Posted by
Pannavamsa
 / 3:50 AM / 
Comments: (0)
          
လန်ဒန်မြို့သို့ ရောက်နေခဲ့စဉ် တစ်နေ့မှာ ဆရာတော်တို့နဲ့ အတူ နေ့ဆွမ်းစားကြွခဲ့ရပါတယ်။ ဆရာတော်ရယ်၊ သူငယ်ချင်းရယ်၊ စာရေးသူရယ်ပါ။ မြန်မာမိသားစုများ သိုက်သိုက်ဝန်းဝန်းနဲ့ ဆွမ်းခဲဖွယ်များ ဆက်ကပ်လှူဒါန်း ခဲ့ကြ ပါတယ်။ ဆွမ်းအလှူရှင်ရဲ့ ဆွမ်းလှူဒါန်းတဲ့ ရည်ရွယ်ချက်က ဘ၀တစ်ပါးသို့ ပြောင်းသွားခဲ့တဲ့ ခင်ပွန်းဖြစ်သူ အတွက် ရည်စူးပြီး ကုသိုလ်ပြုလုပ်တာဖြစ်ပါတယ်။ ကွယ်လွန်သွားခဲ့တာ (၇) နှစ် ရှိခဲ့ပြီဖြစ်ကြောင်းလည်း လျှောက်ထား ပါတယ်။
ဆရာတော်မှ စာရေးသူအား တရားဓမ္မ ချီးမြှင့်ရန် တာဝန်ပေးခဲ့ပါတယ်။ ပြီးတော့ ဆရာတော်မှပဲ စာရေးသူဟာ ဧည့်သည် (အာဂန္တု) တစ်ပါး ဖြစ်တဲ့အကြောင်း၊ ဂျာမဏီမှာ သီတင်းသုံးနေထိုင်တာဖြစ်ကြောင်း စသည်ဖြင့် ဒကာ၊ ဒကာမ များနဲ့လည်း မိတ်ဆက်ပေးခဲ့ပါတယ်။ အဲဒီနောက် စာရေးသူမှ တရားဓမ္မ အနည်းငယ် ချီးမြှင့်ခဲ့ပါတယ်။ ချီးမြှင့်ခဲ့တဲ့ တရားကတော့ တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက ဘဒ္ဒန္တသီလက္ခန္ဒာဘိဝံသ ရေးဖွဲ့ပူဇော်ထားတဲ့ တိပိဋကဓရ အရှင်မြတ်များ၏ဖခင် ကမ္ဘာကျော် မင်းကွန်းထေရ်အရှင် ဆိုတဲ့စာအုပ်ထဲက ပညာရှင်များ မိန့်ဆိုသွားတဲ့ စကားလေးပါ။ ဒီစကားလေးကို နှစ်သက် သဘောကျတာလည်းပါ၊ တိုက်ဆိုင်တာ လည်းပါ၊ ပြီးတော့ အမှတ်ရတာလည်းပါလို့ အမှတ်တရ ပြောပြဖြစ်ခဲ့တာပါ။
အဲဒီစကားကတော့ ကြာလည်းမမေ့၊ ရှာလည်းမတွေ့၊ ငါလည်းတစ်နေ့ ဆိုတဲ့ စကားလေးပါပဲ။ ကြာလည်းမမေ့တဲ့ ဆိုတဲ့ ဒီစကားက ကျေးဇူးရှိခဲ့ကြတဲ့ သူတွေ၊ မိတ်ဆွေသင်္ဂဟတွေ ဆုံးပါးသွားခဲ့ကြတဲ့အခါ ကျန်ရစ်ခဲ့ကြရှာတဲ့ သူတွေက ကောင်းရာသုဂတိကို ရောက်ကြပါစေဆိုတဲ့ ကောင်းမြတ်တဲ့ ရည်ရွယ်ချက်နဲ့ ကုသိုလ်ကောင်းမှုတွေ ကို သတိတရ ပြုလုပ်ကြပါတယ်၊ ရေစက်သွန်းချပြီး အမျှအတန်း များ ပေးဝေလေ့ရှိကြပါ တယ်။ ဒါဟာ ဗုဒ္ဓဘာသာဝင်များရဲ့ ကောင်းမြတ်တဲ့ အစဉ်အလာတစ်ခုဖြစ်သလို၊ လိုက်နာသင့်၊ အတုယူသင့်တဲ့ အလေ့အကျင့်ကောင်း တစ်ခုလည်း ဖြစ်ပါတယ်။ ဘယ်လောက်ပဲ နှစ်ပရိစ္ဆေဒတွေ ကြာညောင်းနေပါစေ သူတစ်ပါး ရဲ့ ကျေးဇူးကို ဘယ်တော့မှ မမေ့ဘူးဆိုတဲ့ သဘောနဲ့ ကျေးဇူးတရားကို သိတတ်ကြသူတွေဟာ တစ်လတစ်ခါ (သို့မဟုတ်) တစ်နှစ် တစ်ခါတော့ များသောအားဖြင့် ကုသိုလ် ပြုလုပ်ကြပါတယ်။ ဒါဟာ ပထမဆုံးစကားရဲ့ ကြာ လည်း မမေ့ ဆိုတဲ့ သဘောပါပဲ။
နောက် ဒုတိယ စကားတစ်ခွန်းက ရှာလည်းမတွေ့ တဲ့ ပုထုဇဉ်တို့ရဲ့ သဘာဝအရ ကွယ်လွန်ဆုံးပါးသွားတဲ့အခါ လားရောက်ရမယ့် ဘုံဘ၀ဟာ ဒေ၀ဂတိ = နတ် - ဗြဟ္မာပြည်၊ မနုဿဂတိ = လူ့ပြည်၊ နိရယဂတိ = ငရဲပြည်၊ ပေတဂတိ = ပြိတ္တာပြည်၊ တိရစ္ဆာနဂတိ = တိရစ္ဆာန်ပြည် ဆိုပြီး ငါးနေရာ၊ နေရာငါးခု ရှိပါတယ်။ အဲဒီနေရာ ငါးခုမှာ တစ်နေရာရာ၊ တစ်ခုခုတော့ လူတိုင်းရောက်ကြရ၊ ဖြစ်ကြရပါတယ်။ တစ်နည်းအားဖြင့် ပြောရရင် သုံးဆယ့်တစ်ဘုံ အတွင်းမှာ ကျင်လည်ကြရပါတယ်။ ဘယ်ဘ၀၊ ဘယ်ဌာန ရောက်မယ်ဆိုတာ မသိနိုင်ကြ ပါဘူး၊ လိုက်ရှာလို့လည်း မတွေ့နိုင်တော့ပါဘူး။ တကယ်လို့ ဘ၀တစ်ခုခုမှာ ကြုံတောင်ကြုံခဲနဲ့ ပြန်လည်ကြုံတွေ့ ခဲ့ကြမယ်၊ ဆုံတွေ့ခဲ့ကြမယ် ဆိုရင်တောင်မှ ဘ၀တွေ မြောက်မြားစွာ ခြားနားသွားခဲ့ကြတဲ့ အတွက်ကြောင့် လည်းကောင်း၊ ဇာတိဿရဥာဏ် မရကြတဲ့အတွက်ကြောင့် လည်းကောင်း မှတ်မိကြမှာ မဟုတ်ပါဘူး။ ဒါကြောင့်လည်း ရှာလည်း မတွေ့လို့ ဆိုထားခဲ့တာပါ။
နောက်ဆုံး တတိယ စကားတစ်ခွန်းက ငါလည်းတစ်နေ့ တဲ့ မည်သူမဆို ဇာတိရယ်လို့ရလာရင် အိုမှု၊ နာမှု၊ သေမှုဆို တဲ့ သဘောတရားတွေကို မလွဲမသွေ ရင်ဆိုင်တွေ့ကြုံ ကြရမှာပါပဲ၊ ရှောင်လွှဲလို့မရသလို၊ ပုန်းအောင်းနေလို့လည်း မရပါဘူး။ တစ်နေ့နေ့ တစ်ချိန်ချိန်မှာ မိမိထံမှောက် ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာမှာပါပဲ။ အိုမှုရဲ့ခေါ်ဆောင် မှု နောက်၊ နာမှုရဲ့ခေါ်ဆောင်မှု နောက်၊ သေမှုရဲ့ ခေါ်ဆောင်မှု နောက်ကို မလိုက်ချင်ပေမယ်လို့ မလွဲဧကန် အသီးသီး လိုက်ကြရမှာပါပဲ။ မည်သူမျှ ငြင်းဆန်လို့ မရ၊ လွန်ဆန်လို့ မရ၊ တံစိုးလက်ဆောင်ပေးလို့ မရကြပါဘူး။ သူရော ကိုယ်ပါ အားလုံးဟာ ဇရာ၊ ဗျာဓိ၊ မရဏတို့ရဲ့ ခေါ်ဆောင်ရာ နောက်ကို ကောက်ကောက်ပါအောင် လိုက်ကြ ရမှာပါပဲ။ ဒါကြောင့်လည်း ငါလည်းတစ်နေ့ လို့ မိန့်ဆိုထားခဲ့ တာပါ။ ဒီစကားဟာ စာရေးသူတို့ကို သတိ သံဝေဂ ပေးတဲ့ စကားလေးပါပဲ။ မေ့မေ့လျော့လျော့ မနေသင့်ဘူး ဆိုတဲ့ သဘောကို ညွှန်ပြတဲ့ စကားလည်းဖြစ်ပါ တယ်။ အဲဒါကြောင့် အသိပညာနဲ့ ပြည့်စုံနေတဲ့ လူ့ဘ၀ကို ရရှိနေကြတဲ့ အခိုက်အတန့်လေး မှာ ကောင်းမှုကုသိုလ် တရားတွေကို တတ်နိုင်သမျှ ရယူထားကြရပါမယ်၊ ဆည်းပူးထားကြရပါမယ်၊ မာန်မာနတွေ အာဃာတတွေ မထားဘဲ ဘေးဖယ်ထားရမယ်လို့ ငါလည်းတစ်နေ့ ဆိုတဲ့ စကားလေးက သတိသံဝေဂတွေပေးပြီး တိုက်တွန်းနေပါ တယ်။
ဒီစကားသုံးခွန်းကို သေချာစဉ်းစားကြည့်မယ်ဆိုရင် ကြာလည်းမမေ့ဆိုတဲ့ စကားက သူတစ်ပါးရဲ့ ကျေးဇူးတရား ကို အမြဲတမ်းအမှတ်တရ ပြုသင့်တယ်ဆိုတဲ့အမြင်၊ ရှာလည်း မတွေ့ဆိုတဲ့ စကားက လူ့ဘ၀ နေရတဲ့ အခိုက်အတန့် လေးမှာ မိသားစုအချင်းချင်း၊ ဆွေမျိုးအချင်းချင်း၊ မိတ်သင်္ဂဟ အချင်းချင်းအပေါ်မှာ မေတ္တာ သက်ဝင်ပြီး ချစ်ချင်ခင်ခင် ကြင်ကြင်နာနာ နေထိုင်ကြရမယ်ဆိုတဲ့အမြင် နဲ့ ငါလည်း တစ်နေ့ဆိုတဲ့ စကားက သတိသံဝေဂတွေ ပွားများပြီး ကုသိုလ်တရားတွေကို မမေ့မလျော့ ကြိုးစားပွားများ ပြုလုပ်ထားသင့်တယ်ဆိုတဲ့ အမြင်တွေ ပေးနေတာ ကို တွေ့မြင်ကြရမယ်၊ တွေ့မြင်ကြရတယ်ဆိုတဲ့ အကြောင်း ပြောပြဖြစ်ခဲ့ပါတယ်။
အခုလို တိုက်တွန်းစကားပြောခဲ့ပုံအတိုင်း မင်းကွန်းတိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက ဆရာတော်ဘုရားကြီးက လည်း -
· ရုပ်နာမ်ဓမ္မ၊ သင်္ခါရတို့..ကိုယ်ကဤပုံ၊ ဖြစ်လိုတုံလည်း…တစ်ဖုံဆင်ကွဲ၊ သူတနဲဖြင့်၊ ဖောက်လွဲတတ်စွာ ဓမ္မ တာကို ပညာစက္ခု၊ မျှော်ထောက်ရှု၍…
· ယခုပင်လျှင်၊ မအိုခင်က..ကြိုတင်ကောင်းမှု၊ ကြိုးစားပြုလော့..
· ယခုပင်လျှင်၊ မနာခင်က…ကြိုတင်ကောင်းမှု၊ ကြိုးစားပြုလော့..။
· ယခုပင်လျှင်၊ မသေခင်က..ကြိုတင်ကောင်းမှု၊ ကြိုးစားပြုလော့…။
· ရတုချိန်ထောက်..ဤခါရောက်မှ ချုပ်ပျောက်ခန္ဓာ..သေစိမ့်ငှာဟု..သတ္တဝါခပင်း၊ ရှင်သေမင်းနှင့်၊ မိတ်သင်းဖွဲ့ လျက်၊ ချိန်းအချက်လျှင်..တစက်ကမှမရှိကြဘူး။
· အပ္ပမာဒေန၊ ဘိက္ခဝေ သမ္ပာဒေထ၊ ဘုရားစကား၊ လိုက်နာပွားကာ၊ တရားလက်မလွှတ်စေနှင့်.
ဟု သံဝေဂ ကဗျာရေး၍ သတိပေးခဲ့ပါတယ်။
(လန်ဒန်သို့ ရောက်ခဲ့စဉ်က ဟောကြားခဲ့တဲ့ တရားကို ပြန်လည်၍ မှတ်တမ်းတင်ထားခြင်း ဖြစ်ပါသည်။)
ရွှင်လန်းချမ်းမြေ့ကြပါစေ။
အရှင်ပညာဝံသ (ကွမ်းခြံကုန်း)
Posted by
Pannavamsa
 / 1:19 AM / 
Comments: (0)
          
နည်းသည်ဖြစ်စေ၊ များသည်ဖြစ်စေ လူတိုင်းလိုလို အလှူကောင်းမှု တစ်ခုခုကို ပြုလုပ်ခဲ့ကြဖူးသူတွေ များပါ တယ်၊ အဲဒီ အလှူမှာလည်း တိုက်တွန်းလို့ လှူလိုက်ရတဲ့အလှူနဲ့ မတိုက်တွန်းရဘဲ ပင်ကိုယ် အသိစိတ်ဓာတ်နဲ့ အလိုလို သဒ္ဓါပေါက်ပြီး လှူတဲ့ အလှူဆိုပြီး အလှူနှစ်မျိုးရှိပါတယ်၊ ပါဠိလိုတော့ သသင်္ခါရိက ကုသိုလ် နဲ့ အသင်္ခါရိက ကုသိုလ်လို့ ခေါ်ပါ တယ်။ (သသင်္ခါရိက ကုသိုလ် = တိုက်တွန်းလို့ လှူဖြစ်တဲ့ ကုသိုလ်၊ အသင်္ခါရိ က ကုသိုလ် = မတိုက်တွန်းရဘဲ လှူဖြစ်တဲ့ ကုသိုလ်)၊ စာရေးသူဟာ သူတစ်ပါးတိုက်တွန်းလို့ လှူဖူးတဲ့ အလှူ ကုသိုလ်ကိုရော၊ မတိုက်တွန်းဘဲနဲ့ လှူဖူးတဲ့ အလှူ ကုသိုလ် နှစ်မျိုးလုံးကိုပါ လှူဒါန်းခဲ့ဖူးပါတယ်။ ဒီကုသိုလ် နှစ်မျိုးထဲမှာ သူတစ်ပါးရဲ့ တိုက်တွန်းနှိုးဆော်မှု မပါဘဲ လှူဒါန်းဖြစ်တဲ့ ကုသိုလ်က ပို၍ အကျိုးကျေးဇူး များလှပါ တယ်။ သူတစ်ပါး မတိုက်တွန်းဘဲ လှူဒါန်း ဖြစ်တဲ့ ကုသိုလ်က ပိုလို့အကျိုးများကြောင်းကို ငယ်စဉ် စာသင်သား ဘ၀ ဆရာဘုန်းကြီး ထံမှာ စာဝါလိုက်ခဲ့စဉ်ထဲက သိရှိနားလည်ခဲ့ပြီးသားပါ၊ သို့သော် ကလေးဘ၀ က ဒီစာအံ၊ ဒီစာကျက် အဆင့်ပါပဲ၊ စာမေးပွဲ အောင်ပန်းဆင်နိုင်ဖို့အတွက်သာ အဓိကထား ကျက်မှတ်သင်ယူ ခဲ့မိတာ အမှန်ပါပဲလို့ ရိုးသားစွာ ၀န်ခံပါရစေ။ နက်နက်နဲနဲ တွေးခေါ်တတ်မှု မရှိခဲ့သေးပါ။
အခုအချိန်မှာတော့ ငယ်စဉ်က သင်အံခဲ့တဲ့ စာတွေရဲ့ သဘောသဘာဝကို
ကလေးဘ၀ကထက်စာရင် လက်တွေ့ ခံစားသိမြင်နိုင်တတ်၊ တွေးခေါ်ဆင်ခြင်နိုင်တတ်တဲ့
အနေအထားသို့ အနည်းငယ် ရောက်ရှိ လာတယ် လို့ ဆိုရမလားပါပဲ၊ အကြောင်းမှာ စာရေးသူ
ကိုယ်တိုင်လှူဖြစ်ခဲ့တဲ့ အလှူလေးကို တွေးပြီး ၀မ်းသာကြည်နူးမှုကို
ဖြစ်ပေါ်စေခဲ့လို့ပါပဲ၊ ဒီအလှူကလည်း မထင်မှတ်ဘဲ လှူဖြစ်ခဲ့တဲ့ အလှူဖြစ်သလို၊
မတိုက်တွန်းဘဲနဲ့ လှူဖြစ်ခဲ့တဲ့ အလှူလည်း ဖြစ်လို့ပါပဲ၊ တစ်နေ့ စာရေးသူ
နေထိုင်သီတင်းသုံးတဲ့ဆီကို စာရေးသူရဲ့ ဒကာမကြီး ရောက်ရှိလာခဲ့ ပါတယ်။ ဒကာမကြီးက
အများအကျိုး သယ်ပိုးရွက်ဆောင်ပေးနေတဲ့ ဒကာမကြီးပါပဲ၊ စာရေးသူထံ ရောက်လာ တာကလည်း
ကြုံလို့ဆုံလို့ ရောက်လာခြင်းမျိုးပါ၊ သီးသန့် လာခြင်းမျိုး မဟုတ်ပါဘူး၊ ပရဟိတနဲ့
ပတ်သက်တဲ့ အစည်းအဝေးတစ်ခုကို တက်ရောက်ဖို့အတွက် လာရောက်ရင်းနဲ့ ကြုံလို့
လာရောက်ခဲ့ခြင်းသာ ဖြစ်ပါတယ်။
ဒကာမကြီး ရောက်လာတာနဲ့ စာရေးသူလည်း အလွန်ပဲ ၀မ်းသာခဲ့ပါတယ်၊
ဒကာမကြီးတို့ရဲ့ ပရဟိတ လုပ်ငန်းတွေ လုပ်ကိုင်ဆောင်ရွက်နေတာကို ကြည့်ပြီးလည်း သာဓု
အကြိမ်ကြိမ် ခေါ်ဆိုဖြစ်ခဲ့ပါတယ်။ မိမိ ကိုယ်တိုင် မဆောင်ရွက်နိုင်ပေမယ့်
ဆောင်ရွက်နိုင်ကြတဲ့ သူတွေကို ကြည့်ပြီး ပီတိဖြစ်ခဲ့ပါတယ်၊ ပီတိ ဖြစ်ရုံတင် မကဘဲ
တတ်နိုင်သလောက် တစ်ဖက်တစ်လမ်းကနေ ဆောင်ရွက်ချင်တဲ့ စိတ် ဆန္ဒများ လည်း
ဖြစ်ပေါ်ခဲ့ပါတယ်။ ဒါနဲ့ ဒကာမကြီးကိုပဲ အကူအညီတောင်းပြီး စာရေးသူရဲ့ ဇာတိ ချက်ကြွေ
မွေးရပ်မြေက မူကြိုကလေးငယ်များ အတွက်ရော၊ ကျေးရွာစာကြည့်တိုက် အတွက်ပါ အလှူငွေ ထည့်ဝင်လှူဒါန်းဖြစ်ခဲ့ပါတယ်။
ဒကာမကြီးမှ တစ်ဆင့် လှူဒါန်းကူညီပေးဖို့လည်း မေတ္တာရပ်ခံဖြစ်ခဲ့ပါတယ်။ 
စာရေးသူရဲ့ ကျေးရွာ စာကြည့်တိုက်အတွက် စာအုပ် စာတမ်းများ လိုအပ်နေလို့
လှူဒါန်းမယ့် အကြောင်း ရင်းနှီး ခင်မင်တဲ့ ဒကာ၊ ဒကာမ ဇနီးမောင်နှံတို့ကို
ပြောပြဖြစ်တော့ သူတို့လည်း ပါဝင်လှူဒါန်းကြမယ့် အကြောင်း ပြောကြားပြီး
ပါဝင်လှူဒါန်းဖြစ်ခဲ့ပါတယ်။ ပို၍ အားဖြစ်စေခဲ့ပါတယ်။ အခုတော့ စာအုပ်စာတမ်း
များလည်း ၀ယ်ယူစုဆောင်းပြီးပြီဖြစ်ကြောင်းနဲ့ ဒကာမကြီးတို့ မိသားစုကိုယ်တိုင်
သွားရောက်လှူဒါန်းမယ့် အကြောင်း သိရတော့ Donna Wick  ရဲ့ No Small Act of Kindness
 ဆိုတဲ့ စာသားလေးကို သတိရမိခဲ့တယ်။ နောက်ပြီး ဆရာကြီး ဦးရွှေအောင်ရဲ့ တစ်စစစွန့်ဝံ့မှလျှင် ဘ၀နောက်နှောင်း ဆက်တိုင်းကောင်းလိမ့် ဆိုတဲ့ စာသားလေးကိုလည်း အမှတ်ရမိပြန်ပါတယ်။
အများအတွက် ပေးဆပ်ခွင့် ရတာကို ကြည်နူးနိုင်ကြရမှာပဲ၊ စာရေးသူ
လှူဒါန်းဖြစ်ခဲ့တဲ့ အလှူငွေ အနည်း ငယ်နဲ့ ကလေးငယ်များ မူကြိုကျောင်းလေးအတွက်
ပျဉ်အခင်း လှူဒါန်းလိုက်ကြောင်း သိခဲ့ရပါ တယ်၊ ဘယ်နေရာမှာပဲသုံးသုံး
သင့်တော်မယ့်နေရာမှာ လိုအပ်သလို အသုံးပြုဖို့ လှူလိုက်တာလည်း ဖြစ်ပါ တယ်။
ကျေးရွာမှာရှိတဲ့ မူကြိုကျောင်းလေးဟာ ကွန်ကရစ်ခင်းထားတာဖြစ်တဲ့အတွက် ၃ နှစ်၊ ၎
နှစ်အရွယ် ကလေးငယ်များရဲ့ ကျန်းမာရေးနဲ့ဘယ်လိုမှ မသင့်လျှော်တာအမှန်ပါပဲ၊
ဒါကြောင့် သင့်လျှော်တဲ့ ပျဉ်အခင်းနဲ့ အစားထိုးလိုက်တာဟာ အကောင်းဆုံးပါပဲ၊
ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ပျဉ်ခင်းအလှူဟာ ကျန်းမာရေး ကောင်းဖို့အတွက်
ဆေးစွမ်းကောင်းတစ်လက်ပါပဲ၊ တစ်နည်းအားဖြင့် ကျန်းမာရေးနဲ့ အညီ 
လှူလိုက်ရတာပါပဲ၊ ဒါ့အပြင် စာကြည့်တိုက်အတွက် စာအုပ်စာတမ်းများ လှူဒါန်း လိုက်ရတာ
လည်း စိတ်ဓာတ်ခွန်အား၊ ဗဟုသုတ ခွန်အားတွေ တိုးပွားဖို့
လှူဒါန်းလိုက်ရတာဖြစ်တဲ့အတွက် စိတ် ကျန်းမာရေးကောင်းမွန်ဖို့ တစ်နည်းအားဖြင့်
စိတ်ဓာတ်ခွန်အားဖြစ်ထွန်းဖို့ စာပေဆို တဲ့ ဆေးစွမ်း ကောင်းတစ်လက်ကို တိုက်ကျွေး
လိုက်ရတာပါလားလို့လည်း ခံယူမိပါတယ်။ မုဒိတာလည်း အကြိမ်ကြိမ် ပွားများမိပါတယ်။
ဒကာမကြီးတို့ အကူအညီနဲ့ ဒါနပါရမီကို အမှီပြုပြီး ပညာပါရမီကိုပါ အတိုင်း အတာ
တစ်ခုအထိ  ဖြည့်ဆည်းခွင့်ရတာဟာ ကိုယ်ကျန်းမာရေးနဲ့ စိတ်ကျန်းမာရေုးတို့အတွက်
ဆေးစွမ်း တစ်လက်ကို တိုက်ကျွေးနိုင်ခွင့် လှူဒါန်းနိုင်ခွင့် ရလိုက်တာပဲလို့
တွေးမိရင်း အထူးပဲ ၀မ်းမြောက်မိပါတယ်။
ရွှင်လန်းချမ်းမြေ့နိုင်ကြပါစေ။
အရှင်ပညာဝံသ (ကွမ်းခြံကုန်း)
Posted by
Pannavamsa
 / 1:08 AM / 
Comments: (0)
          
ဘာကိုလှူရမှာလဲတဲ့ 
(ကိ
ံ ဒဒ) ကိံ- ဘာကို၊ ဒဒ - လှူရမှာလဲ?
ဝါဆိုသင်္ကန်း
ဆက်ကပ်လှူဒါန်းတဲ့ပွဲမှာပဲ ၀ါဆိုလပြည့်နေ့ရဲ့ ထူးခြားတဲ့ နေ့ထူးနေ့မြတ်များ အကြောင်း၊
ရှင်ပြု အလှူပွဲပါ ပူးတွဲကျင်းပခဲ့တဲ့အတွက် ရှင်ပြုအလှူပွဲအကြောင်းနဲ့ ၀ါဆိုသင်္ကန်းအလှူအကြောင်း တို့ကို
ဟောပြော ခဲ့သလို့ အဲဒီနေ့မှာပဲ ဂျာမဏီနိုင်ငံရဲ့ ဖရန့်ဖို့မြို့မှာ ဘုန်းတော်ကြီးကျောင်း
ဝယ်ယူနိုင်ရေး အတွက် အသင်း ကော်မတီ မှ တင်ပြဆွေးနွေးခဲ့တာကြောင့် ကျောင်းအလှူနဲ့ ပတ်သက်ပြီး လည်း ဟောပြောဖြစ်ခဲ့ပါတယ်။
စာရေးသူ
ဟောပြောခဲ့တဲ့ ကျောင်းအလှူကတော့ ကိံဒဒ သုတ်ကို အခြေခံပြီး ဟောပြောခဲ့တာလည်း ဖြစ်ပါ
တယ်။ ကိံဒဒ ရဲ့ အဓိပ္ပါယ်က ဘာကို လှူရမှာလဲတဲ့ - ဒီစကားဟာ နတ်သားတွေ မြတ်စွာဘုရားကို
လာရောက်ပြီး မေးမြန်းလျှောက်ထားတဲ့ စကားဖြစ်ပါတယ်။ သူတို့အချင်းချင်း ပြောဆိုဆွေးနွေးရင်းနဲ့
အဖြေမှန် ကို သိချင်တာနဲ့ မြတ်စွာဘုရားထံ ချဉ်းကပ်ပြီး မေးမြန်းလျှောက်ထားခဲ့ကြတာပါ။
မေးတဲ့ အကြောင်း အရာက ငါးမျိုးရှိပါတယ်။
·        
ခွန်းအားဗလနဲ့
ပြည့်စုံအောင်၊ ခွန်အားဗလကောင်းအောင် တပည့်တော်တို့ ဘာလှူရမလဲဘုရား၊
·        
ရုပ်ရည်အဆင်းလှပအောင်
တပည့်တော်တို့ ဘာလှူရမလဲဘုရား၊
·        
ချမ်းသာအောင်
တပည့်တော်တို့ ဘာလှူရမလဲဘုရား၊
·        
မျက်စိကောင်းအောင်
တပည့်တော်တို့ ဘာလှူရမလဲဘုရား၊
·        
တပည့်တော်တို့
ဘာကို လှူရင် အလုံးစုံကို လှူရာရောက်မလဲဘုရား တဲ့ -
ဒီငါးမျိုးကို
သိချင်တာနဲ့ မြတ်စွာဘုရားထံ ချဉ်းကပ်ပြီး လျှောက်ထားမေးမြန်းခဲ့ကြပါတယ်။ 
Ø  မြတ်စွာဘုရားက ဘ၀တိုင်းဘ၀တိုင်းမှာ
ခွန်အားဗလနဲ့ ပြည့်စုံချင်တယ်ဆိုရင် အစာအာဟာရ ကို ပေးလှူရပါမယ်တဲ့၊ အစာအာဟာရကို ပေးလှူခဲ့တဲ့
သူဟာ ခွန်အားဗလပြည့်စုံခြင်းဆိုတဲ့ အကျိုးကို ရရှိပါလိမ့်မယ်တဲ့။ ဒါဆိုရင် လောကမှာ
အားခွန်ဗလနဲ့ ပြည့်စုံနေကြတဲ့သူတွေကို တွေ့မြင်ခဲ့ရင် အစာ အာဟာရကို ပေးလှူခဲ့ကြလို့ပဲ
သိမြင်ကြရမှာဖြစ်သလို အားခွန်ဗလနဲ့ မပြည့်စုံတဲ့သူ ခွန်အား ချိနဲ့ နေတဲ့သူတွေကို တွေ့မြင်ကြရရင်လည်း
အစာအာဟာရကို မပေးလှူခဲ့ကြလို့ပဲလို့လည်း နားလည်နိုင် ကြရမှာ ဖြစ်ပါတယ်။
Ø  ဘ၀တိုင်း ဘ၀တိုင်းမှာ ရုပ်အဆင်း လှပချင်တယ်ဆိုရင်
အ၀တ်အထည်ကို လှူဒါန်းကြရပါမယ်။ အ၀တ် အထည်ကို လှူဒါန်းခဲ့ကြမယ်၊ လှူဒါန်းဖူးမယ်ဆိုရင်
ရုပ်အဆင်းလှပခြင်းဆိုတဲ့ အကျိုးကို ရရှိခံစား ကြရပါမယ်။ ဒါဆိုရင် ရုပ်အဆင်းလှပကြတဲ့
သူတွေကို တွေ့မြင်တဲ့အခါမှာလည်း သူတစ်ပါးတို့အား အ၀တ်အထည်ကို ပေးလှူခဲ့ကြလို့ ပဲလို့
နားလည်ကြရမှာဖြစ်ပါတယ်။
Ø  ချမ်းချမ်းသာသာ သွားလာချင်ကြတယ်ဆိုရင်
ယာဉ်ဒါနဖြစ်တဲ့ ဖိနပ်၊ ခရီးစရိတ်၊ ယာဉ်လက်မှတ်တို့ကို လှူဒါန်း ကြရပါမယ်။ အဲဒီလို ဖိနပ်
စသည်တို့ ယာနဒါန အဖြစ်လှူဒါန်းခဲ့ကြမယ်၊ လှူဒါန်းခဲ့ကြဖူးမယ် ဆိုရင် ဖြစ်လေရာ ဘ၀တိုင်းမှာ
ချမ်းချမ်းသာသာနဲ့ သွားလာနိုင်ကြပါမယ်တဲ့။
Ø  မျက်စိနဲ့ပတ်သက်ပြီး ကြည်လင်ချင်ကြတယ်၊
မျက်စိအားကောင်းချင်ကြတယ်ဆိုရင် ကျောင်းကန် ဘုရားမှာပဲ ဖြစ်စေ၊ အလင်းရောင် မရှိတဲ့နေရာမျိုးမှာ
ဖြစ်စေ ဆီမီးအလှူ၊ လျှပ်စစ်မီး အလှူတို့ကို လှူဒါန်းကြရပါမယ်၊ အဲဒီ လှူဒါန်းခဲ့ကြမယ်၊
လှူလည်း လှူဒါန်းခဲ့ကြဖူးမယ်ဆိုရင် ဖြစ်လေရာ ဘ၀တိုင်း ဘ၀တိုင်းမှာ မျက်စိကြည်လင်ခြင်း၊
မျက်စိအားကောင်းခြင်းနဲ့ ပြည့်စုံကြမှာ ဖြစ်ပါတယ်။
Ø  နောက်ဆုံး ငါးခုမြောက်ဖြစ်တဲ့ အဖြေနဲ့
ပတ်သက်ပြီး မြတ်စွာဘုရားက အလုံးစုံကို ပေးလှူတဲ့ အလှူမျိုး ကို ပေးလှူချင်ကြတယ်၊ အရာအားလုံးကို
ပေးလှူချင်တယ်ဆိုရင် ကျောင်းသင်္ခမ်း၊ ဇရပ်၊ ရိပ်သာ၊ နားနေဆောင် စတဲ့ အဆောက်အဦး တစ်ခုခုကို
လှူဒါန်းကြရပါမယ်တဲ့၊ အဲဒီလို ကျောင်းစတဲ့ အဆောက်အဦး တစ်ခုခုကို ပေးလှူကြတဲ့သူတွေဟာ
အရာအားလုံးကို ပေးလှူရာရောက်ပြီး ခွန်းအား ဗလ ပြည့်စုံခြင်း၊ အဆင်းလှခြင်း၊ ချမ်းသာခြင်း၊
မျက်စိကြည်လင်ခြင်း၊ အသက်ရှည်ခြင်း၊ ကျန်းမာခြင်း စတဲ့ အကျိုးတရား အားလုံးကို ရရှိစေနိုင်ကြောင်း
မြတ်စွာဘုရားက မိန့်ကြားခဲ့ပါတယ်။ 
အဲဒါကြောင့် ကျောင်းအလှူဟာ လောကီပစ္စည်းဥစ္စာ
အလှူဒါနများထဲမှာ အသာလွန်ဆုံးအလှူ၊ အမွန် မြတ်ဆုံးသော အလှူဖြစ်ကြောင်းကို မြတ်စွာဘုရားက
ဝိဟာရဒါနံ သံဃဿ အဂ္ဂံ ဗုဒ္ဓေန ၀ဏ္ဏိတံ ဟု မိန့်ကြားတော်မူခဲ့ပါတယ်။
နတ်သားများ မေးလျှောက်ထားတဲ့ မေးခွန်းငါးမျိုးဟာ
လောကီအကျိုးကျေးဇူးတွေ ရရှိဖို့ ရန် မေးကြတဲ့ မေးခွန်းတွေပဲဆိုတာကို မြတ်စွာဘုရားက သိတော်မူတဲ့အတွက်ကြောင့်
နတ်သား တို့ မေးလျှောက်ထားခြင်း မရှိတဲ့ လိုအပ်နေတဲ့ အချက်တစ်ချက်ကို ဖြည့်စွက်၍ မိန့်ကြားတော်မူခဲ့ ပါသေးတယ်။
လောကီအလှူဒါနတို့ တွင် ကျောင်းအလှူဟာ အမြတ်ဆုံးသော အလှူဖြစ်ပေ မယ့်၊ လောကုတ္တရာ အလှူတို့တွင်တော့
တရား အလှူဟာ အမြတ်ဆုံးသော အမတ အလှူပဲဖြစ်တယ် ဆိုတာကို အမတံ ဒဒေါစ သော ဟောတိ၊ ယော ဓမ္မံ
အနုသာသတိ ဟု မိန့်ကြားတော်မူခဲ့ပါတယ်။
နတ်သားများ မေးလျှောက်ထားကြတဲ့ အကြောင်းအရာ
ငါးမျိုးလုံးကို လှူဒါန်းခဲဖူးကြသလို လှူဒါန်းလည်း လှူဒါန်းနေကြဆဲ၊ ဆက်လက်ပြီးလည်း
လှူဒါန်းကြတဲ့သူတွေလည်း ဖြစ်ပါတယ်။ ၀ါဆိုလပြည့်နေ့ ဓမ္မ စကြာ အခါတော်နေ့အထိမ်းအမှတ် အနေနဲ့လည်း
ဓမ္မစကြာတရားတော်တွေကို ရွတ်ဆိုပူဇော်နေ ကြတာဟာ အမြတ်ဆုံးသော ဓမ္မအလှူ (တစ်နည်းအားဖြင့်)
အမတအလှူ ကို ပေးလှူကြ သူတွေပဲလို့လည်း ၀မ်းမြောက် ၀မ်းသာ ဖြစ်ကြရမယ့်အကြောင့်နဲ့ ဒီကနေ့
ပြုလုပ်အား ထုတ်ရတဲ့ ဒါန၊ သီလ၊ ဘာဝနာ တို့ကြောင့် ဘုရား အစရှိတဲ့ သူတော်ကောင်းများ စံပျော်ရာဖြစ်တဲ့
နိဗ္ဗာန်ချမ်းသာကို မျက်မှောက်ပြုနိုင်ကြပါစေ ဟု ဆုတောင်း ပတ္ထနာပြုကာ ကုသိုလ်အစုစုကို
ရေစက်သွန်းချ အမျှအတန်း များ ပေးဝေခဲ့ကြပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ
အရှင်ပညာဝံ (ကွမ်းခြံကုန်း)
Posted by
Pannavamsa
 / 1:36 AM / 
Comments: (0)
          
၅.၀၈.၂၀၁၂(တနင်္ဂနွေနေ့)က စာရေးသူ နေထိုင်သီတင်းသုံးတဲ့ ဂျာမဏီနိုင်ငံ၊ ဖရန့်ဖို့မြို့မှာ ၀ါဆို သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို ကျင်းပပြုလုပ်နိုင်ခဲ့ကြပါတယ်။ ဗုဒ္ဓသာသနရံသီ အသင်းမိသားစုများ စုပေါင်း၍ ကျင်းပပြုလုပ်ခဲ့ကြတာလည်း ဖြစ်ပါတယ်။ ၀ါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းတဲ့ အခမ်းအနားကို Nordwestzentrun Saalbau ခန်းမမှာ ကျင်းပခဲ့ကြပါတယ်။ အမိမြန်မာပြည်မှာဆိုရင် ၀ါဆိုလရောက်တာနဲ့ မိမိတို့ရဲ့ နေအိမ်တွေမှာ ဆရာတော် သံဃာတော်များကို ပင့်ဖိတ်ပြီး ဆွမ်းဆက်ကပ်လှူဒါန်းရင်း ပရိတ် တရားတော်များကို နာယူကြကာ ၀ါဆိုသင်္ကန်းများ ဆက်ကပ်လေ့ရှိကြသကဲ့သို့ ကျောင်းတိုက်များမှာ သွားရောက်၍လည်း စုပေါင်းပြီး ၀ါဆိုသင်္ကန်းများ ကပ်လေ့ရှိကြပြန်ပါတယ်။ 
ဒီမှာတော့ တနင်္ဂနွေနေ့ကိုသာ အဓိကအားထားပြီး လှူဒါန်းကြရတာ ဖြစ်တဲ့အတွက် တနင်္ဂနွေနေ့မှာပဲ စုပေါင်းပြီး ၀ါဆိုသင်္ကန်းလှူဒါန်းခြင်းပွဲကို ပြုလုပ်ကျင်းပကြရတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံသား ဗုဒ္ဓဘာသာဝင်များရဲ့ ထက်သန်တဲ့ သဒ္ဓါတရားကတော့ အထူး ၀မ်းမြောက်ဂုဏ်ယူစရာပဲလို့ ပြောရမှာပါပဲ။ ဘယ်အရပ် ဘယ်ဒေသပဲ ရောက်နေနေ ဗုဒ္ဓဘာသာဝင်တို့ရဲ့ အထွဋ်အမြတ်ထားရာ နေ့ထူးနေ့မြတ်တွေမှာ ဆိုရင် ဘုရားအမှူးထား၍ ရဟန်း သံဃာတော်များ ပင့်ဖိတ်ပြီး အလှူဒါန ပြုလုပ်လေ့ရှိကြပါတယ်။ ဒါ့အပြင် ဗုဒ္ဓဘာသာဝင်များ စုပေါင်းပြီးလည်း အသင်းအဖွဲ့များ ဖွဲ့စည်းနိုင်ခဲ့ကြပြီး အသင်းရဲ့ နာမည်ကို ဗုဒ္ဓသာသနရံသီ ဟု ကမ္ပည်း တင်နိုင်ခဲ့ကြပါတယ်။
အသင်း တည်ထောင်ထားနိုင်ရုံတင် မကပဲ ဗုဒ္ဓဘာသာဝင်များ ကုသိုလ်ကောင်းမှု အမြဲတမ်းပြုလုပ်နိုင်ရန် တရားဓမ္မများ နာယူနိုင်ကြရန် တရားဓမ္မများ နှလုံးသွင်းဆင်ခြင်နိုင်ရန်၊ ရင်သွေးငယ်တို့အတွက် မြတ်ဗုဒ္ဓရဲ့ ဆုံးမလမ်းညွှန်မှုများ သင်ယူနိုင်ရန်အတွက် ဗုဒ္ဓသာသနရံသီ မြန်မာဘုန်းတော်ကြီးကျောင်းကိုလည်း လစဉ် အလှူငွေများ ထည့်ဝင်ကြပြီး တည်ထားနိုင်အောင် ကြိုးစားခဲ့ကြပြန်ပါတယ်။ ဒါ့ကြောင်လည်း ဗုဒ္ဓဘာသာဝင် များရဲ့ သဒ္ဓါတရားဟာ အထူးဝမ်းမြောက်စရာ ပီတိဖြစ်စရာပဲလို့ ဆိုရတာဖြစ်ပါတယ်။
ဒီဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းတဲ့ ပွဲမှာ သင်္ကန်းအလှူနဲ့ ပတ်သက်လို့ အနည်းငယ် ဟောပြောဖြစ်ခဲ့ပါ တယ်။ သင်္ကန်းလှူဒါန်းခြင်းကြောင့် အကျိုး (၈) မျိုး ရရှိစေနိုင်ပုံကို 
ရွှေသို့အဆင်း ညစ်ကြေးကင်း၍ 
ရောင်ဝင်းထိန်ပ နူးညံ့ရ၏။
မကသိန်းဖိုး ပိုဆိုးရလေ
ညို ရွှေ ဖြူ နီ ဤရှစ်လီသည်
ကျမ်းညီသင်္ကန်း လှူကျိုးတည်း - ဆိုတဲ့ လင်္ကာဆောင်ပုဒ်လေးဖြင့် ရှင်လင်းတင်ပြခဲ့ပါတယ်။ အ၀တ်သင်္ကန်း ကို လှူဒါန်းရတဲ့ အတွက်ကြောင့် ဖြစ်လေရာ ဘ၀တိုင်းမှာ ရုပ်ရည်အဆင်း လှပခြင်းစတဲ့ အကျိုးထူးများကို ရရှိကြမှာ ဖြစ်သလို မဟာလတာ တန်းဆာဆိုတဲ့ ၀ိသာခါ ကျောင်းအမကြီးတို့ ဆင်မြန်းဝတ်ဆင်ရတဲ့ အ၀တ် ထည်ကောင်းများကို ၀တ်ဆင်ကြရမယ်၊ ဧဟိ ဘိက္ခု ခေါ်ဆိုခံရပြီး ပရိက္ခရာရှစ်ပါး ပြည့်စုံတဲ့ ရဟန်းအဖြစ်ကို လည်း ရရှိပြီး သန္တိသုခ နိုင်ငံတော်ဖြစ်တဲ့ နိဗ္ဗာန်ရွှေမြို့တော်ကိုလည်း ချမ်းသာသောအကျင့် လျင်မြန်သော အသိဥာဏ်တို့ဖြင့် မျက်မှောက်နိုင်ကြမှာ မလွဲဧကန် အမှန်ပင် ဖြစ်ပါကြောင်း ဟောကြား တင်ပြခဲ့ပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ။
အရှင်ပညာဝံသ (ကွမ်းခြံကုန်း) 
Posted by
Pannavamsa
 / 12:54 AM / 
Comments: (0)
          
ဂျာမဏီနိုင်ငံ၊ ဖရန့်ဖို့မြို့တွင် တည်ရှိတဲ့ ဗုဒ္ဓသာသနရံသီ အသင်းမိသားစုများ စုပေါင်း၍ ၀ါဆိုလပြည့်နေ့ အထိမ်းအမှတ်ပွဲတော်အဖြစ် ဓမ္မစကြာ တရားတော်များကို ရွတ်ဖတ်ပူဇော်ခြင်းနဲ့ ၀ါဆိုသင်္ကန်းများ ဆက်ကပ် လှူဒါန်းခြင်းတို့ကို Nordwestzentrun Saalbau ခန်းမမှာ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နိုင်ခဲ့ ကြပါတယ်။ အမိမြန်မာပြည်မှ ဗုဒ္ဓဘာသာ မိသားစုများ သိုက်သိုက်ဝန်းဝန်းနဲ့ ကျင်းပ ပြုလုပ်ခဲ့လို့လည်း အထူးပင် ၀မ်းမြောက်ကြည်နူးမှု ဖြစ်ခဲ့ရပါတယ်။ 
ဒီအခမ်းအနားတွင် စာရေးသူအနေနဲ့ ၀ါဆိုလပြည့်နေ့နဲ့ ပတ်သက်တဲ့ အကြောင်းအရာများ၊ Ludwigshafen
မြို့နေ ရှင်ဒါယကာ ဒေါက်တာဦးကျော်ကျော် + ရှင်ဒါယိကာမ ဒေါက်တာ ဒေါ်သင်းသင်းဦး တို့ရဲ့ တစ်ဦးတည်းသော သားလှရတနာ မောင်ဇေယျာမိုး ရဲ့ သာမဏေရ ပဗ္ဗဇ္ဇ ရှင်ပြုအလှူပွဲပါ ကျင်းပပြုလုပ်ခဲ့တဲ့အတွက် ရှင်ပြုအလှူနဲ့ ပတ်သက်တဲ့ အကြောင်းအရာများကို ဟောပြောခွင့် ရခဲ့သလို ကျောင်းဝယ်ယူနိုင်ရန် မတည်လှူဒါန်းကြတဲ့အတွက် ကျောင်းအလှူဒါနရဲ့ အကျိုးကြီးမြတ်ပုံ အကြောင်းတို့ကိုလည်း ထည့်သွင်း ဟောပြောခဲ့ရပါသေးတယ်။ 
ဝါဆိုလပြည့်နေ့နဲ့ ပတ်သက်လို့ ထူးခြားချက် (၁၀) ရပ်ရှိကြောင်း စာရေးသူ ငယ်စဉ်ကတည်းက  မှတ်သားခဲ့ ဖူးပါတယ်။ အဲဒီထူးခြားချက် (၁၀) ရပ်ကို ဟောပြောဖြစ်ခဲ့ပါတယ်။ အဲဒီ (၁၀) ရပ်ကတော့ -
- ဘုရားအလောင်း ပဋိသန္ဓေယူတော်မူတဲ့နေ့
- ဘုရားအလောင်း တောထွက်တော်မူတဲ့နေ့
- ပဉ္စ၀ဂ္ဂီငါးဦးတို့အား တရားဦးဓမ္မစကြာ တရားတော်မြတ်ကို ဟောကြားတော်မူတဲ့နေ့
- တိတ္ထိတို့အား သရက်ဖြူပင်ရင်းမှာ တန်ခိုးပြာဋိဟာကို ပြတော်မူတဲ့နေ့
- ပဉ္စ၀ဂ္ဂီငါးဦးတို့အား ငါဘုရားဖြစ်ပြီလို့ ၀န်ခံပြောကြားတဲ့ အတွက် ဘုရားရတနာ စတင်ပေါ်ပေါက်တဲ့နေ့
- ဓမ္မစကြာတရားတော်မြတ်ကို စတင်ဟောကြားတော်မူတဲ့အတွက် တရားရတနာ စတင် ပေါ်ပေါက်တဲ့နေ့
- ပဉ္စ၀ဂ္ဂီငါးဦးတို့ သာသနာဘောင် ၀င်ပြီး ရှင်ရဟန်းအဖြစ်ကို ခံယူခဲ့တဲ့အတွက် သံဃာရတနာ စတင်တဲ့နေ့
- ပဉ္စ၀ဂ္ဂီငါးဦးတို့ သာသနာ့ဘောင်တွင်းသို့ ၀င်ရောက်တဲ့အခါ ဧဟိ ဘိက္ခု ဟု စတင်ခေါ်ဝေါ်တဲ့နေ့
- ပုထုဇဉ်အနွယ်မှ အရိယာအနွယ်သို့ အရှင်ကောဏ္ဍည စတင်ရောက်ရှိတဲ့နေ့
- တာဝတိံတာ နတ်ပြည်၌ မယ်တော်အပါဝင် နတ်၊ ဗြဟ္မာများအား အဘိဓမ္မာတရားတော်မြတ်ကို စတင်ဟောကြားပြီး ကျေးဇူးဆပ်တော်မူတဲ့နေ့ တို့ ဖြစ်ပါတယ်။
ဒီထူးခြားချက် (၁၀) ရပ်ကို တစ်ခုချင်းလည်း ရှင်းလင်းဟောပြဖြစ်ခဲ့ပြီး ဒီနေ့ရှင်ပြုပွဲ အလှူကျင်းပ ပြုလုပ်ခဲ့ကြ တဲ့ အလှူရှင် မိသားစုများလည်း ၀ါဆိုလပြည့်နေ့ရဲ့ ထူးခြားတဲ့ ဂုဏ်အင်္ဂါ (၁၀) ရပ်ပြည့်စုံတဲ့နေ့မှာ ရှစ်ပါးပရိက္ခရာ စုံလင်စွာနဲ့ မြတ်ဗုဒ္ဓရဲ့ သာသနာ့ဘောင်တွင်း သွတ်သွင်းချီးမြှောက်ကြတာဟာ အလွန်ပဲ ၀မ်းမြောက်ဖွယ်ကောင်းကြောင်း၊ အရှင်ကောဏ္ဍည၊ အရှင်ဝပ္ပ၊ အရှင်ဘဒ္ဒိယ၊ အရှင်မဟာနာမ် နှင့် အရှင်အဿဇိ (ပဉ္စ၀ဂ္ဂီ) ငါးဦးတို့ သာသနာ့ဘောင်ဝင်ပြီး ရှင်ရဟန်းအဖြစ် ခံယူတဲ့နေ့နဲ့ တိုက်ဆိုင်တဲ့ အတွက်ကြောင့် အလွန်ပဲ ၀မ်းသာပီတိ ဖြစ်ကြရမှာဖြစ်ကြောင်းတို့ကိုလည်း ဟောပြောဖြစ်ခဲ့ပါတယ်။ 
အဲဒီနောက် ၀ါဆိုသင်္ကန်းနဲ့ ပတ်သက်တဲ့အကြောင်း၊ ကျောင်းအလှူဒါနနဲ့ ပတ်သက်တဲ့ အကြောင်း တို့ကို ဟောကြားခဲ့ပြီး ရေစက်သွန်းချ အမျှအတန်းများ ပေးဝေခဲ့ကြပါတယ်။
(၀ါဆိုသင်္ကန်း အလှူ၊ ကျောင်းအလှူ တို့နဲ့ ပတ်သက်သော အကြောင်းအရာများကို ဆက်လက်ရေးသား တင်ပြသွားပါမည်။)
ရွှင်လန်း ချမ်းမြေ့ကြပါစေ။
အရှင်ပညာဝံသ (ကွမ်းခြံကုန်း)
Posted by
Pannavamsa
 / 12:33 AM / 
Comments: (0)
          
ကဆုန်လပြည့် ဗုဒ္ဓနေ့ပွဲတော်ကို ကျင်းပပြုလုပ်မယ့်
အကြောင်း ဗုဒ္ဓသာသနရံသီ အသင်းမိသားစုများ တိုင်ပင်ပြောဆိုဖြစ်ကြပါတယ်။ ဥရောပရဲ့
အနေအထားအရ ဘယ်လိုကျင်းပပြုလုပ်ကြတယ် ဆိုတာ အတွေ့အကြုံလည်း မရှိသေးတာက တစ်ကြောင်း၊
စာရေးသူရောက်မှ ပြန်လည်ကျင်းပ ပြုလုပ်ဖြစ်တာက တစ်ကြောင်း တို့ကြောင့်
ဘယ်လိုစီစဉ်ရရင် ကောင်းမလဲလို့ တွေးဖြစ်ခဲ့တယ်။ အသင်းမိသားစုများမှ ဗုဒ္ဓနေ့မှာ
မုန့်ဟင်းခါး ကျွေးမယ့်အကြောင်း၊ ရှမ်းထမင်းချဉ်သုပ် ကျွေးမယ့်အကြောင်းတို့ကိုလည်း
စာရေးသူ ကို ပြောပြကြပါတယ်။ အခမ်းအနားနေ့မှာ ကျွေးမွေးလှူဒါန်းမည့်
အလှူရှင်ရှိလာတဲ့အတွက် အစီအစဉ် တကျ ဖြစ်ချင်တဲ့ ဆန္ဒလည်း ဖြစ်ပေါ်လာခဲ့ပါတယ်။ ဒါနဲ့
အသင်းမိသားစုများအတွက် ကဆုန်လပြည့် ဗုဒ္ဓနေ့ နဲ့ ပတ်သက်တဲ့ ရှစ်လုံးဖွဲ့ ကဗျာများကို
ရေးဖွဲ့သီကုံးပြီး အခမ်းအနားနေ့မှာ သီဆိုဖို့ရန် စီစဉ်ဖြစ်ခဲ့ ပါတယ်။
ကဆုန်လပြည့် ဗုဒ္ဓနေ့ပွဲတော်ကို နိုင်ငံဒေသအသီးသီးတွင်
ဆင်ယင်ကျင်းပ ပြုလုပ်ခဲ့ကြရာ တွင် စာရေးသူ သီတင်းသုံးနေထိုင်တဲ့ ဂျာမဏီနိုင်ငံ၊
ဖရန်ဖို့မြို့တွင်လည်း ဗုဒ္ဓသာသနရံသီ အသင်း မိသားစုများ စုပေါင်း၍ (၀၆. ၀၅. ၂၀၁၂)
ရက် တနင်္ဂနွေနေ့မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဒီအသင်းရဲ့ ဗုဒ္ဓနေ့အဖြစ် ကျင်းပပြုလုပ်တဲ့
ပွဲတော်ဟာ စတုတ္ထအကြိမ်မြောက် ဖြစ်ပါတယ်။ ဒီဗုဒ္ဓနေ့ ပွဲတော်သို့ ဗုဒ္ဓဘာသာဝင် မိသားစုများနှင့်
အခြားသော စိတ်ဝင်စားကြတဲ့ ဘာသာဝင် မိသားစုများလည်း တက်ရောက်ခဲ့ကြပါတယ်။
ကဆုန်လပြည့် ဗုဒ္ဓနေ့ပွဲတော်ဟာ ဗုဒ္ဓဘာသာဝင်တို့
အလေးအမြတ်ထား ပူဇော်ကြ တဲ့ နေ့ထူးနေ့မြတ် များစွာအနက် တစ်နေ့အပါအ၀င် ဖြစ်ပါတယ်။ သုမေဓာရှင်ရသေ့
ဘုရားဖြစ်ဖို့ရန် ဒီပင်္ကရာ မြတ်စွာဘုရားရှင်ရဲ့ ထံတော်ပါးမှာ
နိယတဗျာဒိတ်ပန်းတော်ကို ဆင်မြန်းခဲ့ခြင်း၊ ဘီစီ ၆၂၄ ခုနှစ်မှာ ဘုရားအလောင်းတော်ကို
လုမ္ဗိနီသာမော အင်ကြင်းတော၌ ဖွားမြင်တော်မူခဲ့ခြင်း၊ ဘီစီ ၅၈၉ ခုနှစ်မှာ
မဟာဗောဓိပင်ခြေရင်းမှာ ဘုရားအလောင်းတော် သဗ္ဗညုတ ရွှေဥာဏ်တော်ကိုရပြီး
ဘုရားအဖြစ်သို့ ရောက်တော်မူခဲ့ခြင်း၊ ဘီစီ ၅၈၈ ခုနှစ်မှာ မြတ်ဗုဒ္ဓ
မွေးရပ်ဇာတိဖြစ်တဲ့ ကပ္ပိလ၀တ်ရွှေ နန်းတော်သို့ ကြွတော်မူကာ ဆွေတော်
မျိုးတော်တို့အား မဟာဗုဒ္ဓ၀င် တရားတော် ကို ဟောကြား တော်မူခဲ့ခြင်း၊ ဘီစီ ၅၄၄
ခုနှစ်မှာ ကုသိန္နာရုံ မလ္လာမင်းတို့ရဲ့ အင်ကြင်းဥယျာဉ်တွင်းမှာ ပရိနိဗ္ဗာန်စံဝင် တော်မူခဲ့ခြင်းတို့ဟာ
ဒီကဆုန်လပြည့် နေ့မှာပဲ ဖြစ်ပါတယ်။ ထို့ကြောင့်လည်း ဒီနေ့ကို ကဆုန်လပြည့် ဗုဒ္ဓနေ့
ဟု သတ်မှတ်ခဲ့ကြပြီး ရှေးပညာရှိများက မှတ်သားရလွယ်ကူစေရန် ဖွားဖြစ်ဟောစံ ဗျာဒိတ်ခံ မှတ်ရန်ကဆုံ လပြည့်ကြုံ ဟု ကဗျာလင်္ကာ
စပ်ဆိုထားခဲ့ကြခြင်းဖြစ်ပါတယ်။
ကဆုန်လပြည့် ဗုဒ္ဓနေ့နဲ့ ပတ်သက်လို့ ပညာရှင်များ
သတ်မှတ်ထားတဲ့ နေ့ရက် ငါးမျိုးကို ကြွရောက်လာကြတဲ့ ဧည့်ပရိသတ်များအား
ရှင်းလင်းပြောကြားခဲ့ပြီး၊ ဆွမ်းခဲဖွယ်များ လှူဒါန်းကြတဲ့ အလှူရှင်များနဲ့
ဧည့်ပရိသတ်များ ရွှင်လန်းဝမ်းမြောက်စေရန် မေတ္တာနှလုံး အစဉ်သုံး အမည်ရတဲ့ အနုမောဒနာ
တရားစကားတို့ကိုလည်း  ဟောကြားချီးမြှင့်ခဲ့ပါသေးတယ်။ 
အချင်းချင်း ပြောဆိုဆက်ဆံကြရာ၌ ဆင်ခြင်ပြောဆိုရမည့်
စကားများကို မြတ်ဗုဒ္ဓက လမ်းညွှန်ချက် ငါးရပ်တို့ဖြင့် ညွှန်ကြားပြသထားခဲ့ပါတယ်။
အဲဒီငါးရပ်ကတော့ -
၁။ ကာလေန ၀က္ခာမိ နော အကာလေန = ပြောသင့်
ပြောထိုက်တဲ့ အချိန်အခါ ကာလကို ကြည့်ပြီး ပြောဆိုတတ်ရပါမယ်တဲ့၊ ပြောသင့်
ပြောထိုက်တဲ့ အချိန်အခါ ကာလ မဟုတ်သေးရင် မပြောပဲ နေရပါမယ်။
၂။ ဘူတေန ၀က္ခာမိ နော အဘူတေန = ဟုတ်မှန်
သင့်မြတ်တဲ့ စကားမျိုးကို ပြောဆိုတတ်ရပါမယ်၊ မမှန်ကန် မသင့်မြတ်တဲ့
စကားမျိုးဆိုရင် မပြောဆိုပဲ နေရပါ မယ်။
၃။ သဏှေန ၀က္ခာမိ နော ဖရုသေန = နူးညံ့သိမ့်မွေ့တဲ့
စကားမျိုးကိုသာ ပြောဆိုကြရ ပါမယ်။ ရုန့်ရင်းကြမ်းတမ်းသော စကားမျိုးကို မပြောဆိုပဲ
ရှောင်ကြဉ်ကြရပါမယ်။
၎။ အတ္ထသံဟိတေန ၀က္ခာမိ နော အနတ္ထသံဟိတေန =
မိမိသူတစ်ပါး နှစ်ဦးသားတို့ အကျိုးရှိမယ့် စကားမျိုးကို ပြောဆိုကြရမယ်။
အကျိုးမရှိတဲ့ စကားမျိုးကို မပြောဆိုပဲ ရှောင်ကြဉ်ကြရပါမယ်။
၅။ မေတ္တစိတ္တေန ၀က္ခာမိ နော ဒေါသန္တရေန =
ချစ်ခင်နှစ်သက်သော စကားမျိုး ကို ပြောဆိုကြရပါမယ်၊ အမျက်ဒေါသနဲ့
ပြောဆိုဆက်ဆံခြင်းကို ရှောင်ကြဉ်ကြရပါမယ် ဟူသော ဒီ ညွှန်ကြားချက် ငါးရပ်တို့ကို
ရှင်းလင်းဟောကြားခဲ့ဖြစ်ပါတယ်။ 
ဒါ့အပြင် ဆွမ်းအလှူ လှူဒါန်းကြတဲ့ အလှူရှင်များထဲတွင်
အမွန်အမြတ်ဆုံးသော ဆွမ်းအလှူ ရှင် နှစ်ဦးရှိကြောင်းနဲ့ အဲဒီ အလှူရှင် နှစ်ဦးမှာ
ဘုရားဖြစ်မယ့်နေ့မှာ ဃနာနို့ဆွမ်းကို ဆက်ကပ် လှူဒါန်းခဲ့ သော သူဌေးသမီး သုဇာတာနဲ့
ဘုရားရှင် ပရိနိဗ္ဗာန်စံဝင်မည့်နေ့မှာ နောက်ဆုံး ဆွမ်းဆက်ကပ် လှူဒါန်းခဲ့တဲ့
စုန္ဒရွှေပန်းထိန်သည်တို့ရဲ့ ဆွမ်းအလှူများဟာ အမွန်မြတ်ဆုံးသော ဆွမ်းအလှူရှင် များ
ဖြစ်ကြတဲ့အကြောင်း၊ ဒီကနေ့ ကဆုန်လပြည့် ဗုဒ္ဓနေ့မှာ ဆွမ်းခဲဖွယ် ဘောဇဉ်များ
လှူဒါန်းကြတဲ့ ဆွမ်းအလှူရှင်များလည်း အမွန်မြတ်ဆုံးသော ဆွမ်းခဲဖွယ်အလှူကို လှူဒါန်းလိုက်ကြရသူ များ
ဖြစ်ကြတဲ့အတွက် ပို၍ ပီတိပါမောဇ္ဇ ဖြစ်ပါကြောင်း နဲ့ ယူလိုက်ရတဲ့ လောဘထက်
လှူလိုက်ရတဲ့ ပီတိက ပို၍ သာလွန်ပါကြောင်းတို့ကို ရှင်းလင်း ဟောကြားခဲ့ပါတယ်။
အဲဒီနောက် လှူဒါန်းမှုအစုစုဟာ နိဗ္ဗာန်ရဲ့ အထောက်အပံ့ဖြစ်ပါစေကြောင်း ဆုတောင်းပြီး
မေတ္တာနှလုံး ကိုယ်စီသုံး အမည်ရတဲ့ တရားတော်ကို အဆုံးသတ်ခဲ့ပြီး ရေစက်သွန်းချ
အမျှအတန်းများ ပေးဝေခဲ့ပါတယ်။

