင်ပစ္စည်းများ ၀မ်းပန်းတသာ ပေးလေ့ရှိကြ၏။ ဆုတောင်းမေတ္တာများလည်း ပို့သပေးကြ၏။ တစ်ဦးက စေတနာ၊ တစ်ဦးကမေတ္တာဟု ဆိုရမည်ဖြစ်၏။ ဗုဒ္ဓဘာသာဝင်များသည် များသောအားဖြင့် မွေးနေ့ကုသိုလ် လုပ်တိုင်း ရဟန်းသံဃာတော်များကို ပင့်ဖိတ်၍သော်လည်းကောင်း၊ မိမိတို့ ကိုးကွယ်ဆည်းကပ်ကြသည့် ကျောင်းတိုက်များသို့ သွားရောက်၍သော်လည်းကောင်း၊ ဘုရားစေတီပုထိုးများသို့ သွားရောက်၍သော် လည်းကောင်း အလှူဒါနများ ပြုလုပ်ကြ၏။ သီလဆောက်တည်မှုများလည်း ပြုလုပ်ကြ၏။ မေတ္တာဘာဝနာ စသည့် တရားဘာဝနာများလည်း ပွားများအားထုတ်လေ့ရှိကြ၏။ အတုယူသင့်၊ လိုက်နာသင့်သော အပြုအမူဟု ဆိုရမည်လည်း ဖြစ်၏။

လူအများမွေးနေ့ပွဲ ကျင်းပပြုလုပ်လေ့ရှိကြသကဲ့သို့ ရဟန်းသံဃာတော်များလည်း မွေးနေ့ပွဲကို ကျင်းပပြုလုပ်လေ့ ရှိကြ၏။ ရဟန်းသံဃာတော်များ၏ မွေးနေ့ပွဲသည်လည်း လူအများ၏ မွေးနေ့ပွဲကဲ့သို့ပင် ပျော်ရွှင်ချမ်းမြေ့မှုကို ဖြစ်စေခဲ့ပါ၏။ အကြောင်းမှာ ဘုရားအမှူးရှိသော ပင့်သံဃာတော်များအား ဆွမ်းခဲဖွယ်ဘောဇဉ်တို့ဖြင့် ဆက်ကပ်လုပ်ကျွေး လှူဒါန်းပူဇော်ခွင့်ကို ရကြသောကြောင့်ဖြစ်၏။ ထို့ပြင် ကြွရောက်တော်မူလာကြသည့် ဆရာတော်ကြီးများထံမှ မွေးနေ့ပွဲနှင့် ပတ်သက်သည့် တရားဓမ္မများကို နာကြားကြရခြင်းဟူသော ဓမ္မဿဝန ကုသိုလ်အခွင့်ရေးကို အထူးတလည် ရလိုက်ခြင်းကြောင့်လည်းဖြစ်၏။ ဤကဲ့သို့သော ရဟန်းသံဃာတော်များ၏ မွေးနေ့ပွဲ အတော်တော်များကို တွေ့ကြုံခဲ့ဖူး၏။ ကြည်နူးဝမ်းမြောက်မှုနှင့်အတူ ဓမ္မဿဝန ကုသိုလ်မင်္ဂလာအထူး ကိုလည်း ရရှိခဲ့ဖူးပါ၏။ တွေ့ကြုံခဲ့ဖူးသည့် မွေးနေ့ကုသိုလ်များအနက် ယခုတင်ပြလိုသည့် မွေးနေ့ကုသိုလ်ပွဲမှာ လေးစားကြည်ညိုခဲ့ရပါသော ဆရာမြတ်၏ မွေးနေ့ကုသိုလ်ပင် ဖြစ်၏။

ဆရာမြတ်၏ မွေးနေ့ပွဲကို နှစ်စဉ် တပို့တွဲလပြည့်နေ့တွင် ကျင်းပလေ့ရှိ၏။ ဤမွေးနေ့ပွဲသည် စည်ကားပြီး စိတ်ဝင်စားဖွယ်ကောင်းသော မွေးနေ့ပွဲလည်းဖြစ်၏။ ဤမွေးနေ့ရှင် ဆရာမြတ်သည်ကား ဓမ္မိကာရုံကျောင်းတိုက် ကို ပရိယတ္တိစာသင်တိုက်အဖြစ် စတင်တည်ထောင်ခဲ့သည့် ဆရာတော်ဘဒ္ဒန္တ၀ိသုဒ္ဓ မထေရ်မြတ်ပင် ဖြစ်၏။ ဆရာတော်သည် နှစ်စဉ် တပို့တွဲလပြည့်နေ့ရောက်တိုင်း ထမနဲထိုးကာ မွေးနေ့ပွဲအထိမ်းအမှတ်အဖြစ် ဆရာတော် သံဃာတော်များ၊ ဧည့်ပရိသတ်များအား လှူဒါန်းဧည့်ခံကျွေးမွေးလေ့ရှိ၏။ ဆရာတော်၏ မွေးနေ့ပွဲသည် အခြားအခြားမွေးနေ့ပွဲတို့နှင့် မတူဘဲ၊ တစ်မူထူးခြားစွာ ထမနဲဖြင့် တည်ခင်းဧည့်ခံသောကြောင့် မေ့ပျောက်ရန်ခဲယဉ်းလှ၏ဟု ဆိုရမည်ဖြစ်၏။ နှစ်စဉ် တပို့တွဲလ ဆောင်းလရာသီနှင့်အညီ ကျွေးမွေးဧည့်ခံသည့် မွေးနေ့ပွဲဟုလည်း တင်စားကာ ခေါ်ဆိုသင့်၏။ တပို့တွဲလတွင် ထမနဲပွဲရှိသည်ဟု ငယ်စဉ်ကလေးဘ၀က ကျောင်းသင်ခန်းစာတွင် သင်ယူခဲ့ကြရ၊ ဖတ်ခဲ့ကြရ၏။ သို့သော်လည်း ထမနဲထိုးပွဲကို ငယ်စဉ်က တစ်ခါမျှမမြင်ဖူး ခဲ့သကဲ့သို ထမနဲဆိုသည်မှာ အဘယ်ကဲ့သို့ အရာမျိုးဖြစ်သည်ဆိုသည်ကိုလည်း မသိရှိခဲ့ဖူးပါ။ အကြောင်းမှာ အောက်ပြည်အောက်ရွာများတွင် ထမနဲထိုးသည့် ဓလေ့ထုံးစံမရှိသလောက်ပင် ရှားပါးလှသောကြောင့် မမြင်းဖူးခြင်း၊ မသိရှိကြခြင်းဖြစ်၏။ ဤမြို့တွင်လည်း ဆရာတော်၏ ကျောင်းတိုက်မှာပင် ထမနဲထိုးသည့် အလေ့အထ ရှိသည်ဟုသာ ထင်မြင်မိ၏။ ဆရာတော်သည် မေတ္တာဓာတ်ကြီးမားသူ၊ သည်းခံရောင့်ရဲတတ်သူ လည်း ဖြစ်၏။ ထို့ကြောင့်လည်း ဆရာတော်ကို တပည့်များ၊ မိတ်ဆွေများ၊ ဒကာ၊ ဒကာမများက ချစ်ကြောက် ရိုသေ ကြည်ညိုကြ၏။ လေးစားမြတ်နိုးကြ၏။ ဆရာတော်၏ မွေးနေ့ပွဲကိုလည်း တပည့်များ၊ ဒကာ၊ ဒကာမများ နှစ်စဉ်လာရောက်အားပေးကြ၏။

ယခုအခါ ဆရာတောကြီးလွန်တော်မူခဲ့သည်မှာ ဆယ်စုနှစ်တစ်ခုအထိ ကြာမြင့်ခဲ့ပြီဖြစ်၏။ သို့သော်လည်း ဆရာတော်ကြီးရှိစဉ်က ကျင်းပခဲ့သည့် မွေးနေ့ပူဇော်ပွဲကိုကား လက်ရှိဆရာတော်နှင့် တပည့်များ၊ ဒကာ၊ ဒကာမများက စိတ်အားထက်သန်စွာ ကျင်းပပူဇော်လျက်ရှိကြ၏။ တပို့တွဲလပြည့်နေ့ရောက်တိုင်း ဆရာတော်ကြီး၏ မွေးနေ့ကို ကျင်းပပြုလုပ်ပြီး ဆရာတော်ကြီးအတွက် လွမ်းဆွတ်သတိရသည့်အနေဖြင့် ကုသိုလ်ကောင်းမှုများကိုလည်း နှစ်စဉ်ပေးဝေလျှက်ရှိ၏။ ဆရာတော်ကြီး ကောင်းမြတ်သောသုဂတိဘုံဌာနသို့ တက်လှမ်းနိုင်ပါစေဟူသော သမ္မာဆန္ဒများလည်း အသီးသီးထားရှိကြကာ ပေးဝေကြခြင်းလည်း ဖြစ်၏။

ဤးမွေးနေ့ မွေးရက်သို့ရောက်တိုင်း မွေးနေ့ပွဲနှင့်အတူ စာအောင်သံဃာပူဇော်ပွဲကိုလည်း ပူးတွဲကျင်းပပေးလျှက် ရှိ၏။ စာအောင်သံဃာပူဇော်ပွဲမှာ နိုင်ငံတော်အစိုးရမှ နှစ်စဉ်ကျင်းပပြုလုပ်ပေးလျှက်ရှိသော ပါဠိပထမပြန် စာမေးပွဲတွင် ဤကျောင်းတိုက်မှ ၀င်ရောက်ဖြေဆိုအောင်မြင်ခဲ့သော စာသင်းသား ရဟန်း၊ သာမဏေများကို ကျောင်းဒကာ၊ ကျောင်းဒကာမများမှ လှူဒါန်းထောက်ပံ့ ချီးမြှောက်ပူဇော်သည့်ပွဲဖြစ်၏။ အနယ်နယ်အရပ်ရပ်မှ ဤကျောင်းတိုက်တွင် လာရောက်ပညာသင်ယူနေကြသော စာသင်သားများအား စာသင်တိုက်တည်ထောင် သည်မှစ၍ နှစ်စဉ်နှစ်တိုင်း ထောက်ပံ့လှူဒါန်းနေမြဲ၊ လှူဒါန်းနေဆဲလည်းဖြစ်၏။ စာအောင်သံဃာပူဇော်ပွဲကိုပါ ပူးတွဲကျင်းပသည့် မွေးနေ့ပွဲဖြစ်ခြင်းကြောင့် ပင့်သံဃာတော်အရှင်မြတ်များနှင့် ကျောင်းတိုက်အတွင်းရှိ စာသင်သား သံဃာတော်များအား အရုဏ်ဆွမ်း၊ နေ့ဆွမ်း၊ အချိုပွဲများဖြင့် ဝေေ၀ဆာဆာ ဆက်ကပ်လှူဒါန်းမှုကိုလည်း ဆောင်ရွက်ကြရ၏။ နှစ်စဉ် ဤနေ့ ဤရက်ရောက်တိုင်း အရုဏ်ဆွမ်းအလှူရှင်၊ နေ့ဆွမ်းအလှူရှင်နှင့် အချိုပွဲအလှူရှင်များ အသီးသီးရှိနေကြပြီးဖြစ်၏။ ဆရာတော်၏ ဘုန်းကံ၊ သံဃာတော်များ၏ ဘုန်းကံကြောင့် ဒကာ၊ ဒကာမများ သဒ္ဓါတရားထက်သန်ပြီး လှူဒါန်းနိုင်ကြခြင်းဖြစ်နိုင်၏။ ၀မ်းမြောက်ဖွယ်ကောင်းလှသည့် အလှူပွဲဖြစ်ပါ၏။ သာဓုနုမော် အကြိမ်ကြိမ်လည်း ခေါ်ဆိုထိုက်ပါ၏။ ပရိယတ္တိသာသနာတော်ကို ချီးမြှောက်သည့်ပွဲ၊ ပရိယတ္တိသာသနာ့ ရေသောက်မြစ် ရှင်သန်ထွားကြိုင်းပြီး ပဋိပတ္တိ သာသနာအခက်အလက်များ ဝေဆာလာအောင် ရေသွန်းလောင်းပေးသည့်ပွဲလည်း ဖြစ်ပါ၏။

ဆရာတော်၏ သင်ကြားပြသမှု၊ ကျောင်းဒကာ၊ ကျောင်းဒကာမများ၏ လှူဒါန်းထောက်ပံ့မှုများကြောင့် တပည့်ပေါင်းများစွာကို ဤစာသင်တိုက်မှပင် မွေးထုတ်ပေးနိုင်ခဲ့၏။ အနယ်နယ်အရပ်ရပ်တွင်လည်း ကျောင်းထိုင်ဆရာတော်များ၊ စာချဆရာတော်များ၊ ကမ္မဌာန်းနည်းဆရာတော်များ စသည်ဖြင့် အသီးသီးပေါ်ထွန်းနေခဲ့သည်ကိုလည်း မျက်မြင်ကိုယ်တွေ့ သိရှိနေကြရ၏။ ဆက်လက်၍လည်း ဤပရိယတ္တိစာသင်တိုက် တည်ရှိနေသမျှ၊ ကျောင်းဒကာ၊ ကျောင်းဒကာမများ လှူဒါန်းထောက်ပံ့မှုရှိနေသမျှ ဆရာတော်၏ တပည့်မျိုးဆက်သစ်များ အစဉ်အမြဲ အသီးသီး ပေါ်ထွန်းလျှက် ရှိနေမည်မှာလည်း မလွဲဧကန် အမှန်ပင်ဖြစ်၏။ ဤကဲ့သို့ မျိုးဆက်သစ်များ အစဉ်အမြဲပေါ်ထွန်းနေခြင်းသည် အနာဂတ်သာသနာတော်အတွက် အားတက်စရာပင်ဖြစ်၏။ လက်ဆင့်ကမ်းပြီး သာသနာ့တာဝန်များကို ကျေပွန်စွာထမ်းဆောင်သွားကြမည်ဟု လည်း ယုံကြည်မိပါ၏။ သို့မှသာ ဗုဒ္ဓ၏အဆုံးအမတရားတော်များ ဆက်လက်ပြန့်ပွားနိုင်မည်ဖြစ်၏။ အနာဂတ်ရဲ့ သာသနာ စာသင်ငယ်တို့ လက်ထဲမှာဆိုသည့်အတိုင်း အနာဂတ်သာသနာတော် အစဉ်တည်တံ့ပြန့်ပွားရန်မှာ စာသင်ပျိုနု သောတုဇနတို့၏ ထက်မြက်သည့် ဥာဏ်ပညာ၊ ကြိုးစားအားထုတ်မှု လုံ့လ၀ီရိယတို့ အပေါ်တွင် များစွာတည်မှီနေသည်ဟု ထင်မြင်မိ၏။ အမြှော်အမြင်နှင့် ပြည့်စုံရန်လည်း အထူးပင်လိုအပ်လျက်ရှိ၏။ တတ်မြောက်ထားသည့် အသိပညာ၊ အတတ်ပညာများကိုလည်း ဗုဒ္ဓဘာသာရင်သွေးငယ်များအား ဘာသာရေးအသိအမြင်များ နိုးကြားလာအောင် တစ်ဆင့်ဖြန့်ဖြူးဝေငှ ပေးရမည်လည်းဖြစ်၏။ ထို့ပြင် လူမှုရေး၊ ကျန်းမာရေး စသည်တို့ကိုလည်း တစ်ဖက်တစ်လမ်းမှနေ၍ ကူညီစောင့်ရှောက်မှုပြုသင့်၏။ ဤသို့ပြုမူဆောင်ရွက်ခြင်းသည် ဗုဒ္ဓသာသနာတော်အား ကြီးပွားတိုးတက် ပြန့်ပွားအောင် ဆောင်ရွက်ရာလည်း ရောက်သကဲ့သို့ အသိပညာ အတတ်ပညာများကို သင်ကြားပေးခဲ့ကြသည့် ဆရာအရှင်တို့၏ ကျေးဇူး၊ ထောက်ပံ့လှူဒါန်း ပူဇော်မှုကို ပြုခဲ့ကြ၊ ပြုနေကြဆဲ၊ အစဉ်အမြဲလည်း ပြုနေကြမည့် ဒကာ၊ ဒကာမများ၏ ကျေးဇူးတို့ကို ကျေပွန်စွာ ပေးဆပ်ရာလည်းရောက်၏။

စာသင်သား သောတုဇနတို့သည် အမျိုးဂုဏ်၊ ဇာတိဂုဏ်ကို ချစ်မြတ်နိုးသော စိတ်ဓာတ်များ နိုးကြားထက်သန် နေသင့်၏။ ယနေ့လူငယ် နောင်ဝယ်လူကြီးဆိုသည့်အတိုင်း တစ်နေ့နေ့ တစ်ချိန်ချိန်မှာ အကြီးအကဲ ခေါင်းဆောင်များ ဖြစ်လာကြမည်မှာ အမှန်ပင်ဖြစ်၏။ အကြီးအကဲဖြစ်လာပါက အကြီးအကဲနှင့် ထိုက်သန်သည့် အရည်အချင်းရှိနေရမည့်၊ ရှိနေသင့်သည့်အချက်ကိုလည်း အထူးသတိပြုသင့်၏။ အရည်အချင်းရှိမှလည်း အများ အကျိုး၊ အမျိုးဘာသာ သာသနာအကျိုးတို့ကို စွမ်းစွမ်းတမံဆောင်ရွက်နိုင်မည်၊ အောင်မြင်အောင် လုပ်ဆောင်နိုင်မည်ဖြစ်၏။ တိုးတက်ကြီးပွား အောင်မြင်နေကြသည့် သာသနာ့ခေါင်းဆောင်ကြီးများကို ကြည့်လျှင် ဤအချက်ကို ကောင်းစွာတွေ့မြင်ရမည်ဖြစ်၏။ ထို့ကြောင့် မွေးနေ့ပွဲနှင့် ထမနဲ (သို့မဟုတ်) စာအောင် သံဃာပူဇော်ပွဲမှသည် အသိအမြင်များတိုးပွားလာပြီး အတ္တဟိတ၊ ပရဟိတ အကျိုးတို့ကို သယ်ပိုးရွက်ဆောင်နိုင် မည့် အရည်အချင်းပြည့်ဝသော သာသနာပြုခေါင်းဆောင်ကောင်းများ ပေါ်ထွန်းလာပါစေဟု ဆန္ဒပြုလျက် ဂုဏ်ပြုရေးသားပူဇော်လိုက်ပါ၏။


စာရေးသူသည် ၂၀၀၈ ခုနှစ်တွင် ဇာတိမြို့၏ မိခင်ကျောင်းတိုက်မှာ ၀ါဆိုဖြစ်ခဲ့၏။ ဤ ၂၀၀၈ ခုနှစ်သည်ကား စာရေသူတို့ တစ်မြို့လုံး ဒုက္ခပင်လယ်ဝေခဲ့ရသည့် နှစ်လည်းဖြစ်ပါ၏။ အကြောင်းမှာ ၂၀၀၈ ခုနှစ်၊ မေလ ၂ ရက်နေ့ညတွင် ဆိုးရွားစွာ တိုက်ခတ်ဖျက်ဆီးခဲ့သည့် နာဂစ်ဆိုင်ကလုံမုန်တိုင်းကြောင့် လူပေါင်းများစွာ၊ တိရစ္ဆာန်ပေါင်းများစွာ အသက်ဆုံးရှုံးခဲ့ရ၊ အိုးမဲ့ အိမ်မဲ့ဖြစ်ခဲ့ရသောကြောင့်ဖြစ်၏။ ထို့ကြောင့် ဇာတိမြို့သို့ ပြန်ရောက်ခဲ့ပြီး ဆရာတော်အား ဖူးမြှော် အလ္လာပ သလ္လာပ စကားများပြောဆိုလျှောက်ထားပြီး၊ မိဘရပ်ထံ သို့လည်း ပြန်ခဲ့၏။ ထို့နောက်ဇာတိမြို့ မှာရှိသည့် မိခင်ကျောင်းတိုက်သို့ ပြန်လာခဲ့၏။ ကျောင်းတိုက်သို့ ရောက်ပြီး မကြာခင်ပင် ဆရာတော်၏ တပည့်တစ်ပါး စာရေးသူထံရောက်လာကာ ဆရာတော်က ဘယ်စာဝါပို့ချ မှာလည်း မေးခိုင်းလိုက်လို့ဆိုပြီး လာရောက်မေး မြန်း၏။ စာရေးသူလည်း ဘာပြန်ပြောရမှန်းမသိအောင် ချက်ချင်းတွေဝေသွားခဲ့၏။ စာရေးသူက မြို့ကြီးသို့ ပြန်ပြီး ၀ါဆိုမည်။ ပညာရေးအတွက် ပြင်ဆင်စရာရှိသည် များကို ပြင်ဆင်မည်ဟု စိတ်ကူးထားသောကြောင့်ဖြစ်၏။ သို့သော်လည်း ဆရာတော်အပေါ် ချစ်ကြောက်ရိုသေ သည်ကတစ်ကြောင်း၊ မြို့ကြီးသို့ပြန်ပြီး ၀ါဆိုမည်ဟု မလျှောက်ထားဝံ့သည်ကတစ်ကြောင်း၊ လက်ရှိအခြေ အနေအရ ကူညီသင့်သည်ဟု သိရှိနားလည်မိသည်ကတစ်ကြောင်း စသည့်အကြောင်းတို့ကြောင့် ဆရာ တော် အမိန့်ရှိသည့် စာဝါကို ပို့ချပါမည်ဟု အကြောင်းပြန်ခဲ့၏။ စာဝါပို့ချပါမည်ဟု အကြောင်းပြန်လျှောက် ထားခဲ့သော်လည်း စာဝါများနှင့် ကင်းကွာနေခဲ့သည်မှာ နှစ်ပေါင်း ၁၅ နှစ်ကျော်ခဲ့ပြီဖြစ်၏။ ပို၍အခက်အခဲနှင့်ကြုံ ခဲ့သည်မှာ စာရေးသူ တစ်နေ့နေ့ တစ်ချိန်ချိန်တွင် စာဝါပြန်ပို့ချမည်ဟူသော ရည်ရွယ်ချက်ဖြင့် ငယ်စဉ်က သင်ယူ လေ့လာခဲ့သော မှတ်စုစာအုပ်များကို သိမ်းဆည်းထားခဲ့၏။ သို့သော် နာဂစ်ဆိုင်ကလုံမုန်တိုင်းကြောင့် စာအုပ်စာတမ်များလည်း ပျက်စီးခဲ့ရ၏။ ထို့ကြောင့်လည်း စာအုပ်များရှာဖွေလျက် စာဝါပြန်လည်ပို့ချနိုင်ရန် ပြင်ဆင်ခဲ့ရ၏။ ထို့ပြင် ဇာတိမြို့တွင် ပြန်၍၀ါမဆိုဖြစ်ခဲ့သည်မှာ အတော်ပင်ကြာညောင်းခဲ့ပြီဖြစ်၏။ ဆရာ ဘုန်းကြီး၏ ဆန္ဒကို ဖြည့်ဆည်းသောအားဖြင့် ၀ါဆိုခဲ့ခြင်းလည်း ဖြစ်ပါ၏။ ဤသို့ဖြင့် မိခင်ကျောင်းတိုက် ဆရာသမား၏ မေတ္တာရင်ခွင်အောက် ခိုလှုံလျက် စာဝါပို့ချမှုနှင့် တိုက်တာဝေယျာဝစ္စတို့ကို တတ်နိုင်သမျှ ဆောင်ရွက်ခဲ့ရ၏။ အတိုင်းအတာတစ်ခုအထိ ပေးဆပ်ခွင့်ရရှိခဲ့၍လည်း ၀မ်းမြောက်ခဲ့ရပါ၏။

ငယ်စဉ်က ပညာရည်နို့အတူတူသောက်စို့ခဲ့ကြသည့် သူငယ်ချင်းများ မိခင်ကျောင်းတိုက်မှာ တစ်ပါးမျှမရှိကြ သည်ကို တွေးပြီးလွမ်းဆွေးမှုလည်း ဖြစ်ခဲ့သေး၏။ ငယ်စဉ်က ဆရာ့ထံမှာ စာပြန်၊ စာတက်၊ စာကျက်နှင့် ဆင်းဆင်းရဲရဲ အပင်ပန်းခံခဲ့ကြရပုံများကိုလည်း ပြန်လည်သတိရမိခဲ့၏။ အချိန်ကာလ၏ ရွေ့လျားမှုနှင့်အတူ သူငယ်ချင်းများ နေရာဌာနအသီးသီးမှာ ကျောင်းထိုင်ဆရာတော်များဖြစ်နေကြ၏။ သူငယ်ချင်းများ ကျောင်း ထိုင်ဆရာတော်များဖြစ်နေကြသည်ကို တွေ့မြင်ကြားသိရ၍လည်း ၀မ်းမြောက်ကြည်နူးခဲ့ရ၏။ စာရေးသူလည်း စာဝါပို့ချ၊ ကျောင်းတိုက်ဝေယျာဝစ္စများကို ဆောင်ရွက်လျက်နှင့်ပင် ၀ါလကင်းလွတ် သီတင်းကျွတ်ခဲ့၏။ ၀ါကျွတ်သည့်အခါ ဆွမ်းအောင်ပွဲများ ဆွမ်းဆန်စိမ်းလောင်းလှူပွဲများ နှစ်ကျိပ်ရှစ်ဆူဘုရားများ လှည့်လည်ပူဇော်ပွဲများနှင့် စာရေးသူတို့မြို့တွင် အလွန်ပင်စည်ကားလျက်ရှိသည်ကို တွေ့မြင်ခဲ့ရ၏။ ငယ်စဉ်ကတွေ့ကြုံခဲ့ဖူးသည့် နှစ်ကျိပ်ရှစ်ဆူပူဇော်ပွဲများနှင့်မတူဘဲ တစ်မူထူးခြားပြီး ခြိမ့်ခြိမ့်သဲသဲ ကျင်းပကြသည်ကိုလည်း စိတ်ဝင်စားဖွယ်ရာ ဖူးတွေ့ခဲ့ရ၏။ ထို့ပြင် ကထိန်ပွဲများကိုပါ ဆက်လက်ကျင်းပကြ၏။ စာရေးသူ၏ သူငယ်ချင်းများသည် ကျောင်းထိုင်ဆရာတော်များဖြစ်နေကြသဖြင့် သူတို့၏ကျောင်းတိုက် ကထိန် များတွင် စာရေးသူကိုပါ ကြွရောက်ရန်ပင့်ဖိတ်ကြ၏။ တချို့သူငယ်ချင်း ကျောင်းတိုက်များတွင် ကထိန်အနုမောဒနာ တရားကို ဟောကြားပေးရန် တိုက်တွန်းကြသဖြင့် ဟောကြားခဲ့ရသည်လည်းရှိ၏။

စာရေးသူလည်း အားပေးသည့်အနေဖြင့် စွမ်းနိုင်သမျှ ကြိုးစားပြီး မ၀ံ့မရဲနှင့် သူငယ်ချင်း ကျောင်းထိုင်ဆရာတော် များကြားတွင် ဟောကြားခဲ့၏။ သူငယ်ချင်းက တိုက်တွန်း၍သာ ဟောကြားခဲ့ခြင်းဖြစ်သော်လည်း တရားဟော လေ့ ဟောထမရှိခဲ့သည်မှာ နှစ်နှင့်ချီ၍ ကြာမြင့်ခဲ့ပြီဖြစ်၏။ ထို့ကြောင့် အဆင်ပြေအောင်ကြိုးစားပြီး ဟောမည်ဟု တွေးကာ ဟောကြားခဲ့ရ၏။ စာရေးသူဟောကြားခဲ့သောတရားမှာ ကထိန်အနုမောဒနာ တရားဆိုသော်လည်း အလှူအားလုံးနှင့် သင့်လျော်မည့် အကြုံးဝင်မည့်တရားကိုသာ အဓိကထားကာ ဟောကြားခဲ့ပါ၏။ ထို့ကြောင့် လည်း တရားတော်၏နာမည်ကို သူတော်ကောင်းတို့၏ အလှူဟု နာမည်ပေးကာ ဟောကြားခဲ့ခြင်းဖြစ်ပါ၏။ အလှူတတ်စေချင်၊ အလှူမြတ်စေချင်သော ရည်ရွယ်ချက်ဖြင့် ဤတရားစကာားကို ဟောကြားခဲ့ခြင်းလည်းဖြစ် ပါ၏။

ဤတရားတော်သည် အင်္ဂုတ္တရနိကာယ် ပဉ္စကနိပါတ်ထဲမှာပါသည့် သပ္ပုရိသဒါနသုတ်ဖြစ်၏။ ဤသုတ္တန်တရား တော်ကိုပဲ မြန်မာနာမည်နှင့် သင့်လျော်အောင် သူတော်ကောင်းတို့၏ အလှူဟု နာမည်ပေးထားခြင်းဖြစ်၏။ မင်းကွန်းတိပိဋက ဆရာတော်ကြီးသည်လည်း ဤတရားတော်ကို ဟောကြားပြီး စာအုပ်ထုတ်ဝေဖြန့်ချိထား၏။ ဆရာတော်ကြီး၏ စာအုပ်ထဲမှာ ပြည့်ပြည့်စုံစုံ ဟောကြားထားသည်ကို တွေ့ရ၏။ ဖတ်လည်းဖတ်ခဲ့ဖူး၏။ ကြိုက်နှစ်သက်၍လည်း ဆရာတော်ကြီး၏ ဆောင်ပုဒ်လင်္ကာများကို ကျက်မှတ်ထားခဲ့ပါ၏။ ဤထဲမှာပါသည့် ဆောင်ပုဒ်လင်္ကာများသည် မင်းကွန်းတိပိဋက ဆရာတော်ကြီး၏ ဆောင်ပုဒ်လင်္ကာများသာဖြစ်၏။

မြတ်စွာဘုရားသည် အလှူဒါနနှင့် ပတ်သက်ပြီး မြင့်မြတ်သည့်အလှူဒါနမျိုးဖြစ်စေရန်၊ အကျိုးရှိရှိ လှူဒါန်းတတ်ကြစေရန်ဆိုသည့် ရည်ရွယ်ချက်နှင့် ဤတရားတော်ကို ဟောကြားခဲ့ခြင်းဖြစ်၏။ အလှူဒါန တစ်ခုကို ပြုလုပ်မည်၊ လှူဒါန်းမည်ဆိုလျှင် ဘုရားအစရှိသည့် သူတော်ကောင်းများ ကျင့်သုံးကြသည့်မူအတိုင်း ကျင့်သုံးကြပြီး လှူဒါန်းတတ်ကြရန်နှင့် ဤကဲ့သို့ လှူဒါန်းခြင်းမျိုးကိုလည်း ဘုရားအစရှိသည့် သူတော်ကောင်းများ ချီးမွှမ်းကြကြောင်း ဟောကြားထား၏။ ဤသို့ဆိုလျှင် ဤတရားတော်ကို သူတော်ကောင်းတို့၏ အလှူဟု နာမည်ပေး၍ ရသကဲ့သို့၊ သူတော်ကောင်းတို့ ချီးမွှမ်းသော အလှူဟုလည်း နာမည်ပေးမည်ဆိုလျှင် ရနိုင်မည်ဖြစ်၏။

အလှူဒါနပြုလုပ်သည့်အခါမှာ အင်္ဂါရပ်ငါးချက်နှင့်အညီ လှူဒါန်းတတ်ကြရန် အလွန်ပင်အရေးကြီး၏။ ဤအင်္ဂါရပ် ငါးချက်နှင့် ညီညွတ်မှလည်း သူတော်ကောင်းတို့၏ အလှူဟု ခေါ်ဆိုထိုက်မှာဖြစ်သကဲ့သို့ သူတော်မြတ်တို့ ချီးမွှမ်းသည့် အလှူဟုလည်း ခေါ်ဆိုနိုင်မှာဖြစ်၏။ ယင်းအင်္ဂါရပ်ငါးချက်မှာ -

၁။ ယုံယုံကြည်ကြည်နှင့် အလှူဒါနကို ပေးလှူခြင်း။
၂။ ရိုရိုသေသေနှင့် အလှူဒါနကို ပေးလှူခြင်း။
၃။အချိန်ကာလနှင့်အညီ အလှူဒါနကို ပေးလှူခြင်း။
၎။ လွတ်လွတ်ကျွတ်ကျွတ် အလှူဒါနကို ပေးလှူခြင်း။
၅။ မိမိနှင့်သူတစ်ပါးကိုပါ မထိမပါးဘဲနှင့် အလှူဒါနကို ပေးလှူခြင်းတို့ ဖြစ်၏။

ဤအင်္ဂါရပ်ငါးချက်နှင့်အညီ ပေးကမ်းလှူဒါန်းကြမည်ဆိုလျှင် ဤကဲ့သို့သောအလှူမျိုးကို ဘုရားရှင်က သူတော်ကောင်းတို့၏အလှူ (သို့မဟုတ်) သူတော်မြတ်တို့ ချီးမွမ်းသည့်အလှူ ခေါ်ဆိုကြောင်း မိန့်ကြားတော်မူခဲ့၏။ ဤအင်္ဂါရပ်ငါးချက်ကိုပဲ မင်းကွန်းတိပိဋကဓရ ဆရာတော်ကြီးက သဒ္ဓါကြည်ညို၊ ရိုသေလှစွာ၊ အခါကိုသိ၊ မစွန်းငြိဘဲ၊ မထိမပါး၊ လှူတုံငြား၊ ငါးပါးသပ္ပုရိသ၊ မြတ်ဒါန ဟု ဆောင်ပုဒ်လင်္ကာ စပ်ဆိုတော်မူခဲ့၏။

နံပါတ်တစ်အင်္ဂါရပ်မှာ သဒ္ဓါကြည်ညိုဖြစ်၏။ အလှူဒါနတစ်ခုပြုလုပ်မည်ဆိုလျှင် အလှူရှင်များ၏ သန္တာန်မှာ ရှေးဦးစွာ ယုံကြည်မှုသဒ္ဓါတရား ရှိနေရမည်။ ပြည့်စုံနေရမည်ဟု ဆိုလိုခြင်းဖြစ်၏။ ယုံကြည်မှုသဒ္ဓါတရားသည် မည်သည့်အပေါ်မှာ ယုံကြည်ရမည်နည်းဆိုလျှင် ဘုရား၊ တရား၊ သံဃာ၊ ကံနှင့် ကံ၏အကျိုး ဤငါးမျိုးတို့၏အပေါ်မှာသာ သက်ဝင်ယုံကြည်ရ၏။ ဤငါးမျိုးအပေါ်၌ ယုံကြည်မှုကိုသာလျှင် သဒ္ဓါတရားနှင့် ပြည့်စုံသည်၊ သဒ္ဓါတရားနှင့်အညီ ပေးလှူသည်မည်၏။

နံပါတ်နှစ် အင်္ဂါရပ်မှာ ရိုသေလှစွာဖြစ်၏။ နံပါတ်တစ် အင်္ဂါရပ်ဖြစ်သည့် သဒ္ဓါတရားနှင့် ပြည့်စုံပြီး၍ အလှူဒါနပြုလုပ်သည့်အခါမှာလည်း အလှူရှင်များသည် အလှူခံပုဂ္ဂိုလ်များအတွက် နေရာထိုင်ခင်းများ သေသပ်ကျနစွာ ခင်းကျင်းပေးထားရ၏။ လှူဒါန်းဖွယ် ပစ္စည်းများကို စင်စင်ကြယ်ကြယ် သန့်သန့်ရှင်းရှင်း ပြုလုပ်ထားရ၏။ အလှူခံအရှင်မြတ်တို့အား လှူဖွယ်ဝတ္ထုပစ္စည်းများကို လှူဒါန်းဆက်ကပ်လျှင်လည်း သက္ကစ္စဂါရ၀ ရှေ့ထားပြီး ရိုရိုသေသေ လေးလေးစားစားနှင့် လှူဒါန်းဆက်ကပ်မှုကို ပြုကြရ၏။

နံပါတ်သုံး အင်္ဂါရပ်မှာ အခါကိုသိဖြစ်၏။ ဤအင်္ဂါရပ်သည် အချိန်ကာလကိုကြည့်ပြီး ထိုအချိန်ကာလနှင့် သင့်လျော်လျှောက်ပတ်သည့် ကာလဒါနအလှူမျိုးကို လှူဒါန်းဆက်ကပ်ကြရမည်ဟု ဆိုလိုခြင်းဖြစ်၏။ တစ်နည်းအားဖြင့် ကာလဒါနဆိုသည်မှာ ၀ါဆိုခေတ်ကာလမှာ ၀ါဆိုသင်္ကန်းစသည် ဆက်ကပ်လှူဒါန်းသကဲ့သို့၊ ကထိန်ခေတ်ကာလတွင်လည်း ကထိန်သင်္ကန်းစသည် ဆက်ကပ်လှူဒါန်းခြင်းမျိုးကို ဆိုလိုခြင်းဖြစ်၏။ သူ့အချိန် သူ့ကာလနှင့် လိုက်ဖက်အောင် လှူဒါန်းခြင်းမျိုးကိုပဲ အခါကိုသိဟု ဆိုထားခြင်းဖြစ်၏။

နံပါတ်လေး အင်္ဂါရပ်မှာ မစွန်းငြိဘဲဖြစ်၏။ အလှူဒါန ပြုလုပ်သည့်အခါ အလှူရှင်များ၏ စိတ်သန္တာန်မှာ ၀မ်းမြောက်ဝမ်းသာ ဖြစ်နေကြရပါမည်။ လှူဒါန်းမည့်၊ လှူဒါန်းသည့် အလှူဒါနအပေါ်၊ အလှူဝတ္ထုအပေါ် နှမြောသည့်စိတ်၊ ဆုတ်နစ်သည့်စိတ်၊ တွန့်တိုသည့်စိတ် မထားဘဲနှင့် မုတ္တစာဂီ လွတ်လွတ်ကျွတ်ကျွတ် လှူဒါန်းတတ်ကြရမည်၊ လှူဒါန်းမှုကို ပြုကြရမည်ဟု ဆိုလိုခြင်းဖြစ်၏။

နံပါတ်ငါး အင်္ဂါရပ်မှာ မထိမပါး လှူတုံငြားဖြစ်၏။ ဤအင်္ဂါရပ်မှာ အလှူရှင်များသည် ကြွားဝါလိုသည့်၊ ထင်ပေါ်စေလိုသည့် အတ္တုက္ကံသနစိတ် ကင်းရှင်းကြရမည်။ အခြားအခြားသော သူများ၏ အပေါ်မှာလည်း နှိမ်ချလိုသည့်၊ လွှမ်းမိုးလိုသည့် ပရ၀မ္ဘနစိတ်၊ အနိုင်ယူလိုသည့်စိတ်လည်း ကင်းရှင်းကြပြီး အားလုံး၏အပေါ်မှာ မုဒိတာစိတ်ပွားများပြီး လှူဒါန်းတတ်ကြရမည်ဟု ဆိုလိုခြင်းဖြစ်၏။

ဤဆိုပြီးခဲ့သည့် အင်္ဂါရပ်ငါးချက်နှင့်အညီ လှူဒါန်းတတ်ကြမည်၊ လှူဒါန်းကြမည်ဆိုလျှင် ဤကဲ့သို့သော အလှူမျိုးကို ဘုရားအစရှိသည့် သူတော်ကောင်း၊ သူမြတ်လောင်းများ လှူဒါန်းကြသည့်အလှူနှင့် တူညီသည့်အတွက်ကြောင့် သူတော်ကောင်းတို့၏ အလှူဟု ခေါ်ဆိုထိုက်၏။ ထို့ကြောင့်အလှူဒါနပြုလုပ်ကြသည့် အလှူရှင်၊ အလှူအမများ၊ ကထိန်ဒကာ၊ ကထိန်ဒကာမများအနေနှင့် ဆင်ခြင်နှလုံးသွင်းသင့်သည်မှာ ယနေ့ ယခုလှူသော အလှူဒါနသည် သဒ္ဓါအစရှိသော အင်္ဂါရပ်ငါးချက်နှင့် ညီညွတ်သည့်အလှူ ဖြစ် မဖြစ်ဆိုသည်ကို ဆန်းစစ်ကြည့်ရမည်၊ ဆင်ခြင်ကြည့်ရမည်။ ဤကဲ့သို့ ဆန်းစစ်ကြည့်၊ ဆင်ခြင်ကြည့်ပြီး ဤအင်္ဂါရပ်ငါးချက်နှင့် ညီညွတ်မည်၊ ဤအင်္ဂါရပ်ငါးချက်နှင့်အညီ လှူဒါန်းသည့် အလှူဒါနဖြစ်မည်ဆိုလျှင် ယနေ့ ယခုလှူသောအလှူကို သူတော်ကောင်း၊ သူမြတ်လောင်းများ ချီးမွှမ်းကြမည်ဖြစ်သောကြောင့် ဤအလှူမျိုးကို သူတော်ကောင်းတို့၏ အလှူဟု ခေါ်ဆိုထိုက်၏။

ဤအင်္ဂါရပ်ငါးချက်၏ အကျိုးများကို တစ်ခုချင်း ပြန်လည်ဆန်းစစ်ကြည့်မည်ဆိုလျှင် နံပါတ်တစ်အင်္ဂါရပ်ဖြစ်သည့် သဒ္ဓါကြည်ညိုဟူသော အင်္ဂါရပ်နှင့်ပြည့်စုံညီညွတ်ပြီး ပေးလှူခဲ့မည်၊ ပေးလှူကြမည်ဆိုလျှင် သဒ္ဓါကြည်လင် လှူဒါန်းလျှင် ဆင်းပြင်ရုပ်ရည်လှ ဆိုသည့်အတိုင်း ဖြစ်လေရာဘ၀တိုင်းမှာ ရုပ်ရည်အဆင်း လှပခြင်းအကျိုးကို ခံစားကြရပါမည်။ ဤသို့ဆိုလျှင် ရုပ်ရည်လှပကြသူများကို တွေ့မြင်လျှင် အလှူဒါနပြုလုပ်ခဲ့စဉ်၊ ပေးလှူခဲ့စဉ်က ယုံကြည်မှု သဒ္ဓါတရားအပြည့်အ၀နှင့် ပေးလှူခဲ့ကြသောကြောင့် ယခုကဲ့သို့ လှပနေကြသည်ဟု နားလည်သဘောပေါက်ကြရမှာဖြစ်သကဲ့သို့ ရုပ်ရည်အဆင်းမလှသူများကို တွေ့မြင်လျှင်လည်း သဒ္ဓါတရား အားနည်းသောကြောင့် မလှကြခြင်းဖြစ်မည်ဟု တရားသဘောအရ ဆင်ခြင်ကြည့်မည်ဆိုလျှင် တွေ့မြင်ရမည်ဖြစ်၏။

နံပါတ်နှစ်အင်္ဂါရပ်ဖြစ်သည့် ရိုသေလှစွာဟူသော အင်္ဂါရပ်နှင့် ပြည့်စုံညီညွတ်ပြီး သက္ကစ္စဂါရ၀ မြောက်စွာ ပေးလှူခဲ့မည်၊ ပေးလှူကြမည်ဆိုလျှင် ရိုသေလှူငြား သူ့စကား အများနာယူရ ဆိုသည့်အတိုင်း မိမိပြောဆိုသည့် စကားကို အများက တလေးတစားလိုက်နာကြ၏။ မိဘတို့၏ စကားကို သား၊ သမီးများ မြေ၀ယ်မကျလိုက်နာကြ၏။ နားထောင်ကြ၏။ ဆရာသမားများ၏ ဆိုဆုံးမသည့် စကားကို တပည့်များ တစ်ဝေမတိမ်းလိုက်နာကြ၊ ဆောင်ရွက်နေကြသည်ကို လောကမှာတွေ့မြင်နေကြရ၏။ တရားသဘောအရ ဆင်ခြင်ကြည့်မည်ဆိုလျှင် ဤမိဘ၊ ဤဆရာသမားမျာသည် ပေးလှူခဲ့စဉ်အခါ အလှူခံပုဂ္ဂိုလ်တို့အား သက္ကစ္စဂါရ၀တရား၊ နိဝါတတရာများရှေ့ထားပြီး ပေးလှူခဲ့သူများ ဖြစ်ကြ၏ဟု နားလည်ကြရပါမည်။ မိဘများ၏ ဆိုဆုံးမမှုအတိုင်း မလိုက်နာ၊ ဆရာသမားများ၏ သွန်သင်ပြသမှုကို မလိုက်နာကြသည့် သား၊ သမီးများ၊ တပည့်များကို တွေ့မြင်ရလျှင် ဤသား၊ သမီးများ၊ ဤတပည့်များသည် အလွန်ဆိုးသည့် သား၊ သမီးများ၊ တပည့်များပဲဟု သာမန်ကြည့်လျှင် ဤကဲ့သို့မြင်တတ်ကြပါလိမ့်မည်။ သို့သော်လည်း တရားသဘောရှုထောင့်မှ ကြည့်လျှင် ဤမိဘ၊ ဤဆရာသများသည် ပေးလှူခဲ့စဉ်အခါက သက္ကစ္စဂါရ၀တရားများ အားနည်းခဲ့ကြသောကြောင့် ဖြစ်မည်ဟု ဆင်ခြင်ကြည့်နိုင်၏။

နံပါတ်သုံးအင်္ဂါရပ်ဖြစ်သည့် အခါကိုသိဟူသော အင်္ဂါရပ်နှင့်အညီ လှူဒါန်းခဲ့ကြမည်၊ လှူဒါန်းကြမည်ဆိုလျှင် အခါသိသဖြင့်၊ လှူတုံလင့်၊ ချိန်သင့်ကောင်းကျိုးရ ဆိုသည့်အတိုင်း အရွယ်အပိုင်းအခြားအလိုက် ပစ္စည်းဥစ္စာများကို သုံးဆောင်ခံစားရပါလိမ့်မည်။ အချို့ငယ်ငယ်ရွယ်ရွယ်တွင် ပြည့်ပြည့်စုံစုံ ချမ်းချမ်းသာသာ သုံးဆောင်ခံစားခဲ့ကြရသော်လည်း၊ ကြီးပြင်းလာသည့်အခါ ဆင်းဆင်းရဲရဲ ပင်ပင်ပန်းပန်း သုံးဆောင်ခံစားကြရ၏။ အချို့ငယ်ငယ်ရွယ်ရွယ်မှာ ဆင်းဆင်းရဲရဲ ပင်ပင်ပန်းပန်း သုံးဆောင်ခံစားခဲ့ကြရသော်လည်း၊ အသက်အရွယ် ကြီးရင့်လာသည့်အခါ ချမ်းချမ်းသာသာ သုံးဆောင်ခံစားကြရ၏။ အချို့အရွယ်သုံးပါးလုံးမှာ ချမ်းချမ်းသာသာ သုံးဆောင်ခံစားကြရ၏။ အချို့အရွယ်သုံးပါးလုံးမှာ ဆင်းဆင်းရဲရဲ သုံးဆောင်ခံစားကြရ၏။ ဤကဲ့သို့ သုံးဆောင်ခံစားကြရသည်ကို တရားသဘောရှုထောင့်ကနေ လေ့လာကြည့်မည်ဆိုလျှင် ကာလဒါနမြောက်စွာ လှူဒါန်းတတ်မှုနှင့် ကာလဒါန ချွတ်ယွင်းအားနည်းမှုတို့ကြောင့် ဖြစ်ကြရသည်ကို တွေ့မြင်ကြရမည်ဖြစ်၏။

နံပါတ်လေးအင်္ဂါရပ်ဖြစ်သည့် မစွန်းငြိဘဲဟူသော အင်္ဂါရပ်နှင့်အညီ လှူဒါန်းခဲ့ကြမည်၊ လှူဒါန်းတတ်ကြမည်ဆိုလျှင် မစွန်းငြိတောင်း လှူတုံရှောင်း အကောင်းသုံးဆောင်ရ ဆိုသည့်အတိုင်း ကောင်းမွန်သည့် ပစ္စည်းဥစ္စာများကိုသာ သုံးဆောင်ခံစားကြရ၏။ အချို့ပစ္စည်းဥစ္စာများ ပေါများကြ၏။ သို့သော် မ၀တ်ရက်၊ မစားရက်၊ မသုံးရက်သူများ လောကမှာတွေ့ဖူးကြ၏။ ဖြစ်သလိုဝတ်၊ ဖြစ်သလိုစား၊ ဖြစ်သလိုနေပြီး ဆင်းဆင်းရဲရဲနှင့် သေသွားကြ၊ သေသွားကြရ၏။ ကျန်ရစ်ခဲ့သောသူများသာ သုံးဆောင်ခံစားကြရ၏။ ဤသို့ဖြစ်ရသည်မှာ နံပါတ်လေးအင်္ဂါရပ်ဖြစ်သည့် ပေးလှူခဲ့စဉ်အခါက နှမြောတွန့်တိုပြီး လှူဒါန်းခဲ့ခြင်းကြောင့် ဖြစ်သည်ကို တွေ့မြင်သိရှိကြရမှာဖြစ်၏။ ကောင်းကောင်းမွန်မွန်ဝတ်နိုင်၊ စားနိုင်၊ သုံးဆောင်နိုင်သူများကိုလည်း တွေ့ဖူးကြပါလိမ့်မည်။ ထိုသူများသည် ပေးလှူခဲ့စဉ်အခါက ၀မ်းမြောက်ဝမ်းသာနှင့် ပေးလှူခဲ့ကြ၏။ နှမြောတွန့်တိုသည့်စိတ်မရှိဘဲ လွတ်လွတ်ကျွတ်ကျွတ် မုတ္တစာဂီမြောက်စွာ လှူဒါန်းခဲ့ကြသူများဖြစ်၏ဟု နားလည်ကြရမှာဖြစ်၏။

နံပါတ်ငါးအင်္ဂါရပ်ဖြစ်သည့် မထိမပါး၊ လှူတုံငြားဟူသော အင်္ဂါရပ်နှင့်အညီ ပေးကမ်းလှူဒါန်းခဲ့ကြမည်ဆိုလျှင် မထိမပါး လှူတုံငြားမူ ထိုသည့်သူ၏ ပြောထူများပြား စည်းစိမ်အား ငါးပါးရန်မခ ဆိုသည့်အတိုင်း မိမိကိုယ်ကို ထင်ပေါ်လို ကြွားဝါလိုသည့် အတ္တုက္ကံသနစိတ်၊ သူတစ်ပါးကို နှိမ်ချလိုသည့် ပရ၀မ္ဘနစိတ် မထားဘဲ လှူဒါန်းကြသူများ၏ ရှာဖွေစုဆောင်း၍ရလာသော စီးပွားဥစ္စာများကို ရေ မီး မင်း ခိုးသူ မချစ်မနှစ်သက်သော အမွေခံသားဆိုး သမီးဆိုးဟူသော ရန်သူမျိုးငါးပါးတို့ နှောက်ယှက်ဖျက်ဆီး၍ မရနိုင်ပါ။ ရန်သူမျိုးငါးပါးဘေးမှ ကင်းဝေးခြင်းအကျိုးကျေးဇူးကို ခံစားကြရမည်ဖြစ်၏။ ဤသို့ဆိုလျှင် ရန်သူမျိုးငါးပါးဘေးနှင့် တွေ့ကြုံနေရ၍ စီးပွားဥစ္စာများ ပျက်စီးကြရခြင်းသည် အလှူဒါနပြုလုပ်ခဲ့စဉ်အခါက မိမိသူတစ်ပါး နှစ်ဦးသားတို့ကို ထိပါးပုတ်ခက်ပြီး လှူဒါန်းခဲ့ခြင်းကြောင့် ဖြစ်မည်ဟု နားလည်ကြရမည်ဖြစ်၏။

ထို့ကြောင့် အထက်ဖော်ပြပါ အင်္ဂါရပ်များကိုကြည့်၍ အလှူဒါနပြုလုပ်ကြမည့် အလှူရှင်များ၊ အလှူ့အမများ၊ အလှူဒါနပြုလုပ်နေကြသည့် အလှူ့ရှင်များ၊ အလှူ့အမများသည် သူတော်ကောင်းတို့၏ အလှူဟူသောနာမည်နှင့် သင့်လျော်ညီညွတ်မှု ရှိ၊ မရှိ ဆန်းစစ်ကြည့်သင့်၏။ သင့်လျော်ညီညွတ်မှုရှိလျှင် ယနေ့ ယခုလှူဒါန်းသော အလှူသည် သူတော်ကောင်း၊ သူမြတ်လောင်းများ ချီးမွှမ်းသောအလှူ၊ သင့်လျော်ညီညွတ်မှု မရှိသေလျှင်လည်း သင့်လျော်ညီညွတ်မှုရှိအောင် လိုအပ်ချက်များကို ပြုပြင်ပြီး သူတော်ကောင်းတို့၏အလှူမျိုးဖြစ်အောင်၊ သူတော်မြတ်တို့ ချီးမွှမ်းသည့် အလှူမျိုးဖြစ်အောင် ကြိုးစားအားထုတ်နိုင်ကြပါစေ၊ မြတ်နိဗ္ဗာန်ကိုလည်း မြတ်မှောက်ပြုနိုင်ကြပါစေဟု ပတ္ထနာပြုလျက် သူတော်ကောင်းတို့၏ အလှူဟူသော ဆောင်းပါးကို အဆုံးသတ်လိုက်ပါ၏။

မှတ်ချက်။ ။ရန်ကုန်မြို့ အာရှတော်ဝင် အထူးကုဆေးခန်းကြီးတွင်လည်းကောင်း၊ ကွမ်းခြံကုန်းမြို့၊ စံပြရပ်ကွက်၊ ၀ိဇယမင်္ဂလာ ပရိယတ္တိစာသင်တိုက်တွင် လည်းကောင်း ဟောကြားခဲ့သော ကထိန်အနုမောဒနာ တရားကို ပြင်ဆင်၍ ရေးသားထားခြင်းဖြစ်ပါ၏။