လူ့ဘ၀ရလာတဲ့ အခိုက်အတန့်လေး ရပ်တည်နေရတဲ့ တစ်ဘ၀ တစ်ခဏတာလေးမှာ ချမ်းချမ်းသာသာ ကျန်းကျန်းမာမာနဲ့ လျှောက်လှမ်းနိုင်ဖို့ နေထိုင်နိုင်ဖို့နဲ့ မာန်မာနတွေ အဃာတတွေနဲ့ ခြံရံပြီး မလျှောက်လှမ်းမိဖို့လည်း အရေးကြီးလှပါတယ်။ ကုသိုလ် ဥစ္စာ၊ ကျန်းခန့်သာ၍၊ ပညာတန်းခိုး၊ တစ်မျိုးမျိုးမှ၊ ထိုနေ့အတွက်၊ ကျိုးမထွက် သက်သက် ၀မ်းနည်းဖွယ် ဆိုတဲ့ လင်္ကာအတိုင်း

          တစ်နေ့တာ အချိန်အတွင်းမှာ ကုသိုလ်ကောင်းမှု ဘယ်လောက်ရအောင် အားထုတ်နိုင်ပြီလဲ၊ စီးပွားဥစ္စာ တိုးတက်အောင် ဘယ်လောက်ရှာဖွေနိုင်ပြီလဲ၊ ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လောက်လေ့ လာထားပြီလဲ၊ အသိဥာဏ်ပညာတွေ ဘယ်လောက်ရအောင် ဆည်းပူးနိုင်လိုက်လဲဆိုတာ တစ်နေ့ကုန်သွား တိုင်း၊ တစ်ရက်ကုန်သွားတိုင်း စမ်းစစ်ကြည့်သင့်လှပါတယ်၊ တစ်နေ့တာ ကုန်သွားတဲ့အချိန်မှာ ဘာတစ်ခုမှ မယ်မယ်ရရ မရလိုက်ဘူးဆိုရင် အဲဒီနေ့ဟာ ပျော်ရွှင်ဖွယ် မကောင်းတဲ့နေ့ပါ၊ တစ်နည်းအားဖြင့် ၀မ်းနည်း ဖွယ်ကောင်းတဲ့နေ့ပါပဲလို့ လင်္ကာလေးက ညွှန်းဆိုထားပါတယ်။ ကောင်းမှုကုသိုလ် စတဲ့ တစ်မျိုးမျိုးကို တစ်နေ့တာအတွင်းမှာ ရအောင်ယူထားနိုင်မယ်ဆိုရင်တော့ အဲဒီနေ့ဟာ ၀မ်းမြောက်ဖွယ်ကောင်းတဲ့ နေ့ပဲလို့ လည်း မှတ်ယူရမှာဖြစ်ပါတယ်။

          ဒီနေရာမှာ ကုသိုလ် ကောင်းမှုနဲ့ ပတ်သက်၍ တင်ပြချင်ပါတယ်၊ ကောင်းမှုကုသိုလ်ဟာ မြောက်မြားစွာ ရှိပေမယ့်၊ အကြမ်းဖျင်းအားဖြင့် ကြည့်မယ်ဆိုရင် ဒါနကုသိုလ်၊ သီလကုသိုလ်၊ ဘာဝနာ ကုသိုလ် ရယ်လို့ပဲ တွေ့ရမှာ ဖြစ်ပါတယ်။

ဒါနကုသိုလ်

          နေ့စဉ်နှင့် အမျှ၊ နေစဉ်နှင့်အမျှ ဒါန အလှူကောင်းမှုတို့ကို ပြုလုပ်သင့်ပါတယ်၊ ဒါန ကုသိုလ်နဲ့ ပတ်သက်၍ သိန်းပေါင်းများစွာ အကုန်အကျခံပြီး လှူဒါန်းမှ ဒါန အရာမြောက်တာ မဟုတ်ပါ၊ မြတ်ဘုရားမှာ သောက်တော်ရေချမ်းတွေကပ်လှူမယ်၊ ပန်း ဆီမီး စတာတွေ လှူဒါန်းကြမယ်ဆိုရင် ဒါဟာ ဒါနကုသိုလ်ပါပဲ၊ ၀န်မလေးသော ဒါနအလှူ၊ အပန်းမကြီးသော ဒါနအလှူပါ။ ဒီထက် လှူဒါန်းနိုင်မယ်ရင် ဘာသာရေး လူမှုရေး စတဲ့လုပ်ငန်းတွေမှာ ပါဝင်လှူဒါန်းသင့်ပါတယ်။ အများအကျိုး တတ်နိုင်သမျှ ထမ်းပိုးသင့်ပါတယ်။ ဒါတွေ အားလုံးဟာ ဒါနကုသိုလ်တွေချည်းပါပဲ။ သို့သော် လှူဒါန်းတဲ့အခါမှာတော့ လှူဒါန်းကြတဲ့ အလှူရှင်များရဲ့ သန္တာန်မှာ ယောနိသော မနသိကာရ ဆိုတဲ့ နှလုံးသွင်းမှန်ကန်ဖို့ စိတ်ထားဖြောင့်မှန်ဖို့တော့ လိုအပ်ပါတယ်။ ဘယ်လိုစိတ်ထားမျိုးထားရမလဲဆိုရင် မလှူခင် ၀မ်းမြောက်ဝမ်းသာနဲ့ လှူချင်နေတဲ့စိတ်၊ လှူနေစဉ်အခါမှာလဲ ၀မ်းမြောက်ဝမ်းသာ ဖြစ်ပေါ်နေတဲ့စိတ်၊ လှူဒါန်းပြီးနောက်မှာလဲ မိမိလှူဒါန်းလိုက်တဲ့ အလှူဒါနကို တွေးပြီး ၀မ်းမြောက်ဝမ်းသာ ဖြစ်ပေါ်နေတဲ့စိတ်ထားတွေ ရှိနေကြရပါမယ်။ ဒါကိုပဲ စေတနာ သုံးတန်ပြည့်စုံပြီး လှူဒါန်းတယ်လို့ ဆိုကြပါတယ်။

သီလကုသိုလ်

          နေ့စဉ်နှင့် အမျှ၊ နေစဉ်နှင့်အမျှ မြတ်ဘုရားမှာ ပန်း ရေချမ်းစသည် ကပ်လှူပြီးတိုင်း သြကာသ ကန်တော့ကျိုး ရွတ်ဆိုပြီး ငါးပါးသီလ ခံယူဆောက်တည်လေ့ရှိကြပါတယ်။ သီလ = စောင့်ထိန်းခြင်း၊ ထိန်းသိမ်းခြင်းကို သီလဆောက်တည်တယ်လို့ ဆိုပါတယ်။ သူတစ်ပါး အသက်ကို သတ်ဖြတ်ခြင်း၊ သူတစ်ပါး ပစ္စည်းဥစ္စာကို ခိုးယူခြင်း စသည်တို့မှ ရှောင်ကြဉ်ခြင်းပါ။ တစ်နည်း အားဖြင့် သီလဆိုသည်မှာ ကိုယ်အမူအရာ၊ နှုတ်အမူအရာကို လုံခြုံအောင်စောင့်ထိန်းခြင်းပင်ဖြစ်ပါတယ်။ သီလနှင့် ပတ်သက်၍ အမြဲ မကျင့်သုံးနိုင်သေးသော်လည်း မြတ်ဘုရားရှေ့၌ဖြစ်စေ၊ ရဟန်းသံဃာတော်တို့ ရှေ့၌ဖြစ်စေ တဒင်္ဂ တစ်ခဏ စောင့်ထိန်းမှုကိုတော့ ပြုကျင့်လေ့ရှိကြပါတယ်။

ဘာဝနာကုသိုလ်

          ပွားများအားထုတ်ခြင်းကို ဘာဝနာလို့ ခေါ်ပါတယ်၊ ပွားများအားထုတ်ခြင်း ဘာဝနာတွင်လည်း သမထ ဘာဝနာ နှင့် ၀ိပဿနာ ဘာဝနာ ဟု နှစ်မျိုးရှိပါတယ်။ ထိုနှစ်မျိုးတို့တွင် သမထ ဘာဝနာကုသိုလ် ကို များသောအားဖြင့် နေ့စဉ်နှင့် အမျှ ပွားများအားထုတ်သူက များကြပါတယ်။ မိမိရရှိထားတဲ့ ဂုဏ်တော် တစ်မျိုးမျိုး နှလုံးသွင်းဆင်ခြင် ရွတ်ဆိုနေခြင်းဟာ သမထ ဘာဝနာကုသိုလ်ပါပဲ။ သမထ ဘာဝနာ ကုသိုလ်ကို ပွားများအားထုတ် ဆင်ခြင်ကြသူ ရွတ်ဆိုပူဇော်ကြသူ များသလောက် ၀ိပဿနာ ဘာဝနာ ကုသိုလ်ကိုတော့ ပွားများအားထုတ်သူ ဆင်ခြင်နှလုံးသွင်းသူ အမှတ်သတိဖြင့် နေနိုင်တဲ့သူကား အလွန် နည်းပါးလှပါတယ်။ ၀ိပဿနာ ဘာဝနာဆိုတာ ခန္ဓာငါးပါး ရုပ် နာမ် နှစ်ပါး ကို ဥာဏ်ဖြင့်စူးစိုက်ကြည့်ရှုခြင်း၊ ၀င်လေ ထွက်လေ ဖြစ်မှု ပျက်မှုတို့ကို သတိကပ်ပြီး နှာသီးဝမှာဖြစ်စေ၊ ၀မ်းဗိုက်ရဲ့ ဖောင်မှု ပိန်မှုပေါ်မှာ ဖြစ်စေ စောင့်ကြည့်ခြင်းဖြင့် မမြဲမှု သဘော၊ ဆင်းရဲမှု သဘော၊ အစိုးမရမှု သဘောတွေ မြင်အောင် ရှုမှတ်ခြင်းကို ၀ိပဿနာ ဘာဝနာ ပွားများအားထုတ်တယ်လို့ ဆိုကြတာပါ။ တစ်နည်းအားဖြင့် ခန္ဓာငါးပါး အပေါ်မှာ သမ္မာဒိဋ္ဌိ = မှန်ကန်သောအမြင်၊ သမ္မာသင်္ကပ္ပ = မှန်ကန်သော အကြံအစည်၊ သမ္မာဝါယာမ = မှန်ကန်သော ကြိုးပမ်းမှု၊ သမ္မာသတိ = မှန်ကန်သော အမှတ်ရမှု၊ သမ္မာသမာဓိ = မှန်ကန်သော တည်ကြည်မှု ဟုဆိုအပ်သော မဂ္ဂင်တရားတို့ဖြင့် ပွားများအားထုတ်ခြင်းကိုပဲ ၀ိပဿနာ ဘာဝနာဟု ခေါ်ဆိုကြခြင်း ဖြစ်ပါတယ်။ ဤ၀ိပဿနာ ဘာဝနာကုသိုလ်ကို ငါးမိနစ်ဖြစ်စေ၊ ဆယ်မိနစ်ဖြစ်စေ နေ့စဉ်ကျင့်သုံးသင့်ပါတယ်။ ထို့ထက်ပိုပြီး ကျင့်ကြံပွားများနိုင်မယ်ဆိုရင်တော့ အတိုင်းအထက်အလွန်ပါပဲ။ ကောင်းမြတ်တဲ့ အကျိုးကျေးဇူးကို လက်တွေ့ ခံစားစံစားကြရမှာပါ။

          ယခုဆိုခဲ့တဲ့ ဒါနကုသိုလ်၊ သီလကုသိုလ်၊ ဘာဝနာကုသိုလ်တွေနဲ့ ပြည့်စုံနေကြမယ်ဆိုရင် ပျော်ရွှင် ဖွယ်ကောင်းတဲ့နေ့တွေဖြစ်ပြီး ကောင်းမြတ်တဲ့ လိုလားအပ်တဲ့ ပန်းတိုင်ကိုလည်း ဧကန်မုချ ရရှိကြမှာ ဖြစ်ပါ တယ်။ ကောင်းမှုကုသိုလ်တရားများကို ပွားများအားထုတ်ကြရင်း ၀မ်းမြောက်ဖွယ်ကောင်းသော နေ့များကို ပိုင်ဆိုင်နိုင်ကြပါစေ။

ရွှင်လန်းချမ်းမြေ့ကြပါစေ။






ဒီမေးခွန်းဟာ သတုလ္လပကာယိကာနတ်သားတွေ အချင်းချင်းတိုင်ပင်ပြီး မြတ်စွာဘုရားကို မေးလျှောက်ထား ခဲ့တဲ မေးခွန်းပါ။ 
              လောကမှာရှိကြတဲ့ လူတိုင်းလိုလို ဆင်းရဲ ချမ်းသာမရွေး အလှူဒါနကို ပြုလုပ်ဖူးကြသူ များပါတယ်။ နည်းတာ များတာပဲ ကွာခြားကြပါလိမ့်မယ် အလှူဒါနကို ပြုလုပ်ဖူးကြပါတယ်။ ဘာသာဝင် တိုင်းလည်း ကိုယ့်ယုံကြည်ချက် ခံယူချက်အတိုင်း အလှူဒါနပြုလုပ်လေ့ရှိကြပါတယ်။ မိမိပြုလုပ်တဲ့ အလှူဒါနနဲ့ ပတ်သက်လို့ မွန်မြတ်တဲ့ အလှူဒါနဖြစ်ဖို့ သူတော်ကောင်းတွေ လိုလားတဲ့ အလှူဒါနမျိုးဖြစ်ဖို့ပဲ အရေးကြီးပါတယ်။ ဘယ်လိုအလှူမျိုးကို ပြုလုပ်လို့ရှိရင် ပိုပြီးမွန်မြတ်မလဲ၊ ဘယ်လိုအလှူ ဒါနမျိုးဟာ အကောင်းဆုံးလဲ၊ အသာလွန်ဆုံးလဲဆိုတာကို သိနားလည်ပြီး ပြုလုပ်ကြမယ်ဆိုရင်ဖြင့် အဲဒီအလှူဟာ အကောင်းဆုံးအလှူပါပဲ။
          အလှူဒါန ပြုကြသူများတွင် နတ် သိကြားတွေလည်း ပါဝင်ပြီး ပြုလုပ်လေ့ရှိကြောင်းကို ဘုရား ဟော ဒေသနာတော်တွေ ကြည်ရှုခြင်း လေ့လာခြင်းအားဖြင့် သိရှိကြရပါတယ်၊ ဘုရားဟောဒေသနာများ စွာထဲမှ နတ်များ အလှူဒါန ပြုလုပ်ကြရာတွင် ဘယ်လိုအလှူဒါနမျိုးကို ပြုလုပ်ရင် အကောင်းဆုံး အလှူဖြစ်မလဲ၊ အမွန်မြတ်ဆုံးအလှူဒါန ဖြစ်မလဲဟု တွေးတောစဉ်းစာရင်း နတ်သားခြောက်ဦးတို့ အချင်းချင်း တိုင်ပင်ဖြစ်ခဲ့ကြကြောင်းကို သာဓုသုတ္တန်မှာ မြတ်စွာဘုရား မိန့်ဆိုထားပါတယ်။ အချင်းချင်း တိုင်ပင်ကြ ဆွေးနွေးခဲ့ကြသော်လည်း  တစ်ဦးနှင့်တစ်ဦး မတူညီကြဘဲ အမြင်အမျိုးမျိုး ကွဲပြားနေကြပါတယ်တဲ့။

နတ်သားခြောက်ဦးတို့ရဲ့ အလှူဒါန ပြုလုပ်ပုံ အမြင်များ

          ပထမ နတ်သားတစ်ဦးက အလှူဒါန ပြုလုပ်တဲ့အခါမှာ ပြည့်ပြည့်စုံစုံ ပေါပေါများများနဲ့ ပေးကမ်း လှူဒါန်းတဲ့ အလှူဒါနဟာ အကောင်းဆုံးပဲ၊ အမွန်မြတ်ဆုံးပဲလို့ သူအနေနဲ့ မြင်ပါတယ်တဲ့။ မပြည့်မစုံ မလောက် မင ချို့ချို့တဲ့တဲ့နဲ့ အလှူကို ပြုလုပ်ချင်ပုံ မရပါဘူး၊ ဧည့်ပရိသတ်အားလုံးကို လိုလေးသေးမရှိ လှူဒါန်းချင်တဲ့ ဆန္ဒရှိပါတယ်။ အဲဒီလို လှူဒါန်းလိုက်ရတာကိုပဲ သူ့အနေနဲ့ အကောင်းဆုံးအလှူလို့ ယူဆကြောင်း ပြောဆိုပါတယ်။

          ဒုတိယ နတ်သားတစ်ဦးက အလှူဒါန ပြုလုပ်တဲ့အခါမှာ မိမိတတ်နိုင်သလောက် လှူဒါန်းကြမယ်ဆို ရင်လည်း ဒါဟာ အကောင်းဆုံးသော အလှူပါပဲ လို့ သူအနေနဲ့ အမြင်ရှိကြောင်း ပြောဆိုပါတယ်။ အနည်းငယ်သော ပစ္စည်းဥစ္စာပင်ဖြစ်ပါစေ ကိုယ်နိုင်သလောက်၊ ကိုယ့်အင်အားနဲ့ တတ်နိုင်သလောက် လှူဒါန်းမယ်ဆိုရင်လည်း ကောင်းတာပါပဲလို့မြင်ပါတယ်တဲ့။ ရှိတာကအနည်းငယ်နဲ့ မနိုင်ဝန်ထမ်းမိလို့ စိတ်သောကဖြစ်ရတာမျိုးမဖြစ်ချင်တဲ့ သဘောပါ။ ဘယ်လောက်ပဲလှူလိုက်ရ လှူလိုက်ရ လှူပြီးနောက်မှာ သောကမများဘဲ စာဂတရားတွေပွားများနေဖို့ နှစ်သက်နေဖို့ အဓိကပဲလို့ ဆိုလိုချင်တဲ့သဘောပါ။ ဒါကြောင့် လဲ သူ့ရဲ့ အမြင်က အနည်းငယ်သော အလှူဟာလည်း စိတ်ထားတတ်သူအဖို့ အကောင်းဆုံးသောအလှူ၊ အမွန်မြတ်ဆုံးသော အလှူဒါနပါပဲလို့ သူ့ရဲ့ အမြင်ကို တင်ပြပြောဆိုခဲ့တာပါ။

          တတိယ နတ်သားတစ်ဦးက အလှူဒါန ပြုလုပ်တဲ့အခါမှာ ရတနာသုံးတန် ကံ ကံ၏ အကျိုးကို ယုံကြည်ပြီး လှူဒါန်းတဲ့ အလှူဒါနဟာ အကောင်းဆုံးပဲလို့ တင်ပြလာပါတယ်။ သူ့ရဲ့အမြင်က အလှူဒါန တစ်ခုပြုလုပ်တော့မယ်ဆိုရင် သဒ္ဓါတရားအရင်းခံပြီး ပြုလုပ်လှူဒါန်းမှ အလှူဒါနဟာ ပိုပြီးအကျိုးများမယ်၊ ပိုပြီးတော့ စိတ်ထားတွေ စင်ကြယ်မယ်၊ အလှူဒါနသာပြုလုပ်ပြီး ယုံကြည်မှု သဒ္ဓါတရားမှ အရင်းမခံဘူး ရှေ့မထားဘူးဆိုရင် အကျိုးများမှာ မဟုတ်ဘူးလို့ လက်ခံထားတဲ့သဘောရှိပါတယ်။ ဒါကြောင့်လည်း သူ့ရဲ့ သဘောထားအမြင်ကို တင်ပြတဲ့အခါမှာ သဒ္ဓါတရားကို အခြေခံပြီး အလှူဒါန ပြုလုပ်သင့်ကြောင်း တင်ပြ ပြောဆိုခဲ့တာ ဖြစ်မှာပါ။

          စတုတ္ထ နတ်သားတစ်ဦးရဲ့ အမြင်ကတော့ အလှူဒါနပြုလုပ်တဲ့အခါမှာ စင်စင်ကြယ်ကြယ်နဲ့ ရှာဖွေ လို့ ရရှိထားတဲ့ ပစ္စည်းဥစ္စာတွေကိုသာ ပေးလှူတာဟာ အကောင်းဆုံးဖြစ်မယ်လို့ တင်ပြလာပါတယ်။ သူ့ရဲ့ အမြင် သူ့ရဲ့ အတွေးဟာ မစင်မကြယ်နဲ့ ရလာပြီး ကြီးပွားချမ်းသာတဲ့ ပစ္စည်းဥစ္စာတွေကို မလှူဒါန်းစေချင်တဲ့ သဘောပါ၊ ရိုးရိုးသားသား ကြိုးကြိုး စားစားနဲ့ ရှာဖွေလုပ်ကိုင်ပြီး ရရှိလာတဲ့ ပစ္စည်းဥစ္စာတွေကိုသာ လှူဒါန်းစေချင်တာပါ။ ကြီးပွားချမ်းသာပုံချင်း တူကြပေမယ့် ရရှိလာတဲ့ စီးပွားဥစ္စာကတော့ စင်ကြယ်ပုံချင်း မတူညီကြတဲ့အတွက် စင်စင်ကြယ်ကြယ်နဲ့ ရရှိလာတဲ့ ပစ္စည်းဥစ္စာကိုပဲ တစ်နည်းအားဖြင့် ဓမ္မိယလဒ္ဓ ပစ္စည်းကိုပဲ ပေးလှူဒါန်းတာဟာ အကောင်းဆုံးပဲလို့ တင်ပြတာဖြစ်နိုင်ပါတယ်။ စင်ကြယ်တဲ့ အလှူဒါန ဖြစ်တဲ့အတွက် ပြန်တွေးလိုက်တိုင်းလည်း အမြဲဝမ်းမြောက်စေချင်တဲ့ ဆန္ဒတွေ ပါနေတာကို တွေ့မြင်ရ ပါတယ်။

          ပဉ္စမ နတ်သားတစ်ဦးရဲ့ အမြင်ကတော ရွေးချယ်စိစစ်ပြီး လှူဒါန်းတဲ့ အလှူဒါနဟာ အကောင်းဆုံးပဲ လို့ တင်ပြလာပါတယ်။ လိုအပ်မယ့်နေရာမှာ လိုအပ်တဲ့ အရာဝတ္ထုကို ပေးလှူဒါန်းလိုက်မယ်ဆိုရင် အံဝင်ခွင်ကျလည်း ဖြစ်မယ်၊ ရရှိမယ့်အလှူခံလည်း ပိုပြီး ၀မ်းမြောက်ကြည်နူးပါလိမ့်မယ်။ ဥပမာ ပညာသင် ချင်နေတဲ့ ကလေးငယ်အတွက် ပညာရေးစရိတ် ထောက်ပံ့လိုက်တာမျိုး၊ အစားအသောက် ငတ်မွတ်နေတဲ့ သူအတွက် အစားအသောက် ထောက်ပံ့ပေးလိုက်တာမျိုး စသည်ဖြင့် လိုအပ်တဲ့ ကွက်လပ်ကို တတ်နိုင် သမျှဖြည့်ဆည်းလိုက်နိုင်တာဟာ အကောင်းဆုံးပဲလို့ ခံယူထားပြီး ရွေးချယ်စိစစ်ပြီး လှူဒါန်းပေးကမ်းတာ ဟာ အကောင်းဆုံးဖြစ်နိုင်ကြောင်း သူ့ရဲ့ အမြင်၊ သူ့ရဲ့ အတွေး၊ သူ့ရဲ့ ခံယူချက်ကို တင်ပြလာပါတယ်။

          ဆဋ္ဌမ နတ်သားတစ်ဦးရဲ့ အမြင်ကတော့ အလှူဒါန ပြုလုပ်တဲ့အခါမှာ ယဇ်ပူဇော်တဲ့ ပုံစံမျိုးနဲ့ သတ္တ၀ါတွေ ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်မှု မပြုဘဲ၊ ကိုယ်ချင်းစာတရား လက်ကိုင်ထားပြီး ပေးကမ်းလှူဒါန်း တာဟာ ကောင်းမယ်လို့ ထင်မြင်မိကြောင်းတင်ပြလာပါတယ်။ ကိုယ်ချင်းစာတရား လက်ကိုင်ထားမယ်ဆို ရင် နိုင်ထက်စီးနင်း မပြုဖြစ်တော့ပါဘူး၊ မေတ္တာတရား၊ ကရုဏာတရားတွေ ရင်ဝယ်ထားပြီး အလှူဒါန ပြုလုပ်တဲ့ အလှူဒါနမျိုးလို့ ယူဆရမှာပါ၊ ဗြဟ္မ၀ိဟာရ တရားလက်ကိုင်ထားကြတဲ့ သူတို့ရဲ့ သန္တာန်မှာ အမြဲ ငြိမ်းချမ်းနေပြီး ဖြောင်ဖြူးတဲ့ ဘ၀ခရီးကိုလည်း လျှောက်လှမ်းနိုင်ကြမှာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း သူ့ရဲ့ အမြင်၊ သူ့ရဲ့အတွေး၊ သူ့ရဲ့ ခံယူချက်က ကိုယ်ချင်းစာတရား ထားပြီး ကောင်းမှုကုသိုလ် ပြုလုပ်တာဟာ အကောင်းဆုံးပဲလို့ တင်ပြလာခြင်းဖြစ်ပါတယ်။

          ဒီနတ်သားခြောက်ဦးတို့ဟာ အလှူဒါနနဲ့ ပတ်သက်လို့ တစ်ဦးနဲ့ တစ်ဦး အမြင်ချင်း မတူကြတဲ့ အတွက် သူတို့ရဲ့ အမြင်တွေ့နဲ့ ပတ်သက်ပြီး ဘယ်သူ့ရဲ့ အမြင်၊ ဘယ်သူရဲ့ အလှူဒါနမျိုးဟာ အကောင်းဆုံး ဖြစ်နိုင်မလဲ ဘယ်လိုအလှူဒါနမျိုးဟာ အကောင်းဆုံးဖြစ်မလဲဆိုတာ ကွဲကွဲပြားပြားလည်း သိချင်နေကြ ပါတယ်။ သိချင်နေကြတဲ့အတွက်လည်း မြတ်စွာဘုရားထံ ချဉ်းကပ်ခစားပြီး သူတို့တစ်တွေရဲ့ ဆွေးနွေး တိုင်ပင် ထားပုံတွေကို အသီးသီးလျှောက်ထားကြပါတယ်။ ဘယ်အလှူဒါနဟာ အကောင်းဆုံးလဲ တဲ့ …

          မြတ်စွာဘုရားက အလှူဒါနနဲ့ ပတ်သက်လို့ ဘယ်သူ့ရဲ့ အလှူဒါနဟာ ကောင်းတယ် မိန့်တော်မမူဘဲ လှူဒါန်းကြတဲ့ အလှူဒါနတိုင်းဟာ သူ့ရှုထောင်နဲ့သူ အသီးသီးကောင်းကြပါတယ်လို့ပဲ ယေဘုယျအားဖြင့် မိန်တော်မူပါတယ်၊ ဒါပေမယ့် ဘုရားအစရှိတဲ့ သူတော်ကောင်းတို့ရဲ့ အလှူဒါနမျိုးမဖြစ်သေးပါဘူးလို့ မိန့်ကြားခဲ့ပြီး ဆက်လက်မိန့်တော်မူတာက နိဗ္ဗာန်ကို မျက်မှောက်ပြုသွားကြတဲ့ ရှေးကသူတော်ကောင်း သူမြတ်လောင်းတွေရော၊ အဲဒီထက် ရှေးကျတဲ့ သူတော်ကောင်း သူမြတ်လောင်းတွေပါ အလှူဒါန စတဲ့ ကောင်းမှုကို ပြုလုပ်ကြတဲ့အခါ နိဗ္ဗာန်ကို ရည်မှန်းပြီး လှူဒါန်းကြပါတယ်တဲ့၊ အဲဒီလို လှူဒါန်းလိုက်တဲ့  အလှူဟာ အကောင်းဆုံးပါပဲလို့ မိန့်တော်မူခဲ့ပါတယ်။ မြတ်စွာဘုရား မိန့်မှာဟောကြားတော်မူတဲ့ အတိုင်း အကောင်းဆုံးအလှူကို လှူဒါန်းနိုင်ကြပါစေ။

ရွှင်လန်းချမ်းမြေ့ကြပါစေ။




          အနန္တောအနန္တ ငါးပါးတွင် ဆရာသည် တစ်ပါးအပါအ၀င် ဖြစ်ပါတယ်။ ယနေ့ခေတ်အခါတွင် အမြို့မြို့ အနယ်နယ်ရှိ စာသင်ကျောင်းတိုင်းတွင် တပည့်ဟောင်းများ စုပေါင်း၍ အာစရိယ ပူဇော်ပွဲများ ကျင်းပပြု လုပ်လေ့ရှိကြတာကို တွေ့မြင်နေရ၊ ကြားသိနေရပါတယ်။ မိမိတို့ တက်ရောက်သင်ယူ ခဲ့ကြတဲ့ ကျောင်းမှ ဆရာ ဆရာမများအား ကျောင်းသား၊ ကျောင်းသူဟောင်များ ဖြစ်ကြတဲ့ တပည့်ဟောင်းများက မေတ္တာ စေတနာဖြင့် အထူးဂါရ၀ထားကာ စုပေါင်းပြီး ပူဇော်ကန်တော့ကြခြင်း၊ ဧည့်ခံကြခြင်းလည်း ဖြစ်ပါတယ်။

          ၂၆. ၄. ၂၀၁၅ ရက်၊ တနင်္ဂနွေနေ့တွင် တွဲဘက် အ လ က ကျောင်းမှာ ငယ်စဉ်က ပညာသင်ရည်နို့ အတူတူသောက်စို့ခဲ့ကြတဲ့ တပည့်ဟောင်းမျာဖြစ်ကြသည့် ကျောင်းသား၊ ကျောင်းသူ ဟောင်းများက ဆရာ ဆရာမများအား ပင့်ဖိတ်၍ အာစရိယပူဇာ မြတ်ဆရာပူဇော်ပွဲကို ကျင်းပပြုလုပ်ခဲ့ကြပါတယ်။ ဒီအကြိမ်နှင့် ဆိုလျှင် ဒုတိယ အကြိမ်မြောက် ကျင်းပပူဇော်တဲ့ ပွဲလည်းဖြစ်ပါတယ်။ ပထမအကြိမ် ကျင်းပပြုလုပ်ခဲ့စဉ်က အဝေးတစ်နေရာကို ရောက်နေတဲ့အတွက် မသိရှိခဲ့ရပါ။ ယခု ဒုတိယ အကြိမ်မှာတော့ ပါဝင်ခွင့် ရခဲ့ပါတယ်။ အာစရိယပူဇော်ပွဲ လာရောက်ဖို့လည်း သူငယ်ချင်းများက အကြောင်းကြားကြပါတယ်။ အဲဒီအချိန်မှာ စာရေးသူ မအားမလပ်ဖြစ်နေ၍ လာရောက်နိုင်အောင် ကြိုးစားပါမယ်လို့ သူငယ်ချင်းများထံ အကြောင်းပြန်ခဲ့ပါတယ်။ ဒါပေမယ့် သူငယ်ချင်းများရဲ့ ဆန္ဒကို မလွန်ဆန်ချင်တာရယ် မတွေ့ဆုံကြရတာ ကြာပြီဖြစ်တဲ့ ဆရာ ဆရာမများကို တွေ့ဆုံချင်တာရယ်ကြောင့် ကြိုးစားပြီး အာစရိယပူဇော်ပွဲသို့ သွားရောက်ဖြစ်ခဲ့ပါတယ်။ ( စီစဉ်သူများမှ ရက်အနည်းငယ်အတွင်း ပူဇော်ပွဲ ဖြစ်မြောက်အောင် ဆောင်ရွက် ကြတဲ့ အတွက် အချို့ တပည့်ဟောင်း မလာရောက်နိုင်ကြပါ။ ကျောင်းသားဟောင်းများ စုံလင်စွာ မလာရောက်နိုင်ကြပေမယ့် အာစရိယ ပူဇော်ပွဲအတွက် ပါဝင်လှူဒါန်းခဲ့ကြပါတယ်။)       

          ဆရာ ဆရာမများထံတွင် ပညာရည်နို့ သောက်စို့ခဲ့ကြသော တပည့်များတွင် သာသနာ့ဘောင်သို့ ၀င်ရောက်နေကြသည့် တပည့်များလည်း ပါဝင်ပါသည်။ တပည့်များဖြစ်ခဲ့ကြသည့် ရဟန်းတော်များကို လည်း ပင့်ဖိတ်ပြီး ပရိတ်တရားတော်များ နာယူခြင်း၊ လှူဖွယ်များ ဆက်ကပ်လှူဒါန်းခြင်း၊ ကွယ်လွန်သွားခဲ့ ကြပြီဖြစ်တဲ့ ဆရာကြီးတို့နှင့်တကွ သတ္တ၀ါ ဝေနေယျတို့အား ရေစက်သွန်းချ အမျှပေးဝေခြင်းနှင့် ဆွမ်းခဲဖွယ် ဘောဇဉ်များ ဆက်ကပ်လှူဒါန်းခြင်းတို့ကိုပါ ပူးတွဲ ကျင်းပပြုလုပ်ခဲ့ကြပါတယ်။

          ငယ်စဉ်ကလေးဘ၀ ပညာသင်ယူစဉ်အခါက ဆင်းရဲပင်ပန်းစွာနဲ့ ပညာသင်ယူခဲ့ကြရပုံ၊ ဆရာ ဆရာမများ နေပူ မိုးရွာမရှောင် ရွှံ့ဗွက်တောထဲကို ဖြတ်ကျော်ပြီး ပညာသင်ပေးခဲ့ကြပုံတို့ကို အောက်မေ့ သတိရခဲ့ပါတယ်။ စေတနာ၊ ၀ါသနာ၊ အနစ်နာ၊ အကြင်နာ၊ နည်းနာ ဆိုတဲ့ နာငါးနာနဲ့ ပညာဖြန့်ဝေ ပေးခဲ့ ကြတဲ့ ဆရာ ဆရာမတို့ ကျေးဇူးတွေကို အမြဲတန်း အမှတ်ရစေခဲ့ပါတယ်။ ဒီကျောင်းရှေ့က ဖြတ်သွားတိုင်း ငယ်ငယ်က ပညာသင်ယူခဲ့တဲ့ ကျောင်းပဲလို့လည်း နှလုံးသွင်းဖြစ်ခဲ့ပါတယ်၊ ယခုဆိုလျှင် တိုက်ကျောင်း ဆောင်တွေနဲ့ အေးချမ်းစွာ ပညာသင်ယူနိုင်ကြပြီဖြစ်တဲ့ စာသင်ဆောင်တွေဟာ စာရေးသူတို့ ကျောင်းသား ဘ၀က ဓနိမိုး ထရံကာနဲ့ ဖြစ်သလိုစာသင်ခဲ့ရပုံ၊ စာအုပ်စာတမ်း မပြည့်မစုံ သင်ယူခဲ့ပုံတွေ စသည် စသည်ဖြင့် အတွေးပုံရိပ်တွေ အဆွေးပုံရိပ်တွေလည်း တဒင်္ဂ တစ်ခဏဖြစ်ပေါ်စေခဲ့ပါတယ်။

          အောင်အောင်မြင်မြင်နဲ့ စည်စည်ကားကား ကျင်းပပြုလုပ်နိုင်ခဲ့တဲ့ အာစရိယပူဇာ မြတ်ဆရာ ပူဇော်ပွဲနဲ့ ကျောင်းသားဟောင်းများ တွေ့ဆုံခွင့်ရတဲ့ ပွဲဟာ တဒင်္ဂ အတွေးပုံရိပ်တွေ အဆွေးပုံရိပ်တွေကို လွင့်ပျောက်စေခဲ့ပြီး ပျော်ရွှင်ကြည်နူးမှု ၀မ်းမြောက်မှုကို အမှန်ပင် ဖြစ်စေခဲ့ကြလိမ့်မယ်လို့ ယုံကြည်မိ ပါတယ်။
ရွှင်လန်း ချမ်းမြေ့ကြပါစေ။



ဒိန်းမက်နိုင်ငံမှာ ရောက်ရှိနေကြတဲ့ မြန်မာမိသားစုများ စုပေါင်း၍ ဗုဒ္ဓနေ့ အထိမ်းအမှတ် ကုသိုလ်ကို (၉. ၅. ၂၀၁၅) ရက် စနေနေ့တွင် ပြုလုပ်ခဲ့ကြပါတယ်၊ ရာသီဥတု အေးပြီး မိုးတဖွဲဖွဲကျနေတဲ့ ကြားထဲက ကျောင်းတော်သို့ အရောက်လာကြပြီး ကုသိုလ်ကောင်းမှုတို့ကို ပြုလုပ်ကြပါတယ်၊ ဒိန်းမက်နိုင်ငံမှာ မြန်မာဘုန်းတော်ကြီးကျောင်းဖြစ်တဲ့ ဗုဒ္ဓရံသီ ကျောင်းတော်ကို ၁၄. ၈. ၂၀၀၇ ခုနှစ်မှာ စတင်တည် ထားခဲ့ကြပါတယ်။ ဒီကျောင်းတော်ကို ပီနန်းဆရာတော်ကြီးနှင့် လန်ဒန်ဆရာတော် ဦးဥတ္တရ တို့က ဦးစီးပြီး ဒိန်းမက်နိုင်ငံရောက် မြန်မာနိုင်ငံသားများ စုပေါင်းကာ တည်ထောင်ထားခဲ့တာဖြစ်ပါတယ်။

          အခုဆိုရင် ကျောင်းတော်ကြီးသာ ရှိပြီး နေထိုင်သီတင်းသုံးမည့် ရဟန်သံဃာကား အမြဲမရှိဘဲ ခေတ္တသီတင်းသုံးသည့် ဆရာတော်သာ ရှိပါသည်။ ဒိန်းမက်ရောက် မြန်မာ မိသားစုများ အတွက် မွေးနေ့ပွဲများ၊ ဗုဒ္ဓဘာသာနှင့် သက်ဆိုင်သော နေ့ထူးနေ့မြတ်ပွဲများ၊ နှစ်သစ်ကူးပွဲများတွင် ဘုန်းတော်ကြီး ကျောင်းသို့ လာရောက်ဖြစ်စေ၊ မိမိတို့နေအိမ်သို့ ဆရာတော်များကို ပင့်ဖိတ် ၍ဖြစ်စေ၊ ကောင်းမှုကုသိုလ်များ ပြုလုပ်ချင်ကြကြောင်း သို့သော် ဘုန်းတော်ကြီးကျောင်းတွင် သီတင်း သုံးတော်မူမည့် ရဟန်းသံဃာများ မရှိခြင်းကြောင့် မပြုလုပ်ဖြစ်ကြဘဲ ခေတ္တခဏ ကြွရောက်တော် မူလာကြသည့် ဆရာတော်များ ရောက်ရှိလာ ကြသည့်အခါမှသာ ကုသိုလ်ကောင်းမှု များ ပြုလုပ်ဖြစ်ကြောင်း ပြောပြကြပါသည်။
      ဒိန်းမက်မှာရှိသည့် ဗုဒ္ဓရံသီ မြန်မာဘုန်းတော်ကြီး ကျောင်းခြံသည် ၁ . ၀၀ ဧက ကျော် ကျယ်ဝန်းပါသည်။ထိုကျယ်ဝန်းသော ခြံဝန်းတွင် ကျောင်းဆောင်ကို ဆောက်လုပ်ထားသဖြင့် အေးချမ်းစွာ နေထိုင်လိုသူ အတွက် အလွန်သင့်လျော်လှပါသည်။ ဒိန်းမက်မှာ နေထိုင်ကြသည့် မြန်မာ ဗုဒ္ဓဘာသာဝင်များ သည် စနေနေ့တိုင်း ဗုဒ္ဓရံသီ ဘုန်းတော်ကြီးကျောင်းသို့ လာကြပြီး ဆွမ်းခဲဖွယ် ဘောဇဉ်များ ဆက်ကပ်လှူဒါန်းခြင်း၊ သီလခံယူဆောက်တည်၍ တရားဓမ္မများ နာယူခြင်း၊ ပဌာန်း ပစ္စယနိဒ္ဒေသ ပါဠိတော် များကို စုပေါင်းရွတ်ဆိုပူဇော်ခြင်းဆိုတဲ့ ဒါန၊ သီလ၊ ဘာဝနာ ကုသိုလ်တို့ကို ရယူလေ့ရှိကြပါသည်။ ထို့နောက် တစ်နေ့တာ ပြုလုပ်အားထုတ်ခဲ့ကြတဲ့ ဒါန၊ သီလ၊ ဘာဝနာ ကုသိုလ်တို့၏ အဖို့ဘာဂကို ကိုယ်စောင့်နတ်၊ ကျောင်းစောင့်နတ် တို့ကို အစထား၍ သုံးဆယ့်တစ်ဘုံ ကျင်လည်ကြကုန်သော သတ္တ၀ါ အားလုံးတို့အား ရေစက်သွန်းချ၍ အမျှအတန်းများ ပေးဝေကြပါသည်။

          နံနက် ၁၀း ၀၀ နာရီခန့်မှ ရောက်ရှိလာကြတဲ့ ဗုဒ္ဓရံသီ မြန်မာမိသားစုများသည် ညနေ ပဌာန်းရွတ် ဖတ်ပူဇော်ပြီးသည့် ၇း ၀၀ နာရီအထိ ကျောင်းတော်မှာပင် နေကြပြီး ပဌာန်ဒေသနာတော် ရွတ်ဆိုပူဇော် ပြီးမှသာ အတူတူ ပြန်သွားလေ့ရှိကြပါတယ်။ အချို့ရပ်ဝေးမြို့များမှ လာရောက်ကြသူများသည် ကျောင်းမှာ ညအိပ်တည်းခိုကြပြီး နောက်ရက်မှ ပြန်လေ့ရှိကြပါသည်။ ဘုန်းတော်ကြီးကျောင်း ရှိတဲ့အတွက် ကုသိုလ် ကောင်းမှုများ တိုးပွားရကြောင်းနဲ့ မြန်မာမိသားစု တစ်ပတ်တစ်ခါ တွေ့ဆုံကြရကြောင်း၊ ကလေးငယ်များ အချင်းချင်း ပိုပြီး ရင်းနှီးလာကြကြောင်း ပြောပြကြပါသည်။

My Photo Album

Labels

article (38) home (2) photo (2) video (1)
Myspace Clocks, Flowers Clocks at WishAFriend.com

Get the Twitter Widget widget and many other great free widgets at Widgetbox! Not seeing a widget? (More info)

Labels