ငယ်သူငယ်ချင်းထံမှ အာစရိယပူဇော်ပွဲ ကျင်းပပြုလုပ်ကြမယ့်အကြောင်း ဖုန်းဆက်ပြီး အကြောင်းကြားပါ တယ်။ ငယ်စဉ် တွဲဘက်အလယ်တန်းကျောင်းမှာ ပညာသင်ယူခဲ့ကြတဲ့ သူငယ်ချင်းတွေ စုပေါင်းပြီး ကုသိုလ် ပြုကြမယ့်ပွဲပါ။ ကျင်းပပြုလုပ်မယ့် နေ့က ၂၆. ၀၄. ၂၀၁၅ ရက်၊ တနင်္ဂနွေနေ့ပါ။
        အဲဒီနေ့မှာ ၁၉၈၃၊ ၈၄၊ ၈၅ ခုနှစ်များတွင် ပညာသင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူ ဟောင်းများ စုပေါင်း၍ ဆရာ၊ ဆရာမများအား အာစရိယပူဇော်ပွဲ ကျင်းပပြုလုပ်ခဲ့ကြပါတယ်။ အဲဒီပွဲသို့ စာရေးသူလည်း သွားရောက်ခဲ့ပါတယ်။ ၂၇. ၀၄. ၂၀၁၅ ရက်နေ့မှာတော့ စာရေးသူ ပြည်ပထွက်ဖို့ ဇာတိမြို့ကနေ ရန်ကုန်မြို့ကို အထုပ်အပိုးတွေပြင်ဆင်ပြီး လာခဲ့ပါတယ်။ ရန်ကုန်မလာခင် နံနက်မှာ အာစရိယပူဇော်ပွဲကို ဦးဆောင်ကျင်းပပြုလုပ်ခဲ့တဲ့ သူငယ်ချင်းထံ ဖုန်းဆက်ပြီး အာစရိယပူဇော်ပွဲ အကြောင်း မေးမြန်းရင်း ပြည်ပပြန်ထွက်ဖို့ ဒီနေ့ပဲ ရန်ကုန်ကို သွားမယ့် အကြောင်းပြောဖြစ်ခဲ့ပါတယ်။ သူငယ်ချင်းက သူလည်း ရန်ကုန်သွားမှာဖြစ်ကြောင်း ပြောတာနဲ့ ကားနေရာစီစဉ်ပြီး ၀င်ခေါ်ဖို့ အကူအညီ တောင်းခဲ့ပါတယ်။ စာရေးသူထံ သူငယ်ချင်း ရောက်တော့ ခဏစောင့်ဖို့ ဆရာမ မှာလိုက်တဲ့အကြောင်း၊ ဆရာမလည်း သူ့အိမ်ကနေ ထွက်လာပြီဖြစ်ကြောင်း ပြောတာနဲ့ ခေတ္တစောင့်ဆိုင်းခဲ့ပါတယ်။ မကြာခင်ပဲ ဆိုက္ကားတစ်စီးနဲ့ ရေးကြီး သုတ်ပြာ ရောက်လာခဲ့ပါတယ်။ ရောက်ရောက်ချင်းပဲ တပည့်ဖြစ်ခဲ့တဲ့ စာရေးသူကို န၀ကမ္မ ထည့်ထားတဲ့ စာအိတ်တစ်အိတ် ကပ်လှူပါတယ်။ ကားကလည်း ထွက်ဖို့စောင့်နေတာနဲ့ ရှည်ရှည် ဝေးဝေး မပြောဖြစ်ဘဲ နှုတ်ဆက်ရုံပဲ နှုတ်ဆက်နိုင်ခဲ့ပါတယ်။
          ရန်ကုန်ရောက်တဲ့အထိ စာအိတ်ကို ဖွင့်မဖောက်ဖြစ်သေးဘဲ ၀ယ်ချမ်းစရာရှိတာတွေ ၀ယ်၊ ပြင်ဆင် စရာရှိတာတွေ ပြင်ဆင်ရင်းနဲ့ မေ့လျော့နေခဲ့ပါတယ်။ ညပိုင်းရောက်မှ စာအိတ်ကို ဖွင့်ကြည့်မိတော့ ၀တ္ထုငွေ တော်တော်များများလှူလိုက်တာကို သိရှိခဲ့ရပါတယ်။ ပြည်ပထွက်မယ့်အကြောင်း အာစရိယ ပူဇော်ပွဲနေ့မှာ ပြောခဲ့ရင် အခုလို လှူလိုက်မှာတွေးမိလို့ မပြောဘဲ ထွက်လာခဲ့ပေမယ့်၊ သူငယ်ချင်း ပြောပြလိုက်တဲ့ အတွက် သိရှိသွားပြီး လာရောက်လှူဒါန်းသွားတာပါ။ စာရေးသူတို့ ငယ်စဉ်ကလေးဘ၀ကလည်း ကျေးလက်တောရွာလေးကို နေ့စဉ်လာပြီး အပင်ပန်း အဆင်းရဲခံကာ ပညာသင်ကြားပေးခဲ့၊ အရွယ်ရောက် လာပြီဖြစ်တဲ့ အခု အချိန်တိုင်အောင်လည်း တပည့်ကို တတ်နိုင်သမျှ ကူညီပေးခဲ့တဲ့ ဆရာမရဲ့ မွန်မြတ်တဲ့ စေတနာ၊ စင်ကြယ်တဲ့စိတ်ထား၊ တပည့်များ အပေါ်မှာ သားသမီးပမာ စောင့်ရှောက်ခဲ့တာကို တွေ့မြင်သိရှိခဲ့ ရတော့ ရင်ထဲမှာ အတိုင်းမသိအောင် ပြောမပြတတ်အောင် ခံစားမှုတစ်ခု ဖြစ်ပေါ်စေခဲ့ပါတယ်။ ဆရာ ဆရာမတွေဟာ တပည့်များအပေါ် သား သမီးများပမာ ကျောသား ရင်သား မခွဲခြားဘဲ တတ်စေချင်တဲ့ စေတနာ၊ မြတ်စေချင်တဲ့ စေတနာတွေ အပြည့် အ၀ထားပါလားဆိုတာ တပည့်ကိုယ်တိုင် လက်တွေ့ခံစား သိရှိခဲ့ရ၊ နားလည်လာခဲ့ရပါတယ်။ ဒါနဲ့ လိုက်ပါပို့ဆောင်ပေးခဲ့တဲ့ သူငယ်ချင်းထံ ဖုန်းဆက်ပြီး ဆရာမ န၀ကမ္မများလှူလိုက်တဲ့အကြောင်း အားနာတဲ့ကြောင်း၊ အမြဲလည်း သတိရပါကြောင်း ပြောဖြစ်ခဲ့ပါတယ်။ စိတ်ထဲမှာလည်း ရေကြီးသုတ်ပြာနဲ့ လာတဲ့ပုံကိုလည်း မြင်ယောင်နေခဲ့မိတယ်။
          မထင်မှတ်ဘဲ ဆရာ၊ ဆရာမ စုံစုံလင်လင်နဲ့ရော သူငယ်ချင်းတော်တော်များများနဲ့ပါ တွေ့ကြုံခဲ့ရတဲ့ အတွက် ငယ်ရွယ်စဉ် ကျောင်းသားဘ၀ကို ပြေးမြင်ယောင်မိခဲ့သလို ၀မ်းမြောက်ဝမ်းသာလည်း ဖြစ်ခဲ့ပါ တယ်။ နောက်တစ်နေ့မှာ တပည့်ဖြစ်ခဲ့တဲ့ စာရေးသူအပေါ် ထားခဲ့တဲ့ စေတနာကိုပါ သိရှိခွင့် နားလည်ခွင့် ရခဲ့ပါတယ်။ သူငယ်ချင်း ပြောပြမှ ထပ်မံသိခွင့်ရခဲ့တာက ဒီနှစ် ဖေဖော်ဝါရီလမှာ ပင်စင်ယူသွားပြီဆိုတာ ရယ်၊ တပည့်ဖြစ်တဲ့ စာရေးသူကို အိမ်ပင့်ပြီး အလှူအတန်း ပြုလုပ်ချင်တာရယ်တို့ကို ပြောတယ်ဆိုတဲ့ အကြောင်း၊ စာရေးသူ ပြည်ပထွက်မှာမို့ အခုလို ချက်ချင်းစီစဉ်တာဖြစ်မယ့် အကြောင်း စသည်တို့ကို မမေ့ နိုင်ဖွယ်ရာ ပြောပြလို့ သိရှိခဲ့ရပါတယ်။ ဒီအရာအားလုံးဟာ စာရေးသူအတွက်တော့ မထင်မှတ်ဘဲ အမှတ်ရ စေခဲ့တဲ့ နေ့များစွာထဲက နေ့တစ်နေ့ပါပဲ။
ရွှင်လန်းချမ်းမြေ့ကြပါစေ။
Bjerringbro မြို့ရဲ့အနီး မြင့်မောက်တဲ့ တောင်တန်းနဲ့ တောင်တန်းခြေမှာ ကြည်လင်အေးချမ်းစွာ စီးဆင်းနေ တဲ့ မြစ်ရေပြင် မော်တော်ဘုတ်များနဲ့ အပန်းဖြေနေကြတဲ့ စည်ကားလှတဲ့ အရပ်ကို ၂၅. ၅. ၂၀၁၅ ရက် ညနေက မြန်မာမိသားစုများနဲ့အတူ ဒေသန္တဗဟုသုတအဖြစ်ရောက်ခဲ့ပါတယ်။ ရာသီဥတုကလည်း သာယာလှတဲ့အတွက် အပန်းဖြေ အနားယူကြတဲ့သူတွေ ကြိတ်ကြိတ်တိုးလို့လည်း နေပါတယ်။ သဘာဝ တောင်တန်းပြင် ပြတိုက်တိုက်တို့ကို နောက်ခံထားလို့ အမှတ်တရ ဓာတ်ပုံရိုက် မှတ်တမ်းတင်သူက တင်၊ ဆော့ကစား ပြေးလွှားပြီး ပျော်တဲ့သူက ပျော်နဲ့ မမောနိုင်မပန်းနိုင်အောင်ပါဘဲ။
          မတွေ့ဆုံကြတာ ကြာပြီဖြစ်တဲ့ မိတ်ဆွေသူငယ်ချင်းများ တွေ့ဆုံပြီး ပျော်ရွှင်နေကြတဲ့အတွက် တဒင်္ဂအမောတွေကို ပြေလျှော့စေခဲ့ကြမှာပါ၊ လူကြီး လူရွယ် လူငယ်တွေ အပန်းဖြေ အနားယူဖို့ သွားလာသင့်သလို သဘာဝတောတောင်တို့ရဲ့ လေကောင်းလေသန့်ကို ရှူရှိုက်ရတဲ့ အတွက်လည်း ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အရပ်ဒေသ၊ အမြင်အာရုံများ လန်းဆန်းတက်ကြွမှုကိုလည်း ပေးနိုင်တဲ့အရပ်ဒေသပါပဲ။ လမ်းပန်းဆက် သွယ်ရေးတွေကောင်းမွန်မှုကလည်း ခရီးသွားအပန်းဖြေသူတို့ အတွက် သက်သာမှုကို ဖြစ်စေပါတယ်။ အလုပ်တာဝန် ကိုယ်စီနဲ့ အလုပ်လုပ်နေကြရသူတွေ အားလပ်ရပ် စနေ၊ တနင်္ဂနွေနေ့ရက်တွေမှာ သွားရောက်လည်ပတ်လေ့ရှိကြတဲ့ နေရာဒေသတွေထဲက လည်ပတ်စရာ ကောင်း အနားယူအပန်းဖြေစရာ ကောင်းတဲ့ နေရာဒေသတစ်ခုပါ။
          တဒင်္ဂအမောတွေပြေစေဖို့ အတွက် ဒေသန္တရခရီးထွက်ြကသလို ဘ၀အမောတွေ ပြေစေဖို့အတွက် ဘာဝနာတရားတွေကို ဖက်ရမှာပါလားလို့ အတွေးတစ်ခု ၀င်ခဲ့မိတယ်။ တောင်တက်လမ်းမှာ လမ်းဘေး ၀ဲယာတွေကြည့်ရင်း နားလိုက် သွားလိုက် တစ်ဦးနဲ့ တစ်ဦးပြောလိုက် ဆိုလိုက် ရယ်မောလိုက်နဲ့ သွားလာ လှုပ်ရှားခဲ့တဲ့ ဒီရုပ်ခန္ဓာဟာ အိုခြင်းမှာပဲ အဆုံးသတ်ရမှာပါလား၊ ကျန်းမာရေးတွေ ဘယ်လောက်ပဲ ကောင်းကောင်း တစ်နေ့မှာ ရောဂါဘယတွေကို ခံစားရပြီး နာခြင်းမှာ အဆုံးသတ်ရမှာပါလား၊ အတိုင်း အတာတစ်ခုအတွင်း သတ်မှတ်ကာလအတွင်းသာ ပြေးလွှားရှင်သန်နေထိုင်ကြရပြီး တစ်နေ့နေ့ တစ်ချိန်ချိန် မှာ သူရောကိုယ်ပါ မရဏလက်သွင်း သက်ဆင်းကြမှာပါလား၊ ချစ်ခင်ပေါင်းသင်း ဆက်ဆံနေကြတဲ့ မိသားစု ဆွေမျိုး မိတ်သင်္ဂဟ၊ စီးပွားဥစ္စာတွေဟာလည်း ကွဲကွာခြင်း ခွဲခွါခြင်းမှာ နိဂုံးကမ္ပတ် အဆုံးသတ်ရမှာပါလား၊
နုနယ်ရုပ်ဆင်း လှပခြင်းကား အိုခြင်းနောက်ဆုံးရှိချေ၏၊
ရောဂါကင်းရှင်း ကျန်းမာခြင်းကား နာခြင်းနောက်ဆုံးရှိချေ၏၊
ဝိညာဉ်တင်းလင်း သက်ရှင်ခြင်းကား သေခြင်းနောက်ဆုံးရှိချေ၏၊
ချစ်ခင်ပေါင်းသင်း ဆက်ဆံခြင်းကား ကွေကွင်းနောက်ဆုံးရှိချေ၏၊ စသည်ဖြင့် အဘိဏှသုတ္တန်မှာ မြတ်ဗုဒ္ဓ ထုတ်ပြန်ခဲ့တဲ့ အမြဲဆင်ခြင်ရမယ့် တရားစကားလေးကလည်း သတိပေးနေသလို ခံစားခဲ့ရပြန်ပါတယ်။ တဒင်္ဂအမောတွေပြေအောင်လည်း သွားလာလှုပ်ရှား အပန်းဖြေနေကြရသလို ဘ၀အမောတွေပြေဖို့ အတွက်လည်း သာသနာလမင်း ထွန်းလင်းခိုက်မှာ အသိတရားတွေ ရင်ဝယ်ပိုက်ပြီး ဘာဝနာတရားတွေနဲ့ ပျော်မွေ့နိုင်အောင် ကျင့်ကြံကြိုးစားဖို့ အများကြီးလိုအပ်နေပါသေးလားဆိုတဲ့ တောင်ပေါ်တက် ဒဿန တစ်ခု အဲဒီနေ့က မထင်မှတ်ဘဲ တွင်ကျန်ရစ်ခဲ့ပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ။
          ၂၄. ၀၅. ၂၀၁၅ ရက်၊ စနေနေ့ညနေမှာ ကိုသက်ထွေးအောင် + မချောစု၊ ကိုဇော်ဇော်အောင် + မဖြူဖြူ မိသားစု ကိုသားကြီးတို့နဲ့အတူ Bramming မြို့ကနေ Bjerringbro မြို့ကို ကြွသွားခဲ့ပါတယ်။ (၂း ၀၀) နာရီကြာအောင် ကားနဲ့သွားခဲ့ရပါတယ်။ အဲဒီမြို့မှာနေထိုင်ကြတဲ့ ကိုမြင့်လွင် + မငုဝါမြင့် မိသားစု ပင့်ဖိတ်တဲ့အတွက် ရောက်ရှိခဲ့တာပါ။ ၂၅. ၀၅. ၂၀၁၅ ရက်၊ တနင်္ဂနွေနေ့မှာ အရုဏ်ဆွမ်း၊ နေ့ဆွမ်းတို့ကို စုပေါင်းပြီး ကပ်လှူကြပါတယ်။ မြန်မာ မိသားစုများ သိုက်သိုက်ဝန်းဝန်းနဲ့ ကပ်လှူကြတဲ့ စုပေါင်းအလှူ ဒါနပါ၊ ၀မ်းမြောက်ဖွယ် ကြည်နူးဖွယ် ကောင်းတဲ့ အလှူပါပဲ။ နေ့ဆွမ်းဆက်ကပ် လှူဒါန်းပြီးနောက် သီလဆောက် တည်ပြီး၊ ပရိတ် တရားတော်များကို အတူတကွ နာယူကြပါတယ်၊ လှူဒါန်းမှုအစုစုတို့အတွက် ရေစက် သွန်းချ အမျှအတန်း မပေးဝေခင်  အနုမောဒနာ တရားစကား ဟောပြောခဲ့ပါတယ်။
          ဘ၀မှာ တိုးတက်ချင်တယ်၊ ကြီးပွားချင်တယ်၊ ဘ၀သံရာမှာ ချမ်းသာချင်ကြတယ်၊ မဂ်ဖိုလ် နိဗ္ဗာန်ချမ်းသာကိုလည်း မျက်မှောက်ပြုချင်ကြတယ်ဆိုရင် မည်သူမဆို လိုက်နာကျင့်သုံးရမယ့် အင်္ဂါရပ်တွေ ရှိပါတယ်၊ အဲဒီ အင်္ဂါရပ်တွေထဲက ပထမဆုံးအင်္ဂါရပ်ဟာ အများသိထားကြပြီးဖြစ်တဲ့ မကောင်းမှု ရှောင်၊ ကောင်းမှုဆောင်၊ ဖြူအောင်စိတ်ကိုထား ဆိုတဲ့စကားပါပဲ၊ ဒီစကားဟာလည်း ဗုဒ္ဓညွှန်ပြခဲ့တဲ့ မြတ်ဓမ္မတွေ ထဲက အဆိုအမိန့် အင်္ဂါရပ်ပါပဲ၊ ဒီအဆိုအမိန့် အင်္ဂါရပ်အတိုင်း မကောင်းမှု ဒုစရိုက် အမှုတွေကို မပြုလုပ် ဖြစ်အောင်၊ အကယ်၍ မလွှဲသာလို့ ပြုလုပ်ဖြစ်ခဲ့မယ်ဆိုရင်လည်း နောက်နောင်ဒါမျိုး မပြုလုပ်ဖြစ်အောင် တတ်နိုင်သမျှ ရှောင်ကြဉ်ကြရပါမယ်၊ ကောင်းမြတ်တဲ့ လုပ်ငန်းမှန်သမျှကို တတ်နိုင်တဲ့ဘက်မှ ပါဝင်ကူညီ ဆောင်ရွက်ကြရမှာဖြစ်သလို အမြဲတမ်းလည်း ပါဝင်ဆောင်ရွက်နိုင်အောင် ကြိုးစားကြရပါမယ်၊ ဒါ့ကြောင့် လည်း ပညာရှင်များက ကောင်းမှုမြတ်နိုး ကောင်းအောင်ကြိုး၍ ကောင်းကျိုးကိုယ်၌ တည်စေမင်း လို့ မိန့်ဆိုထားခဲ့ကြတာပါ။  နောက်ပြီး ဖြူစင်တဲ့ စိတ်ထား၊ ဖြောင်မှန်တဲ့ စိတ်ထားတွေ ဖြစ်ပေါ်နေရပါမယ်တဲ့၊ ဖြူစင်မြင့်မြတ်တဲ့ စိတ်ထားတွေ မိမိသန္တာန်မှာ ကိန်းဝပ်နေရမယ်လို့ဆိုလိုတာပါ၊ မကိန်းဝပ်သေးသမျှ ငြိမ်းချမ်းမှုကို ပန်းတိုင်နဲ့ အလှမ်းကွာနေကြမှာပါ၊ သို့အတွက် တစ်နေ့ထက်တစ်နေ့၊ တစ်ရက်ထက်တစ်ရက်၊ တစ်လထက် တစ်လ စသည်ဖြင့် စိတ်နေစိတ်ထားတွေ ဖြူစင်အောင်၊ သန့်ရှင်းအောင် ကြိုးစားနေကြ ရမှာပါပဲ။
ဒုတိယအင်္ဂါရပ်အနေနဲ့က ပြောပြုတွေးလျှင် သတိယှဉ် ဆင်ခြင်ဥာဏ်ရှေ့သွား ဆိုတဲ့ အဆိုအမိန့်ပါ၊ ကံသုံးပါးလုံးနဲ့ သက်ဆိုင်နေပါတယ်၊ ကာယကံမြောက် ပြုမူမယ့်အရာမှန်သမျှ၊ ၀စီကံမြောက် ပြောဆိုမယ့် အရာမှန်သမျှနဲ့ မနောကံမြောက် ကြံစီမယ့်အရာမှန်သမျှတွေမှာ သတိတရားထားပြီး ပြုမူ ပြောဆို ကြံစီသင့် ပါတယ်။ ဖြစ်ပေါ်လာတဲ့ ပြဿနာမှန်သမျှဟာ ကံသုံးပါးကို မစောင့်စည်းနိုင်လို့ ဖြစ်ပေါ်လာတဲ့အတွက် ကြောင့် သတိတရားဟာ အရာရာတိုင်းမှာ အလိုအပ်ဆုံးသောအရာလည်းဖြစ်ပါတယ်၊ မြတ်စွာဘုရားရှင် ကိုယ်တော်တိုင်လည်း (အပ္ပမာဒေန ဘိက္ခဝေ သမ္ပာဒေထ) မမေ့မလျော့သော သတိတရားနဲ့ ပြည့်စုံကြဖို့ ဆွမ်းခံပြန်လာတိုင်း မိန့်ကြားခဲ့သလို နောက်ဆုံး ပရိနိဗ္ဗာန် ၀င်စံခါနီးဆဲဆဲမှာလည်း ဘယ်အရာမှ လောကမှာမြဲတယ်ဆိုတာမရှိဘဲ၊ ဖြစ်လာသမျှ ရလာသမျှ  အရာအားလုံးဟာ တစ်နည်းနည်းနဲ့ ပျက်စီးကြ မှာပဲ၊ ပျက်စီးခြင်းမှာပဲ အဆုံးသတ်ကြရမှာဖြစ်လို့ သတိတရားလက်ကိုင်ထားပြီး နေထိုင်ကြဖို့ မိန့်မှာတော်မူ ခဲ့ပါတယ်။ သတိတရားနှင့်အတူ ဥာဏ်ပညာပါ ရှေ့ကကူပြီး ပြုမူမယ်၊ ပြောဆိုမယ်၊ ကြံစီမယ်ဆိုရင်တော့ အမှားနည်း အမှားကင်းပြီး ပစ္စုပ္ပန်မှာလည်း ကောင်းကျိုးချမ်းသာကို ခံစားရမှာဖြစ်သလို နိဗ္ဗာန်ချမ်းသာကို လည်း ဧကန်မုချ ရရှိကြမှာဖြစ်ပါတယ်။
တတိယအင်္ဂါရပ်အနေနဲ့ စိတ်ထားဖြောင့်မှန် ခွင့်လွှတ်ရန် သည်းခံမေတ္တာထား ဆိုတဲ့ အချက်ပါ။ လုပ်ငန်းကိစ္စ တစ်ခုကို ဆောင်ရွက်တဲ့အခါမှာ စိတ်နေစိတ်ထားတွေ ဖြောင့်မှန်ရမယ်၊ တည်မတ်ရမယ်တဲ့၊ ဒါ့အပြင် လူတိုင်းအပေါ်မှာ အတိုင်းအတာ တစ်ခုအထိ ခွင့်လွှတ်နိုင်မှု အနစ်နာခံ သည်းခံတတ်မှုနဲ့ မေတ္တာ တရားတို့ကိုလည်း ထားရပါမယ်တဲ့။ လူတိုင်းအပေါ်မှာ မထားနိုင်သေးရင်တောင်မှ မိမိနဲ့ အတူတူ လုပ်ကိုင်ဆောင်ရွက်နေကြတဲ့ သူတွေရဲ့ အပေါ်မှာ၊ မိမိပတ်ဝန်းကျင်အပေါ်မှာ ထားနိုင်အောင်တော့ ကြိုးစားကြရပါမယ်။ ဒီထက်ပိုပြီး အများရဲ့ အပေါ်မှာ ထားနိုင်ရင်တော့ အကောင်းဆုံးပါပဲ။ (ပုထုဇဉ်တို့ သဘာဝ အရာအားလုံးရဲ့ အပေါ်မှာ မေတ္တာ စသည် ထားနိုင်ဖို့ဆိုတာ လွယ်ကူတဲ့အရာမှ မဟုတ်ဘဲလို့ ဆင်ခြင်မိတဲ့အတွက် တတ်နိုင်သမျှ မေတ္တာ ထားနိုင်ဖို့ကိုတော့ ကြိုးစားနေကြရအုံးမှာပါ။)
စတုတ္ထ အင်္ဂါရပ်ကတော့ လုံလနှင့်ဇွဲ  မလျှော့ဘဲ အမြဲတင်းတင်းထား တဲ့ ဒီစကားဟာ တိုးတက်ချင် တဲ့သူ၊ ကြီးပွားချမ်းသာချင်တဲ့ သူတွေအတွက် အကောင်းဘက်ကို ရည်ရွယ်ပြီး သူတော်ကောင်းတွေရဲ့ မြှင့်တင်ပေးတဲ့ စကား၊ အားဖြစ်စေတဲ့ စကားပါ။ (မကောင်းတဲ့ဘက်မှာ လုံ့လ၀ီရိယနဲ့ ဇွဲသတ္တိ ရှိဖို့ရန် ညွှန်ပြသည့် တိုက်တွန်းသည့် စကားမျိုးကိုတော့ သူတော်ကောင်းတွေဟာ အမြဲတမ်းရှောင်ကြဉ်လေ့ရှိပါ တယ်။) စီးပွားဥစ္စာ ရှာဖွေရာမှာပဲဖြစ်စေ၊ ပညာ သင်ယူလေ့လာနေတဲ့ အခါမှာပဲဖြစ်စေ၊ တရားဓမ္မကို ကြိုးစားအားထုတ်နေတဲ့ အခါမှာပဲ ဖြစ်စေ၊ ကောင်းမြတ်တဲ့ လုပ်ငန်းမှန်သမျှ လုပ်ကိုင်ဆောင်ရွက်တဲ့အခါမှာ လုံ့လ၀ီရိယ နဲ့ ဇွဲသတ္တိတို့ မလျှော့ဘဲ ကြိုးစားကြဖို့ လိုအပ်ပါတယ်။ ဒါကိုပဲ မြန်မာ့ဆိုရိုးစကားမှာ ငုပ်မိသဲတိုင် တက်နိုင်ဖျားရောက် လို့ တင်စားသုံးနှုန်းထားခဲ့ခြင်းဖြစ်ပါတယ်။ လုံ့လ၀ီရိယ ဇွဲသတ္တိတို့နဲ့အတူ သတိ ဥာဏ်ပညာတွေပါ ဖြည့်ဆည်း ကူညီပြီး ကြိုးစားကြမယ်ဆိုရင် အတိုင်းထက်အလွန် တံခွန်နဲ့ ကုက္ကား ဆိုသလို ရည်မှန်း ချက်ပန်းတိုင်ကို လှမ်းကိုင်နိုင်ကြမှာပါ မလွဲဧကန်ပါပဲ။
နောက်ဆုံး ပဉ္စမ အင်္ဂါရပ်ကတော့ အရာရာတွင် အသုံးဝင် အောင်မြင်ကြောင်းတရား တဲ့ ဆိုခဲ့ပြီးတဲ့ အင်္ဂါရပ်တွေနဲ့ ပြည့်စုံကြမယ်၊ ကြိုးစားကျင့်ကြံကြမယ်ဆိုရင် အရာရာအာလုံးဟာ ဆုတ်ယုတ်မှု မဖြစ်စေဘဲ တိုးတက်ကြီးပွားဖို့ အောင်မြင်နိုင်ဖို့ကိုပဲ ဖြစ်စေမှာပါဆိုတာကို လက်ခံယုံကြည်ပြီး ကြိုးစားကျင့်ကြံ လိုက်နာ နိုင်ကြတဲ့ သူတော်ကောင်းများ ဖြစ်နိုင်ကြပါစေ။
(ကားဖြင့်လိုက်ပါပို့ဆောင်ပေးကြတဲ့ မိသားစုများနဲ့ အလှူရှင်မိသားစုများ အားလုံးကို ကျေးဇူးအထူးတင်လျက်ပါ။)
ရွှင်လန်းချမ်းမြေ့ကြပါစေ။
လူတိုင်းကိုယ်စီ သူ့တာဝန် ကိုယ့်တာဝန်ဆိုပြီး အသီးသီးရှိကြသလို ၀တ္တရားလည်း အသီးသီး ကိုယ်စီရှိကြ ပါတယ်။ တာဝန်ကျေမှ စိတ်အေးချမ်းမှုကိုရနိုင်သလို ၀တ္တရားတွေ ကျေပွန်မှလည်း နောင်တတစ်ဖန် ပူပန်မှုတွေ ကင်းဝေးပြီး ငြိမ်းချမ်းမှုကို ရနိုင်ပါလိမ့်မယ်။ စီးပွားရေးသမားက စီးပွားရေးတိုးတက်ဖို့အတွက် စီးပွားရေး ကြီးပွားရေးတာဝန်တွေကို ထမ်းဆောင်နေရသလို၊ ပညာရေးသမားကလည်း ပညာရေးတိုးတက် အောင်မြင်အောင် ပညာရေးတာဝန်ကို ကြိုးပမ်းထမ်းဆောင်နေကြရပါတယ် စသည်ဖြင့် နယ်ပယ်အသီးသီး ကဏ္ဍအသီးသီးမှာ သူ့အလွှာနဲ့သူ တာဝန်တွေ ထမ်းဆောင်နေကြရပါတယ်။ မိမိဆောင်ရွက်တဲ့ပေါ်မှာ မူတည်ပြီး တိုးတက်မှု ဆုတ်ယုတ်မှုတွေ ဖြစ်လာကြတာပါ၊ တာဝန်ကျေသူဟာ တိုးတက်မှု ချီးကျူးမှု ဂုဏ်ပြုမှုကို ရရှိနိုင်ပြီး၊ တာဝန်လစ်ဟင်းသူ မကျေပွန်သူကတော့ ဆုတ်ယုတ်မှု အပြောအဆိုခံရမှု စသည်တို့ကို ခံစားရမှာဖြစ်ပါတယ်။
          ကြီးပွားတိုးတက်နေကြတဲ့ တိုင်းပြည်တွေကို ကြည့်ရင် သူ့တာဝန် ကိုယ့်တာဝန် အသီးသီးကျေပွန် စွာ ထမ်းဆောင်နေကြတာကို တွေ့ရပါလိမ့်မယ်။ လုပ်ငန်းရှင်ကလည်း လုပ်ငန်းရှင်ဘက်က တာဝန်ကျေပွန် သလို လုပ်ကိုင်ဆောင်ရွက်ပေးသူဘက်ကလည်း သူလုပ်ဆောင်ပေးရမယ့် တာဝန်ကို အသီးသီး တာဝန် ကျေကြပါတယ်။ အထက်အောက် လိုက်လျောညီထွေ ရှိတဲ့သဘောကို တွေ့မြင်ရပါလိမ့်မယ်။ သို့အတွက် ကြောင့် ချမ်းသာတဲ့နိုင်ငံ တိုးတက်တဲ့နိုင်ငံတွေဟာ ချမ်းသာပြီးရင်း ချမ်းသာ၊ တိုးတက်ပြီးရင်း တိုးတက်နေ ကြတာပါ။ (နိုင်ငံတစ်နိုင်ငံရဲ့ ဥပဒေ စိုးမိုးမှုပေါ် လိုက်နာကျင့်သုံးခြင်းဟာလည်း တိုးတက်ခြင်း၊ ကြီးပွားခြင်းရဲ့ ကောင်းမြတ်တဲ့ လက္ခဏာတစ်ရပ်ပါပဲ။)
          ဒါဆိုရင် ဆင်းရဲနေကြတဲ့ တိုင်းပြည် ဆင်းရဲနေကြတဲ့ နိုင်ငံတွေဟာ ဘာကြောင့် ဆင်းရဲနေကြ တာလဲ၊ ဆင်းရဲတွင်း နက်သထက် နက်နေကြတာလဲဆိုတာ အလိုလို အဖြေပေါ်ပြီးသား ဖြစ်နေပါတယ်။ သူ့ဘက် ကိုယ့်ဘက် တာဝန်တွေ မကျေပွန်ကြလို့ပဲလို့ ထင်မြင်မိပါတယ်။ (တစ်နည်းအားဖြင့် အဲဒီနိုင်ငံရဲ့ ဥပဒေ စိုးမိုးမှု အားနည်းနေလို့ပါပဲ။) တရားသဘောနဲ့ ကြည့်ရင် မေတ္တာတရားတွေ ခေါင်းပါးကြပြီး ၀ိသမ လောဘတွေ လွှမ်းမိုးနေကြလို့ပါ၊ ပြီးတော့ အတ္တ၀ါဒကို အခြေခံထားလို့ပါ။ အတ္တ၀ါဒကို အခြေခံထားသမျှ၊ မေတ္တာတရား ခေါင်းပါးနေသမျှ ဘယ်တိုင်းပြည်၊ ဘယ်နိုင်ငံ၊ ဘယ်ဘာသာ၊ ဘယ်အဖွဲ့အစည်းမှ တိုးတက် နိုင်မှာ မဟုတ်ပါ။ ဒါဆိုရင် တိုးတက်ကြီးပွားဖို့ အတွက် မေတ္တာတရား အခြေခံထားပြီး ဆောင်ရွက် ကြရမှာ ဖြစ်ပါတယ်။
          ကိုယ်ကျင့်သီလအနေနဲ့လည်း သီလကို တာဝန်နဲ့ ၀တ္တရားဆိုပြီး နှစ်မျိုးခွဲခြားမယ်ဆိုရင် ရနိုင်ပါ တယ်။ ၀ါရိတ္တ သီလနှင့် စာရိတ္တ သီလပါ။ ၀ါရိတ္တသီလဟာ တာဝန်ပိုင်းနဲ့သက်ဆိုင်ပြီး၊ စာရိတ္တသီလကတော့ ၀တ္တရားပိုင်းနဲ့ သက်ဆိုင်တယ်လို့ ဆိုရမှာပါ။ ၀ါရိတ္တရဲ့ အဓိပ္ပါယ်ဟာ တားမြစ်ထားတာပါ၊ တားမြစ်ထား တဲ့အတွက် တာဝန် တစ်ခုအနေနဲ့ မဖြစ်မနေ လိုက်နာကျင့်သုံးရမှာပါ။ မကျင့်သုံးဘဲ နေလို့မဖြစ်ပါ။ ဥပမာ ငါးပါးသီလဟာ တာဝန်တစ်ရပ်အနေနဲ့ လိုက်နာကျင့်သုံးရမယ့် သီလပါ၊ မကျင့်သုံးဘဲ မလိုက်နာဘဲ နေလို့ မဖြစ်တဲ့သီလပါ၊ လိုက်နာနိုင်ရင် လိုက်နာနိုင်သလောက် ချမ်းသာမှုကို ဖြစ်စေပြီး၊ မကျင့်သုံး မလိုက်နာ ရင်တော့ ဆင်းရဲမှုကို မလွဲဧကန် ခံစားရမှာဖြစ်ပါတယ်။ ပုဂ္ဂိုလ်မရွေး ဘာသာမရွေး အားလုံး လိုက်နာ ကျင့်သုံးကြရမှာပါ။
          စာရိတ္တရဲ့ အဓိပ္ပါယ်ဟာ ဖြည့်ကျင့်ခြင်းပါ၊ ဖြည့်ကျင့်နိုင်ရင် ဖြည်ကျင့်နိုင်သလောက် အကျိုးများတဲ့ သီလပါ။ ၀တ္တရားပိုင်းနဲ့ သက်ဆိုင်တဲ့ သီလမျိုးပါ၊ ဥပမာ ရှစ်ပါးသီလ၊ ကိုးပါးသီလတို့တွင် ၀ိကာလ ဘောဇန၊ နစ္စ ဂီတ စတဲ့ ငါးပါးသီလရဲ့ နောက်ပိုင်းသိက္ခာပုဒ်တွေကို စောင့်ထိန်းတဲ့ သီလပါ၊ စောင့်ထိန်းနိုင် ရင် စောင့်ထိန်းနိုင် သလောက်အကျိုးကျေးဇူးများသလို၊ မစောင့်ထိန်းနိုင်လို့ မစောင့်ထိန်းဘဲ နေမယ်ဆိုရင် နေနိုင်တဲ့ သဘောရှိပါတယ်၊ သူတော်စင်တွေ ကျင့်သုံးတဲ့သီလပါ။ ၀ါရိတ္တသီလကတော့ မည်သူမဆို မဖြစ် မနေလိုက်နာရမှာ ဖြစ်လို့ တာဝန်နဲ့သက်ဆိုင်ပြီး၊ စာရိတ္တသီလကတော့ လိုက်နာလိုသူ ဖြည့်ကျင့်လိုသူ၊ အထက်တန်းကို တက်လှမ်းလိုသူတို့အတွက် ကျင့်သုံးကြတာဖြစ်လို့ ၀တ္တရားနဲ့ သက်ဆိုင်ပါတယ်။
          ဒါကြောင့် ကောင်းကျိုးချမ်းသာကို လိုလားကြသူ အထက်တန်းကို တက်လှမ်းလိုသူတွေဟာ ၀ါရိတ္တသီလလို့ ဆိုတဲ့ တာဝန်တွေကို မဖြစ်မနေ လိုက်နာကြမယ်၊ စာရိတ္တသီလလို့ဆိုတဲ့ ၀တ္တရားတွေကို ဖြည့်ကျင့်ကြမယ် (တာဝန်နဲ့ ၀တ္တရားတွေ ကျေပွန်ကြမယ်) ဆိုရင် မိမိတို့မျှော်မှန်းတဲ့ ချမ်းသာစစ်၊ ချမ်းသာ မှန်ကို မလွဲဧကန်ရရှိကြမှာဖြစ်ပါတယ်။
ရွှင်လန်းဝမ်းမြောက်နိုင်ကြပါစေ။
၁၁. ၃. ၂၀၁၅ ရက်နေ့က စာရေးသူတို့ နေထိုင်တဲ့ ကျေးလက်တောရွာလေးမှာ မိသားစု အလှူတစ်ခု ကျင်းပပြုလုပ်ဖြစ်ခဲ့ပါတယ်။ ညီအငယ်ကို ရဟန်းခံ၊ တူနှစ်ဦးကို ရှင်သာမဏေပြု၊ တူမနှစ်ဦးကို နားသ မင်္ဂလာပြုခြင်းဆိုတဲ့ ရဟန်းခံ၊ ရှင်ပြု၊ နားသ အလှူမင်္ဂလာပါ။ ကျေးလက်နေ ဆွေမျိုးမိတ်သင်္ဂဟများရဲ့ ၀ိုင်းဝန်းကူညီအားပေးမှုနဲ့ အတူ အလှူပွဲလေး စည်စည်ကားကား ပြီးမြောက်အောင်မြင်ခဲ့ပါတယ်။
          မိဘနှစ်ပါး စုံစုံလင်လင်နဲ့ လှူဒါန်းခွင့်ရတဲ့အတွက်လည်း ညီအစ်ကို မောင်နှမများအနေနဲ့ ၀မ်းသာ ကြည်နူးခဲ့ရပါတယ်။ အမေ၊ အဖေတို့ရဲ့ ၀မ်းသာနေကြတဲ့ပုံ၊ ဆွေမျိုး မိတ်သင်္ဂဟများ သိုက်သိုက်ဝန်းဝန်း လာရောက်နေကြတဲ့ပုံ၊ ကျွေးမွေးဧည့်ခံနေကြတဲ့ပုံ၊ မမော မပန်းနိုင် ဝေယျာဝစ္စ ဆောင်ရွက်နေကြတဲ့ပုံ စသည် စသည်တို့ကို တွေ့မြင်ရတဲ့အတွက်လည်း အလှူရှင်မိသားစုတို့ရဲ့ စိတ်နှလုံးမှာ ပီတိတွေဖုံးခဲ့ကြ ပါတယ်။
          တစ်နည်းအားဖြင့် ဒီနေ့ဟာ မိဘနှစ်ပါးရဲ့ မြှော်လင့်ထားခဲ့ကြတဲ့ ဆန္ဒတွေပြည့်ဝတဲ့နေ့ပါပဲ၊ ချမ်းသာ သည်ဖြစ်စေ၊ ဆင်းရဲသည်ဖြစ်စေ သားယောက်ျားလေး မွေးဖွားလာတဲ့အခါ ဗုဒ္ဓဘာသာ မိဘတိုင်းရဲ့ ရင်ထဲ မှာ ဆန္ဒတစ်ခု ဖြစ်ပေါ်လာခဲ့ပါတယ်။ အဲဒီဆန္ဒက သားငယ်လေး  အရွယ်ရောက်လာရင် သာသနာ့ဘောင် သွတ်သွင်းပြီး ရှင်ပြုမင်္ဂလာ ပြုလုပ်ပေးရတော့မယ်ဆိုတဲ့ အသိတွေ ဆန္ဒတွေပါပဲ။ ဖြစ်ပေါ်လာခဲ့တဲ့ ဆန္ဒ အတိုင်း အရွယ်ရောက်လာတဲ့အခါ ရှင်သာမဏေပြုပေးခြင်း ကုသိုလ်မင်္ဂလာကို ပြုလုပ်ဖြစ်ခဲ့ကြပါတယ်။ ပြုလုပ်ဖြစ်ခဲ့ကြတဲ့အတွက်လည်း အဲဒီနေ့ဟာ မိဘနှစ်ပါးတို့ရဲ့ အနှစ်နှစ်အလလက ဖြစ်ပေါ်ခဲ့တဲ့ မျှော်လင့် ချက် ဆန္ဒတွေ ပြည့်ဝတဲ့နေ့လို့ ဆိုရခြင်းဖြစ်ပါတယ်။
          ဒီလိုလှူဒါန်းနိုင်ခွင့် ရဖို့ဆိုတာ၊ တစ်နည်းအားဖြင့် ရှင့်ဒကာ၊ ရှင်ဒကာမအဖြစ် ခံယူနိုင်ဖို့ဆိုတာ မလွယ်ကူလှပါဘူး၊ အလွန်ပဲ ခဲယဉ်းလှပါတယ်။ မလွယ်ကူကြောင်း၊ ခဲယဉ်းလှကြောင်းနဲ့ ပတ်သက်ကြီး မိထွေးတော် ဂေါတမီက မြတ်စွာဘုရားကို လျှောက်ထားခဲ့တဲ့ စကားကို ကြည့်ခြင်းအားဖြင့် သိရှိနိုင်ပါတယ်။ တစ်နေ့သောအခါမှာ မိထွေးတော် ဂေါတမီက မြတ်စွာဘုရားထံချဉ်းကပ်ပြီး ရညော မာတာ မဟေသီတိ သုလဘံ နာမ မိတ္ထိနံ စသောဂါထာဖြင့် လျှောက်ထားခဲ့ပါတယ်၊ အဓိပ္ပါယ်က အရှင်ဘုရား တပည့်တော်တို့ မိန်းမသားတွေဘ၀မှာ ရှင်ဘုရင်မယ်တော်၊ စကြ၀တေးမင်းရဲ့ မယ်တော်စသည်ဖြစ်ဖို့ရန် လွယ်ကူပါတယ် ဘုရား၊ ဘ၀သံသရာ တစ်လျှောက်လုံးမှာလည်း ဖြစ်ခဲ့ရတဲ့ ဘ၀တွေဟာ မရေမတွက်နိုင်အောင်ပဲ ဖြစ်ခဲ့ရပါ တယ်ဘုရား၊ ဒါပေမယ့် ဘုရားရှင်ရဲ့ မယ်တော်၊ ရဟန်းတော်တို့ရဲ့ မယ်တော်၊ ရှင်သာမဏေတို့ရဲ့ မယ်တော် ဖြစ်ခဲ့ရတာဟာ ပါရမီဖြည့်ခဲ့တဲ့ ဘ၀တစ်လျှောက်လုံးမှာ ပြန်ရေတွက်ကြည့်ရင် ဒီဘ၀နဲ့ ပေါင်းပါမှ သုံးဘ၀ပဲ ဖြစ်ခဲ့ရပါတယ်တဲ့။ ဘုရား ပစ္စေကဗုဒ္ဓါ စတဲ့ သူတော်ကောင်းတို့ရဲ့ မယ်တော်ဖြစ်ဖို့ရန် အင်မတန် ခဲယဉ်း လှပါတယ်ဘုရားလို့ သူ့ရဲ့ အတွေး ပုံရိပ်တွေကို လျှောက်ထားခဲ့ပါတယ်။
          ဒီနေရာမှာ ရှင်ဘုရင်ရဲ့ မယ်တော်ဖြစ်ကြတဲ့ သူတွေဟာ အရာရာပြည့်စုံနေတဲ့ အထက်တန်းလွှာ စာရင်းထဲမှာ ပါဝင်နေတဲ့သူတွေပါ၊ အာဏာပါဝါကလည်း ပြည့်စုံ၊ စည်းစိမ်ကလည်း ပြည့်စုံနေတဲ့အတွက် မာန်မာန၊ ထောင်လွှားမှုတွေ၊ ပြိုင်ဆိုင်မှုတွေနဲ့ များသောအားဖြင့် ခြံရံပြီးနေကြမှာပါ။ ရှင်သာဏေတို့ရဲ့ မယ်တော်၊ ရဟန်းတော်တို့ရဲ့ မယ်တော်များမှာတော့ သားရတနာကို အမှီပြုပြီး မာန်မာနတွေ မခြံရံဘဲ ကုသိုလ်တရားတွေသာ ခြံရံနေကြမှာပါ။ ဆွမ်းခဲဖွယ်ဘောဇဉ်တွေ သွားရောက်လှူဒါန်းနဲ့ နေ့စဉ် သားရတနာကို အမှီပြုပြီး ကုသိုလ်တရားတွေ တိုးပွားနေတဲ့အတွက် ကောင်းကျိုးချမ်းသာတွေကိုသာ အမြဲ ခံစားစံစားနေကြရမှာပါ။ ဘာမှ မာန်မာန၊ အာဃာတတွေ၊ ထောင်လွှားမှုတွေ မပါဘဲ၊ မခြံရံဘဲ ကုသိုလ် တရားတွေသာ ခြံရံနေတဲ့အတွက် ဗုဒ္ဓဘာသာ မိဘတို့အဖို့ ဂုဏ်ယူသင့် ၀မ်းမြောက်သင့်သော ဆန္ဒ ပြည့်ဝခဲ့တဲ့ မြတ်ကုသိုလ်အဖြစ် မှတ်တမ်းတင်အပ်ပါတယ်။
ရွှင်လန်းဝမ်းမြောက်နိုင်ကြပါစေ။
My Photo Album
Labels
article (38) home (2) photo (2) video (1)
Myspace Clocks, Flowers Clocks at WishAFriend.com
Get the Twitter Widget widget and many other great free widgets at Widgetbox! Not seeing a widget? (More info)
Labels